ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များအား MRTV နှင့် SkyNet မှ တိုက်ရိုက်ထုတ်လွှင့်မည်

ရန်ကုန်၊ ဧပြီ ၁

ယနေ့ကျင်းပနေသော ကြားဖြတ်ရွေးကောက်ပွဲရလဒ်များအား ည ၉ နာရီနှင့် ည ၁၁ နာရီတို့တွင် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားနှင့် SkyNet Up to date ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက Frontier ကိုပြောသည်။

“ကျွန်တော်တို့ နေပြည်တော်မှာ Result Centre လုပ်ပြီး ရလဒ်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန် ပေးမှာပါ။ အဲဒီကိုလာပြီးလည်း ကြည့်နိုင်ပါတယ်။ အဲဒီရလဒ်တွေကို ရုပ်သံလိုင်းတွေကနေလည်း ထုတ်ပြန်ပေးတဲ့ သဘောပါ”ဟုလည်း ၎င်းကဆိုသည်။

ယခင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း တစ်ရက်တည်းနှင့် ရွေးကောက်ပွဲရလဒ်များကို အပြီးသတ် မသိရှိခဲ့ရပေ။ သို့သော်လက်ရှိကြားဖြတ်ရွေးကောက်သည် လွှတ်တော်ကိုယ်စားလှယ် ၁၉ နေရာအတွက်သာ မဲပေးရွေးချယ်ခြင်းဖြစ်သဖြင့် ရလဒ်များကို ယခင်ထက် မြန်မြန်သိနိုင်ချေရှိနေသည်။

ကြားဖြတ်ရွေးကောက်ပွဲသည် မဲဆွယ်စည်းရုံးရေး ကနဦးကာလများတွင် လူထုစိတ်ဝင်စားမှု နည်းပါးခဲ့ သော်လည်း ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများပြီးစီးပြီးနောက် ယခင်ကထက် လူစိတ်ဝင်စား လာခဲ့သည်ဟု မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများက ဆိုသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၌ စုစည်းတည်ရှိသော မဲရုံ ၂၇ ရုံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ ရွေးချယ် မဲပေးရမည်ဖြစ်သော်လည်း နံနက်ခင်း မဲရုံဖွင့်ချိန်မှ စတင်၍ မဲပေးသူ အထူးများပြားလျက်ရှိသည်ကို တွေ့ရသည်။ သို့သော် လူငယ်များထက် လူကြီးမဲဆန္ဒရှင်များ ပိုမိုမဲလာပေးကြသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar