လဒွဲနှင့် ယောင်ထန်
ကျောင်းသားသမဂ္ဂတွင် ပါဝင်ဆောင်ရွက်နေခြင်းမှာ ကျောင်းသားထုအကျိုး ဆောင်ရွက်ရန်သာဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဟု တပ်တွင်း နေထိုင်ခွင့် ပိတ်ပင်ခံရသူ ကိုသက်မောင်မောင်က ပြောကြားသည်။
“ကျွန်တော်က နိုင်ငံရေးပါတီတွေမှာ ပါဝင်နေတာမဟုတ်ဘူး။ ဘယ်ပါတီနဲ့မှလည်း အဆက်အစပ်မရှိဘူး။ ကျောင်းသားသမဂ္ဂမှာ ပါဝင်ပြီးတော့ ကျောင်းသားထုအကျိုးကို ဆောင်ရွက်တာဖြစ်တယ်။ တပ်တွင်းစည်းကမ်းတွေကို ကျွန်တော့်အနေနဲ့ ဘာတစ်ခုမှ ချိုးဖောက်ခြင်းမရှိဘူး” ဟု မတ် ၁၅ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ Myanmar Now သတင်းဌာန ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ၎င်းက ပြောကြားခဲ့သည်။
ဒုတိယနှစ် ရူပဗေဒ ကျောင်းသား ကိုသက်မောင်မောင်သည် ပခုက္ကူကျောင်းသားသမဂ္ဂအဖွဲ့မှ မနုတ်ထွက်သဖြင့် ပခုက္ကူခြေမြန်တပ်မဌာနချုပ်၏ ညွှန်ကြားချက်အရ အမှတ် ၂၅၆ ခြေလျင်တပ်ရင်းက ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စာထုတ်၍ တပ်တွင်းနေထိုင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည်။ ကိုသက်မောင်မောင်အား တပ်တွင်း ဝင်ထွက်သွားလာ နေထိုင်ခွင့် ပိတ်ပင်ခြင်းအပေါ် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ၊ သတင်းများ အများအပြားထွက်ရှိလာသဖြင့် ထိုကိစ္စသည် တပ်တွင်း အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ် ၁၃ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
“အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၅၆) ခြေလျင်တပ်ရင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် စစ်သည်တစ်ဦး၏ မှီခို မိသားစုဝင်တစ်ဦးဖြစ်သူ မောင်သက်မောင်မောင်သည် ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အတွင်းရေးမှူးတာဝန် ထမ်းဆောင်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် တပ်အတွင်းသို့ ဝင်/ထွက်သွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ တပ်တည်မြဲအမိန့်တွင် စစ်သည်အဆင့်အတန်း အားလုံးအား နိုင်ငံရေးပါတီများနှင့်ဆက်သွယ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသော သဘောဖြင့် ဆန့်ကျင်မှုပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ ဆူပူမှုအတွက် အားပေးအားမြှောက် ပြုခြင်းတို့ကို တားမြစ်ထားပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ အရာရှိ၊ အရာခံ၊ အကြပ်နှင့် တပ်သားတို့အား လိုက်နာရန်သတ်မှတ်ထားသော စည်းကမ်း ဟူသမျှသည် သက်ဆိုင်ရာ အိမ်ထောင်သည်၊ မှီခိုသူများနှင့်လည်း အကျူံးဝင်ကြောင်း သိရှိထားရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် မောင်သက်မောင်မောင်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆောင်ရွက်ချက်သည် တပ်မတော်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။
သို့သော် တပ်မတော်၏ ထိုသို့ထုတ်ပြန်ထားချက်များသည် အဖြစ်မှန်နှင့် ကွဲလွဲနေသည်ဟု ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခိုင်မြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ကျွန်တော်တို့ရထားတဲ့ အသံဖိုင်တွေကိုဖွင့်ကြည့်တဲ့အခါမှာ တပ်မတော်က ထုတ်ပြန်ထားချက်တွေဟာ လုံးဝ လွဲနေတယ်။ အများပြည်သူ အမှန်အတိုင်းသိအောင် ချပြဖို့ကျွန်တော်တို့က လုပ်ဆောင်နေတယ်” ဟု ၎င်းကပြောကြားသည်။
ကိုသက်မောင်မောင်အား အရေးယူဆောင်ရွက်မှုအပေါ် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ကိုသက်မောင်မောင်၏ ဖခင်ဖြစ်သူက သဘောတူသည်ဟု တပ်မတော်က ပြောကြားမှုမှာလည်း မှားနေသည်ဟု ကိုအောင်ခိုင်မြင့်က ထောက်ပြခဲ့သည်။
ကိုသက်မောင်မောင်က “တပ်ထဲ ဝင်ခွင့်ရရေးက အဓိက မဟုတ်တော့ဘူး။ ကျွန်တော့်ကို နှင်ထုတ်လိုက်တယ်။ အဲဒါက အဓိကမဟုတ်တော့ဘူး။ ကျောင်းသားသမဂ္ဂကို တပ်မတော်ကနေပြီးတော့ အမြင်မကြည်လင်ဘူးဆိုတာကို ချပြသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။