ကျူးကျော်ပြဿနာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ စတင်ကိုင်တွယ်

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိပ်ခဲတည်းလဲဖြစ်နေဆဲ ကျူးကျော်ပြဿနာကို ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းက “၄၅ ရက် စီမံကိန်း”ဖြင့် ဖြေရှင်းသွားမည်ဟု ပြောဆိုလိုက်ပြီး ‘ထိထိရောက်ရောက် ကိုင်တွယ်တော့မည်’ဟု ကြုံးဝါးလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ယနေ့ ပြုလုပ်သည့် ကျူးကျော်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး ယခင်အစိုးရသည် ကျူးကျော်များ ဖယ်ရှားရှင်းလင်းရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

ယခုဝန်ကြီးချုပ်သစ်ဦးဖြိုးမင်းသိန်းကမူ အစိုးရသစ်တက်ပြီး ၅၅ ရက်အကြာတွင်မှ ကျူးကျော်ပြဿနာကို ဖြေရှင်းသွားမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

“ခက်ခဲမှုထဲမှာ အခုကျနော်တို့ကြုံနေရတဲ့ ကျူးကျော်ပြဿနာဟာ အရေးကြီးဆုံးကိစ္စတရပ် ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးပျက်ပြားသွားနိုင်ပါတယ်။ ဒီနေရာကနေ ဒုစရိုက်မှုတွေ ပေါ်လာနိုင်ပါတယ်။ အခြားအခြားသော အသုံးချစရာ လက်ကိုင်တုတ်တွေလည်း ပေါ်လာနိုင်ပါတယ်။ ဒီအခြေအနေတွေအားလုံးကို စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ယခုစတင်မည့် စီမံကိန်းတွင် ရန်ကုန်တိုင်းအတွင်း လက်ရှိကျူးကျော်နေထိုင်သူများကို စိစစ်ပြီး ‘အမှန်တကယ်လိုအပ်ချက်အရ ကျူးကျော်နေထိုင်ကြောင်း’ သေချာမှန်ကန်ပါက အိမ်ထောင်စုသက်သေခံလက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။ ထို့နောက် အစိုးရကစီစဉ်ပေးမည့် နေရာများတွင် ယာယီ နေထိုင်ရမည်ဖြစ်သည်။

အစိုးရက ကျူးကျော်များကို အမျိုးအစားလေးမျိုးသတ်မှတ်ထားရာ အမှန်တကယ်ကျူးကျော်ခြင်း၊ တဆင့်ရောင်းဝယ်ပြုလုပ်သည့်ကျူးကျော်ခြင်း၊ စီးပွားဖြစ်ကျူးကျော်ခြင်း၊ မင်းမဲ့စရိုက်ပုံစံကျူးကျော်ခြင်းနှင့် အသိအမှတ်ပြုထားသည့် ကျူးကျော်ခြင်း ဟူ၍ဖြစ်သည်။

ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ကျူးကျော်ပြဿနာများထဲတွင် ငြိမ်းချမ်းရေးကို အမည်ခံပြီး မင်းမဲ့စရိုက်ဆန်ဆန်ပြုလုပ်နေသူများလည်း ရှိသည်ဟုဆိုပြီး စုံစမ်းဖော်ထုတ်သွားရမည်ဖြစ်သည်ဟု ပြောကြားသည်။

သို့သော် ငြိမ်းချမ်းရေးယူထားသည့် မည်သည့်အဖွဲ့အစည်းများက ပြုလုပ်နေသည်ကို ပြောဆိုခြင်းမရှိဘဲ ယင်းကဲ့သို့အဖွဲ့အစည်းမည်မျှရှိသည်ကို ဝန်ကြီးချုပ်ကို သတင်းထောက်များက မေးမြန်းရာတွင်လည်း ဖြေကြားခဲ့ခြင်း မရှိပေ။

စီမံကိန်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ “ဥပဒေ စည်း၊ ဘောင်ကို ကျော်လွန်ဆောင်ရွက်လာမယ့် ကိစ္စရပ်တွေအတွက်တော့ တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ အဆိုပါ ၄၅ ရက် စီမံကိန်းကို ဆောင်ရွက်သွားဖွယ်ရှိပြီး စတင်မည့်ရက်ကိုမူ အတိအကျမသတ်မှတ်ရသေးဘဲ အစိုးရက အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဟု ကတိပေးထားသည်။

ရန်ကုန်တိုင်းအစိုးရအနေနှင့် သတ်မှတ်ရက်များတွင် အိမ်ထောင်စုအလိုက် ဖြည့်သွင်းရမည့်စာရွက်စာတမ်းများကို ဖြန့်ဝေသွားမည်ဖြစ်ပြီး ဖြည့်သွင်းစိစစ်ပြီးပါက အိမ်ထောင်စုသက်သေခံလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်သည်။

tzhu_phyo_min_thein6.jpg

 title=

title=

အစိုးရသတ်မှတ်ချက်အရ ကျူးကျော်များနေထိုင်သည့် မြေအမျိုးအစား (၂၀) ရှိပြီး တရားဥပဒေနှင့်အညီ မလိုက်နာသည့် ကျူးကျော်များကိုမူ မြေနေရာအမျိုးအစားအလိုက် တရားစွဲဆိုခံရမည်ဖြစ်သည်။

လယ်မြေများတွင်နေထိုင်ပြီး ဥပဒေမလိုက်နာသည့် ကျူးကျော်များကို လယ်မြေဥပဒေအရတရားစွဲဆိုမည်ဖြစ်ပြီး သာသနာ့နယ်မြေများတွင် နေထိုင်သူများကိုမူ ရာဇသတ်ကြီးပုဒ်မများနှင့် တရားစွဲဆိုခံရမည်ဖြစ်သည်။

တိုင်းအစိုးရ၏ မေ ၂၅ ရက် ထုတ်ပြန်ချက်များအရ အရှေ့ပိုင်းခရိုင်တွင် လူဦးရေ ၁၅၀၀၀၀ ကျော်၊ အနောက်ပိုင်းခရိုင်တွင် လူဦးရေ ၈,၀၀၀ ကျော်၊ တောင်ပိုင်းခရိုင်တွင် လူဦးရေ ၉၀,၀၀၀ ကျော်၊ မြောက်ပိုင်းခရိုင်တွင် ၁၇၀,၀၀၀ ကျော်ရှိပြီး စုစုပေါင်းကျူးကျော်ဦးရေ ၄၃၀,၀၅၀ ယောက်ရှိသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar