ကြားဖြတ်ရွေးကောက်ပွဲ၌ ပယ်မဲလျော့နည်းစေရန် မဲပေးသည့်စနစ် ပြောင်းလဲထား

လာမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပယ်မဲတွေ လျော့နည်းသွားစေဖို့အတွက် ယခင်အကြိမ်တွေတုန်းက ကျင့်သုံးခဲ့တဲ့ အမှားအယွင်းမခံခဲ့တဲ့ မဲပေးပုံနည်းစနစ်ကို အပြောင်းအလဲ အနည်းငယ် လုပ်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားလိုက်ပါတယ်။

အရင်တုန်းက ဆန္ဒမဲလက်မှတ်မှာ တစ်ကြိမ်ထက်ပိုပြီး တံဆိပ်တုံးထုခဲ့ရင် ပယ်မဲအဖြစ်သတ်မှတ်ခဲ့ပေမယ့် အခုအတစ်ကြိမ်မှာတော့ အမတ်လောင်းတစ်ဦးတည်းကို ရွေးချယ်ကြောင်း ပေါ်လွင်တယ်ဆိုရင် တံဆိပ်တုံး ဘယ်နှစ်ကြိမ်ထုထု ခိုင်လုံမဲအဖြစ် သတ်မှတ်ပေးမယ်လို့ သူက အသိပေးလိုက်တာပါ။

“သို့သော် လူနှစ်ယောက်ကို နှစ်ခါထုလို့ မရဘူး”လို့ ဦးတင်ထွန်းက သတိပေးပါတယ်။

ဒါ့အပြင် ကြိုတင်မဲပေးရာမှာတော့ ဘောပင်နဲ့ အမှန်ခြစ်ရတဲ့စနစ်ကိုသာ ကျင့်သုံးဖို့ ဆုံးဖြတ်ထားတယ်လို့ နေပြည်တော်ရှိ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး မှာ နိုင်ငံရေးပါတီတွေနဲ့ ဇန်နဝါရီ၃ ရက်က တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အသိပေးလိုက်ပါတယ်။

ယခင်အတွေ့အကြုံတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အကြံပြုချက်တွေအရ အပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်တယ်လို့ လည်း ဦးတင်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် မဲပေးကြရာမှာတော့ ဆန္ဒမဲစုစုပေါင်းရဲ့ ခြောက်ရာခိုင်နှုန်းကျော်ဟာ ပယ်မဲတွေဖြစ်ခဲ့ကြတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၉ နေရာအတွက် ဧပြီ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းကိုတော့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၄ ရက်အတွင်း ကြေငြာပေးမှာ ဖြစ်ပြီး အမှားအယွင်းနဲ့ ကျန်ရစ်သည်များရှိပါက မဲစာရင်းကြေညာပြီးချိန်နောက်ပိုင်း နှစ်ပတ်အတွင်း သတ်မှတ်ပုံစံတွေနဲ့အတူ ပြင်ဆင်ခြင်း၊ လျှောက်ထားခြင်းတို့ ပြုလုပ်နိုင်တယ်လို့လည်း UEC က အသိပေးပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ပကနေ မဲပေးမယ့် ကြိုတင်မဲဆန္ဒရှင် ၃၅၇ ဦးရှိတယ်လို့ UEC ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်မှ မတ် ၃၀ အတွင်း သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပဋိပက္ခတွေမဖြစ်ပွားစေဖို့ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းသွားဖို့ရှိတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။

ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ ခုက ရွေးချယ်ထားတဲ့ အမတ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ခုနစ်ဦး၊ စုစုပေါင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar