ကွန်ရက်ချဲ့ထွင်ရန် အမေရိကန်ဒေါ်လာသန်း ၃၀၀ ချေးငွေ အူရီဒူးမြန်မာ ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အူရီဒူးမြန်မာ၏ မိုဘိုင်း တယ်လီဖုန်းကွန်ရက် တိုးချဲ့မည့် အစီအစဉ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)နှင့် ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ) တို့က အူရီဒူးကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးငွေပေးအပ်မည်ဟု ယနေ့ ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးနေသည့် အူရီဒူးမြန်မာသည် ၎င်း၏ လက်ရှိ အခြေခံ အဆောက်အအုံ ကွန်ရက်များကို အခြေမခံသော တတိယမျိုးဆက် အဆင့်မြင့်နည်းပညာအသုံးပြု မိုဘိုင်းတယ်လီဖုန်းကွန်ရက်ကို နိုင်ငံအနှံ့ ဖြန့်ကျက်မည့် အစီအစဉ်အတွက် အဆိုပါ အဖွဲ့အစည်းနှစ်ခုထံမှ ဒေါ်လာသန်း ၁၅၀ စီကို အူရီဒူးက ရရှိမည်ဖြစ်သည်။

“မြန်မာနိုင်ငံတွင်း အေဒီဘီရဲ့ ပုဂ္ဂလိကဏ္ဍ ရင်းနှီးမြှုပ်မှုအပိုင်းမှာ လက်ရှိ အများဆုံး ပမာဏတစ်ခုဖြစ်တဲ့ ဒီချေးငွေအနေနဲ့ မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုတွေကို တစ်ခါမှ မရရှိသေးတဲ့ သန်းပေါင်းများစွာသောသူတွေ အပါအဝင် လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ကို ချိတ်ဆက်နိုင်ဖို့ မြန်မာအစိုးရရဲ့ ရည်မှန်းချက် ပြည့်ဝစေဖို့ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်” ဟု အေဒီဘီ၏ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းများဆိုင်ရာဌာန ညွှန်ကြားရေးမှုး Christopher Thieme က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားသည်။

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုမှာ ၂၀၁၃ ခုနှစ်တွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

“ဒေသခံတွေအတွက် တိုက်ရိုက်နဲ့သွယ်ဝိုက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးအပ်နိုင်မှုအပြင် အိုရီဒူးရဲ့ ဒီနိုင်ငံအနှံ့ ကျယ်ပြန့်မယ့် တယ်လီကွန်း ကွန်ရက်ဟာ အဆင့်မြင့် ဆက်သွယ်ရေး နည်းပညာတွေကို အသုံးချပြီး လူတွေအချင်းချင်း ပိုမိုချိတ်ဆက်ဆက်သွယ်ဖို့နဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာလည်း လွယ်ကူစေမှာ ဖြစ်ပါတယ်” ဟု အိုင်အက်ဖ်စီ၏ ဌာနကိုယ်စားလှယ် Vikram Kumar က ပြောကြားသည်။

အူရီဒူးမြန်မာ၏ ကွန်ရက်တိုးချဲ့မှုများကို ၂၀၁၉  ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း- ဆန်းဦး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar