ကွန်တိန်နာယာဉ်များ ပိတ်ဆို့မှု ဖြေရှင်းရန် တိုင်းအစိုးရက အရေးပေါ်အစည်းအဝေး ခေါ်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့လမ်းမများပေါ် ကွန်တိန်နာယာဉ်များအား နေ့အချိန် ဖြတ်သန်းခွင့် ပိတ်ပင်သည့်အစီအစဉ် စတင်ကျင့်သုံးမှုကြောင့် ကြည့်မြင်တိုင်ကမ်းနားလမ်းတွင် ယနေ့နံနက်ပိုင်းက ယာဉ်စီးရေထောင်နှင့်ချီကာ ပိတ်ဆို့ခဲ့မှုကိုဖြေရှင်းရန် အရေးပေါ်အစည်းအဝေး ခေါ်ယူထားကြောင်း အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့၏အဓိကလမ်းမများပေါ်တွင် ကွန်တိန်နာနှင့် ကုန်တင်ယာဉ်ကြီးများကို ည ၉ နာရီမှ နံနက် ၆ နာရီအတွင်းသာ မောင်းနှင်ခွင့်ပြုမည့်အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် စတင် ကျင့်သုံးစေခဲ့ခြင်း ဖြစ်သည်။ အဆိုပါအစီအစဉ်၏ အကျိုးဆက်အဖြစ် ရာနှင့်ချီသော ကွန်တိန်နာယာဉ်နှင့် ကုန်တင်ယာဉ်များသည် သတ်မှတ်ချိန် ကျော်လွန်သွားသည့် နောက်ပိုင်း ဆက်လက်သွားလာခွင့်မရှိတော့ပဲ လမ်းမများပေါ်တွင် ရပ်တန့်နေခဲ့ခြင်းကြောင့် လမ်းများ ပိတ်ဆို့သွားကာ ခရီးသည်တင်နှင့် အခြားယာဉ်များ ထောင်နှင့်ချီပြီး ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

“နောက်နေ့တွေမှာ ဒါမျိုးမဖြစ်အောင် ကွန်တိန်နာအသင်းတွေ၊ ဆိပ်ကမ်းက တာဝန်ရှိသူတွေနဲ့ အစည်းအဝေး လုပ်မယ်။ အရင်ကလဲ ပြောထားတာတွေ ရှိပါတယ်။ အခုကပိုပြီး အချိတ်အဆက်မိအောင် ဆွေးနွေးကြမယ့် သဘောပါ”ဟု အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးသန်းမြင့်က ပြောသည်။

“ကျွန်တော်တို့ကို ညဘက်ပဲ မောင်းခွင့်ပေးတယ်ဆိုတော့ ညဘက်ကလဲ ငါးဈေးတို့ သိရီမင်္ဂလာဈေးတို့က ကားတွေရှုပ်တဲ့အချိန် ဖြစ်နေတယ်။ တချို့ဆိပ်ကမ်းတွေကလဲ ညဘက်ပိတ်ကြတာတွေရှိတော့ အဆင်မပြေတာတွေ အများကြီးရှိတယ်”ဟု ကွန်တိန်နာယာဉ်မောင်း ဦးဖိုးကျော်ကပြောသည်။

ကွန်တိန်နာယာဉ်မောင်းများ၏အဆိုအရ ယာဉ်ကြောပိတ်ဆို့မှုသည် နံနက်၂ နာရီခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ ယာဉ်ကျောပိတ်ဆို့မှု အများဆုံးဖြစ်သော ရုံးတက်ချိန် နံနက် ၆ နာရီခန့်တွင် အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည်။

အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အဆိုအရ ယာဉ်ကြော ပိတ်ဆို့မှုကိ နံနက် ၆ နာရီခန့်က စတင်ရှင်းလင်းခဲ့ရာ ငါးနာရီခန့်အကြာ နံနက် ၁၁ နာရီခန့်တွင် ပုံမှန်အခြေအနေသို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။

အဆိုပါပြဿနာနှင့်ပတ်သက်ပြီး ကွန်တိန်နာအသင်းမှ ခေါင်းဆောင်များ အစည်းအဝေးသွားရောက်နေကြောင်းနှင့် လတ်တလောတွင် တစ်စုံတရာ ပြောကြားရန်မဖြစ်နိုင်သေးကြောင်း ရန်ကုန်ကွန်တိန်နာအသင်းရုံးမှ ဖုန်းဖြေဆိုသူက ပြောကြားသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar