ဆုမြတ်မွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“(ညနေ) ငါးနာရီလောက်မှာ ဖြစ်သွားပါတယ်။ ကျွန်တော်ထင်တာကတော့ အရင်က စစ်ကျန်ဗုံးလို့ပဲ ထင်တယ်။ ရုံးနောက်ဖက် အမှိုက်သန့်ရှင်းရေး လုပ်ရင်း မီးရှို့ရင်းနဲ့ ပေါက်သွားတာပါ” ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေလှအောင်က Frontier ကို ပြောကြားသည်။
ထို့သို့ ပေါက်ကွဲမှုကြောင့် ဝန်ထမ်းအချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟုလည်း ၎င်းကပြောကြားသည်။
“ဝန်ထမ်း လေးငါးယောက်လောက် နည်းနည်းပါးပါး နာသွားတာတော့ ရှိတယ်။ ဒါပေမယ့် ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဘာမှတော့ မဖြစ်ဘူး။ အခုဆိုဆေးရုံပြပြီး အကုန်လုံးအိမ်ပြန်သွားကြပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် အေအေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေချိန်ဖြစ်သော်လည်း ယခုပေါက်ကွဲမှုမှာ ဆက်စပ်မှုမရှိနိုင်ဟု ဦးရွှေလှအောင်က ပြောသည်။
“ဒါကတော့ အေအေက ထောင်ခဲ့ရင်လည်း ရုံးရှေ့မျက်နှာစာမှာ ထောင်မှာပေါ့။ အခုတော့ နောက်ကျောဘက်မှာ ဝန်ထမ်းတွေ မီးရှို့ရင်းနဲ့ ပေါက်သွားတာလေးပါ” ဟု ၎င်းကပြောသည်။