ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာ ထက်ဝက်ခန့်ကိုသာ NLD အနိုင်ရဖွယ်ရှိ

ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားဝင်ရလဒ်အများစုကို နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းအထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခြင်းမရှိသေးသော်လည်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာများ၏ ထက်ဝက်ခန့်ကိုသာ အနိုင်ရရှိခဲ့သည်ဟူသည့် ကနဦး သတင်းများ ပေါ်ထွက်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် မဲပေးခွင့်ရှိသူ တစ်သန်းခန့်က ရွေးချယ်ပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် ၁၃ နေရာသည် လွှတ်တော်များအတွင်းမှ အာဏာချိန်ခွင်လျှာကို မပြောင်းလဲနိုင်သော်လည်း နိုင်ငံတလွှားရှိ နိုင်ငံရေးအခြေအနေကိုကို ညွှန်ပြပေးမည့် တိုင်းတာချက်တစ်ခုမူ ဖြစ်လာနိုင်သည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် စမ်းသပ်ချက် တစ်ခုဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားဒေသများတွင်လည်း တိုင်းရင်းသားပါတီများအတွက် အင်အားကြီး NLD နှင့် ပြိုင်ဆိုင်ခွင့်ရရှိခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် ရန်ကုန်မြို့နယ်နှစ်ခုတွင် တာမွေမြို့နယ်၌ NLD က အနိုင်ရရှိခဲ့ပြီး ဆိပ်ကမ်းမြို့နယ်၌မူ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိသွားခဲ့သည်။

တာမွေမဲဆန္ဒနယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သမ္မတဦးဝင်းမြင့် ရွေးချယ်ခံခဲ့ရသည့်နေရာ ဖြစ်သည်။ ပြီးခဲ့သည့်မတ်လတွင် သမ္မတဖြစ်သွားပြီးနောက် လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုမဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ် ဦးတိုးဝေက ဆန္ဒမဲစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းခန့်ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် တာမွေမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ တစ်သိန်းခန့်ရှိသည့်အနက် ၃၃ ရာခိုင်နှုန်းခန့်သာ လာရောက်မဲပေးခဲ့ကြသည်။ ထိုအထဲတွင် သမ္မတဦးဝင်းမြင့်နှင့် ဇနီးဖြစ်သူလည်း ပါဝင်ခဲ့သည်။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် (၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာတွင်မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးနေမျိုးအောင်က အနိုင်ရရှိသွားခဲ့သည်။

အဆိုပါမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁,၄၀၀ ဦးခန့်အနက် ၉၀၀ ကျော် လာရောက်မဲပေးခဲ့ပြီး ဦးနေမျိုးအောင်က ထောက်ခံမဲ ၅၀၀ ကျော်ရရှိခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်၊ လဲချားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိကာ ရခိုင်ပြည်နယ်လွှတ်တော်၊ ရသေ့တောင်မဲဆန္ဒနယ်တွင်မူ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အနိုင်ရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသည့် ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းသည် ရွေးကောက်ပွဲ မတိုင်မီကတည်းကပင် အနိုင်ရရှိရန် အလားအလာရှိသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ၎င်းသည် ဖခင်ဖြစ်သူ၏ ပါတီဟောင်းဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းနှင့် ယှဉ်ပြိုင်ခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိသည်ဟု သိရပြီး ချင်းပြည်နယ်၊ မတူပီတွင်မူ ချင်းအမျိုးသားပါတီက အနိုင်ရရှိထားသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်နေရာနှင့် သပိတ်ကျင်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းနှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးတို့တွင်မူ NLD က အနိုင်ရရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် ကနဦးသတင်းများအရ လစ်လပ်နေရာ ၁၃ နေရာ၏ ထက်ဝက်ခန့်ဖြစ်သည့် ၇ နေရာတွင်သာ NLD က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထိုရလဒ်ကြောင့် “သင်ခန်းစာရသွားတာပေါ့” ဟု 7Day သတင်းဌာနကို ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်ရရှိသူလို သင်ခန်းစာယူစရာများလည်း ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် လေးနေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များမှ ရှစ်နေရာ၊ စုစုပေါင်း လစ်လပ် ၁၃ နေရာအတွက် ကျင်းပခြင်းဖြစ်ကာ ပါတီ ၂၄ ခုမှ ကိုယ်စားလှယ်လောင်း ၆၂ ဦး၊ တသီးပုဂ္ဂလ ခုနစ်ဦး၊ စုစုပေါင်း ၆၉ ဦး ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.