ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်း ၁၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု တပ်မတော်က ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၅၄ သန်းခန့် တန်ဖိုးရှိမည့် စိတ်ကြွဆေးပြားနှင့် အိုက်စ်များ၊ ဘိန်းဖြူများကို တပ်မတော်က ဖမ်းဆီးခဲ့သလို ဖေဖော်ဝါရီလအတွင်းတွင်လည်း အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်၌ပင် တပ်မတော်က ဖမ်းဆီးရမိခဲ့သည်။
မတ် ၁၅ ရက်နေ့က ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲများ၊ မီးစက်များ၊ ဂက်စ်အိုများ၊ ရေခဲသေတ္တာများ၊ ဆေးပြားရိုက်စက်များအပါအဝင် ပစ္စည်းကိရိယာများ၊ ဓာတုဗေဒပစ္စည်းများ ပါဝင်သည့် သံပီပါများ၊ အက်စစ်ပုံးများ၊ WY စာတမ်းများ စိတ်ကြွဆေးပြားများကို ကောင်းခါးကျေးရွာ၏ တောင်ဘက် မီတာ ၂,၀၀၀ ခန့်အကွာရှိ ဟန်ရှန်ရွာပျက်အနီးတွင် ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။