ကျူးစာရင်းသွင်းမှုကို ငါးထပ်ကြီးတောင်ရပ်ကွက်တွင် နေထိုင်သူများ လက်မခံ

ရန်ကုန်၊ ဇွန် ၁၄

ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက်ရှိ အိမ်ခြေ ၄၀၀ ခန့်အား အစိုးရက ကျူးကျော်အဖြစ် စာရင်းကောက်ယူပြီး ကျူးကျော်သက်သေခံ စမတ်ကတ်များ ထုတ်ပေးခဲ့သော်လည်း အိမ်တစ်လုံးကသာ လာရောက် စာရင်းပေးသွင်းခဲ့သည်ဟု သိရသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဇွန် ၁၂ ရက်နေ့က ကောက်ယူခဲ့ခြင်းဖြစ်သည်။

ရပ်ကွက်တွင် အိမ်ခြေ ၃၇၃ အိမ်ရှိပြီး လူဦးရေ ၁,၄၄၈ ဦး ရှိသည့်အနက် တစ်အိမ်ကသာ ကျူးစာရင်း လာရောက်ပေးသွင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ပြောသည်။

“အစီအစဉ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေပြီး ကျူးကောက်တာ။ စာရွက်လိုက်ဝေတယ်။ ဝေတော့သူတို့က ကျန်တဲ့နေရာတွေကျတော့မဝေဘူး။ သူတို့ နေရာကျတော့ ဝေတယ်၊ ဘာဖြစ်လို့လဲ၊ ညာဖြစ်လို့လဲဆိုပြီးမလာကြဘူး။ အခုတော့လာတယ်။ လာပေမယ့် ကဒ်ပြားပေးတာမယူဘူးပေါ့။ တစ်အိမ်စာပဲ စာရင်းပေးသွားတယ်” ဟု ဦးအုန်းကြိုင်က ဇွန် ၁၂ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ထိုသို့ ရပ်ကွက်နေသူများက ကျူးစာရင်းသွင်းရန် လက်မခံကြခြင်းမှာ အဆိုပါနေရာတွင် ၎င်းတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့သည်မှာ နှစ် ၁၀၀ ကျော်ပြီ ဖြစ်သည့်အတွက်ဟု ဆိုကြသည်။

ယခုမြေနေရာမှာ ဆာဘိုးသာဟူသည့် သူဌေးကြီးရဲ့မြေနေရာဖြစ်ပြီး သူဌေးက ၎င်း၏ သူငယ်ချင်းများကို အစောင့်အရှောက်အဖြစ် နေထိုင်ရန် နေရာချပေးထားပေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သည့် ပထဝီဝင်ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာချိုချိုက ပြောသည်။

၎င်း၏ ဖခင်လက်ထက်ကတည်းက နေထိုင်လာခြင်းဖြစ်ကာ လက်ရှိအချိန်တွင် နှစ်ပေါင်း ၁၂၀ ကျော်ကြာမြင့်နေပြီဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

စက်မှု (၁) ဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ဦးသန်းကြွယ်ကလည်း “သွားလည်းကျိုးနေပြီ။ အသက်လည်း ၇၀ ကျော် ၈၀ ဖြစ်နေပြီ။ အခုမှ စိတ်ဒုက္ခ ရောက်ရတယ်”ဟု ကျူးအဖြစ် ၎င်းတို့ နေအိမ်သတ်မှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။

ကျူးကျော်အမျိုးအစားများတွင် စည်ပင်ကျူး၊ တပ်မတော်ကျူး၊ သာသနာကျူးနှင့် သူဌေးကျူးဟူ၍ ရှိသည့်အနက် ယခုနေရာကို သူဌေးကျူးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်က ပြောကြားသည်။

“ယခင်က ဆာဘိုးသာသူဌေးကြီးရဲ့ ခြံဝင်းကြီးအတွင်း လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကနေ ယနေ့အထိ တစ်စစများပြားလာတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်နှစ်ခန့်၊ ယခင်အုပ်ချုပ်ရေးမှူးလက်ထက်တွင် အဆိုပါရပ်ကွက်နေပြည်သူများအား တိုက်ခန်းများ ပေးရန် မြေပိုင်ရှင်က စီစဉ်ခဲ့သေးကြောင်းနှင့် အဆိုပါစီစဉ်မှုကို ရပ်ကွက်နေသူများက လက်ခံခဲ့သော်လည်း အစိုးရက ကျူးကျော်အဖြစ် သတ်မှတ်ခြင်းကိုမူ လက်မခံကြကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

သို့ရာတွင် ရပ်ကွက်နေသူများကမူ ၎င်းတို့အနေဖြင့် မည်သည့်အစီအစဉ်ကိုမှ တိတိကျကျ မသိရှိသေးကြောင်းနှင့် လက်ခံသဘောတူညီမှုများလည်း မရှိဟု ပြောကြားကြသည်။

သတင်း- ဘိုဘိုသိန်းနှင့် ခိုင်ဇာအောင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar