ကျပ် ၇၀ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ၊ ပိုင်ရှင်ဆိုသူ လွတ်မြောက်နေ

ကျပ် ၇၀ ဘီလျံကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမျိုးစုံအား ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်ဆိုသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာနေ လောက်ယောင်း၏ နေအိမ်ကို ရဲနှင့် တပ်မတော်သားများက ဝင်ရောက် စီးနင်းဝင်ရောက်ရှာဖွေစဉ် အဆိုပါ မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၁၀၀ အိတ်အတွင်းမှ စုစုပေါင်း စိတ်ကြွဆေးပြား သိန်း ၃၀၀ ပြား၊ အိုက်စ်များ ထည့်ထားသည့် ဆာလာအိတ် ၇၀ အိတ်အတွင်းမှ စုစုပေါင်း အိုက်စ် အလေးချိန် ၁,၇၅၀ ကီလို၊ ဘိန်းဖြူဘလောက်တုံးများ ထည့်ထားသည့် ဆာလာအိတ်၂၀ အိတ် အတွင်းမှ စုစုပေါင်း ဘိန်းဖြူ ဘလောက်တုံး ၁,၃၆၀ တုံး (ဘိန်းဖြူ အလေးချိန် ၄၆၂ ဒသမ ၄ ကီလို)၊ ဘိန်းဖြူဆပ်ပြာခွက်များ ထည့်ထားသည့် ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၃,၃၀၀ ခွက် (ဘိန်းဖြူ အလေးချိန် ၃၉ ဒသမ ၆ ကီလို) စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၅၀၂ ကီလိုနှင့် ကဖင်းများ ထည့်ထားသည့် ဆာလာအိတ် ၁၀ အိတ်အတွင်းမှ စုစုပေါင်း ကဖင်း ၂၀၀ ကီလိုတို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၇၂၈,၀၀၀ ကျော်ဖြစ်သည်ဟု ဖော်ပြထားသည်။

မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်ဆိုသူ လောက်ယောင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

သိန္နီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီး၌ ဇန်နဝါရီ ၁၆ ရက်နေ့က ဘိန်းဖြူ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလိုနှင့် စိတ်ကြွဆေးပြား ၄,၀၀၀ ပြားတို့ ဖမ်းဆီးရမိခဲ့ပြီးနောက် ကွင်းဆက်အနေဖြင့် ဆက်လက်ဖော်ထုတ် ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရွှေတြိဂံဒေသအနီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာ အုပ်စု၊ ကျဆီးကျေးရွာတွင် ကျပ် ၆၄ ဘီလျံကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေးများနှင့် မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့သေးသည်။

၂၀၁၇ နှစ်အတွင်း မြန်မာနိုင်ငံတွင် အကြီးမားဆုံး ဖမ်းဆီးရမိမှုကြီးဖြစ်ဖွယ်ရှိသည့် အဆိုပါဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့်အတူ တရားခံလေးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar