ကျောက်စိမ်းတူးဖော်မှုများအား လုံးဝတားမြစ်ရန် အစီအစဉ်ရှိဟု အစိုးရက ပြောကြား

ညဖက်အနားယူနေကြသည့် ရေမဆေးကျောက်ရှာဖွေကြသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ-မင်းဇေယျာ

ညဖက်အနားယူနေကြသည့် ရေမဆေးကျောက်ရှာဖွေကြသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ-မင်းဇေယျာ

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအား လုံးဝပိတ်သိမ်းခြင်း၊ တားမြစ်ခြင်းနှင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းများ ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့က စီစဉ်ထားသည်ဟု သတ္တုတွင်း ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်တွင် ယနေ့တင်ပြခဲ့သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းများအား အရှိန်အဟုန်ဖြင့် တူးဖော်နေမှုနှင့် မြေစာပုံ ပြိုကျမှုများကြောင့် လူအသေအပျောက် မကြာမခဏဖြစ်ပွားနေရမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်မှုများကို လွှတ်တော်တွင် လာရောက်ရှင်းလင်း ပြောကြားပေးရန် ဒီဇင်ဘာ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်တွင် လာရောက် ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများကို မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲမှု ပြုနိုင်ရေးအတွက်လည်းကောင်း၊ ရေမဆေးရှာဖွေသူများအား ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် လည်းကောင်း၊ ရတနာမြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတို့ ရှိစေရန်အတွက် အုပ်ချုပ်ရေးအာဏာ သက်ရောက်ရန် လိုအပ်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့တို့သည် တပ်မတော် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားရာ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း သို့မဟုတ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း သို့မဟုတ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ဆောင်ရွက်ခြင်းတို့ဖြစ်သည်ဟု ရှင်းလင်းတင်ပြခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ဗဏီများက စွမ်းအားကြီးမားသည့် စက်ယန္တရားကြီးများ အသုံးပြုကာ အရှိန်အဟုန်ဖြင့် တူးဖော်နေမှုကြောင့် ကျောက်စိမ်းအရင်းအမြစ်များ အချိန်တိုအတွင်း ကုန်ဆုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများဖြစ်ပေါ်မည်ကို တစ်နိုင်ငံလုံးရှိ ပြည်သူများက စိုးရိမ်ပူပန်နေကြပြီး လူမှုကွန်ယက်ပေါ်တွင် ကန့်ကွက်ရေးသားမှုများ ပေါ်ထွက်လာသည်။ ထို့ပြင် တရုတ်နိုင်ငံမှ စက်ယန္တရားကြီးများအား တရားမဝင် တင်သွင်းမှုများလည်း ရှိနေသည်ဟု ရေးသားထားကြသည်။ ထို့အပြင် ကုမ္ဗဏီများက စွန့်ပြစ်လိုက်သည့် မြေစာပုံများ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသည့် ပျံကျလုပ်သားများ ရာနှင့်ချီ သေဆုံးမှုများလည်း ပြီးခဲ့သည့် နှစ်လအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မြေစာပုံ ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက်ကို မသိရသေးပဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။

ထိုကြောင့် အစိုးရက ရေမဆေးကျောက်ရှာဖွေသူများ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်မည်ဖြစ်သလို စက်ယန္တရားများကိုလည်း ကန့်သတ်ရေးဆောင်ရွက်မည်ဟု သတ္တုတွင်း ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်း တင်ပြခဲ့သည်။

ရေမဆေးကျောက်ရှာသူများတွင် အနယ်နယ်အရပ်ရပ်မှ ရိုးရိုးသားသား လာရောက်စီးပွားရှာသူများအပြင် ရာဇဝတ်မှုဖြင့် ထွက်ပြေးလာသူများလည်း ရောနှောပါဝင်နိုင်သဖြင့် ရေမဆေး ပျံကျလုပ်သားများ လျော့နည်းပပျောက်ရေးကို တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ ကုမ္ဗဏီများအတွင်း ရေမဆေးကျောက်ရှာဖွေသူများ ဝင်ရောက်ကျူးကျော်မှုကို ၂၀၁၃ ခုနှစ်တွင် ၃၀ ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ၁၀၉  ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် ၁၆ ကြိမ် ရှင်းလင်းဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ ရေမဆေးကျောက်ရှာဖွေသူများအား ပညာပေးကာ သတိပေး ခံဝန်ချက်များ ရေးထိုးစေပြီး နေရပ်ပြန်လွှတ်ခဲ့ရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၄၆၄၃ ဦးအား ပြန်လွှတ်ခဲ့သည်ဟု ဆိုသည်။

လုံးခင်း၊ ဖားကန့် ဒေသရှိ ကျောက်မျက်ရတနာများအား ရေရှည်ထုတ်ယူသုံးဆွဲနိုင်ရေး၊ ဒေသ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးတို့အတွက် စက်ယန္တရားအရေအတွက်နှင့် ဝန်ဆောင်မှုတို့ကို စနစ်တကျ ထပ်မံ သတ်မှတ်သွားမည်ဟုလည်း ဖော်ပြထားသည်။

သတင်း- စိုးသန်းလင်းနှင့် Frontier သတင်းအဖွဲ့

 

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.