ကျပ် ခုနစ်ဘီလျံ စာရင်းပျောက်မှုတွင် ပတ်သက်မှုမရှိဟု မကွေး NLD အမတ် ငြင်းဆို

မကွေး၊ ဧပြီ ၂၉

မကွေးတိုင်းဒေသကြီးအစိုးရ အပြောင်းအလဲကာလတွင် ကျပ်ခုနစ်ဘီလျံကျော် စာရင်းပျောက်နေမှု၌ ပါဝင်ပတ်သက်နေ သည်ဟု စွပ်စွဲခံထားရသည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုရေးဖောင်ဒေးရှင်းတွင် ၎င်း၏အမည် ပါဝင်နေခဲ့သော်လည်း တစ်စုံတစ်ရာ ပတ်သက်မှုမရှိခဲ့ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ပြောကြားလိုက်သည်။

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၏ လွှတ်တော်ကိုယ်စားလှယ်ဦးလှဆန်းက အဆိုပါအဖွဲ့တွင် စာရင်းစစ်တယောက်အဖြစ် ၎င်း၏ အမည် စာရင်းဝင်နေခဲ့သည်ကို ငွေကြေးအရှုပ်တော်ပုံ ပေါ်ပေါက်လာမှသာ သိရှိရကြောင်း ပြောကြားသည်။

“(ဒီပြဿနာကို)သူတို့ စစ်နေတာကို အစောကြီးထဲကသိတယ်။ (အဲဒီအဖွဲ့ထဲ) ကိုယ်ပါတယ်ဆိုတာ၊ နာမည်ပါတယ်ဆိုတာ နောက်မှသိရတာ” ဟု ဦးလှဆန်းက ဧပြီ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် Frontier နှင့် မကွေးမြို့၌ သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အသက် ၆၀ နှစ်အရွယ်ရှိပြီဖြစ်ကာ မကွေးမြို့တွင် လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးလှဆန်းက ၎င်းသည် မြို့အတွက် အထောက်အကူဖြစ်သည့် ပရဟိတအသင်းအဖွဲ့ အတော်များများတွင် ပါဝင်လုပ်ဆောင်လျှက်ရှိကြောင်း၊ အချို့အသင်းအဖွဲ့များတွင် ၎င်းမပါဝင်သော်လည်း နာမည်စာရင်း ပေါက်နေသည့် အဖြစ်အပျက်များရှိသည်ဟု ဆိုသည်။

“လူမလာလည်း အဖွဲ့အစည်းမှာ နာမည်ထည့်တဲ့ ကိစ္စရှိတယ်”ဟု မကွေးမြို့၊ နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် ဦးလှဆန်းက ပြောသည်။

ဒါဇင်နှင့်ချီသော မျက်မြင်သက်သေများ၊ ပါဝင်ပတ်သက်သူများကို ပြည်ထဲရေးနှင့် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး)တို့က လပေါင်းများစွာ စစ်ဆေးမှု ရလာဒ်များအရ ယခုဖျက်သိမ်းလိုက်ပြီဟုဆိုသော မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုရေးဖောင်ဒေးရှင်းထံ ကျပ် ၁ ဒသမ ၇ ဘီလျံရောက်ရှိနေကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“(စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက) ငါ့စစ်မှ မစစ်တာ။ မဆိုင်လို့ မစစ်တာပေါ့”ဟု ဦးလှဆန်းက ငွေကြေးအရှုပ်တော်ပုံတွင် ၎င်းပါဝင်နေသည်ဟု မြို့ခံအချို့၏ ခန့်မှန်းပြောဆိုနေမှုများကို အခြေခံပြီး မေးမြန်းခဲ့သည့် Frontier ၏ မေးခွန်းကို တုံ့ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးခံရသည့် အမည်မဖော်လိုသူ အခြားသူများ၏ အဆိုအရ ၎င်းတို့သည်လည်း အဆိုပါအဖွဲ့တွင် နာမည်စာရင်းပါဝင်နေသည်ကို ငွေကြေးအရှုပ်တော်ပုံ ပေါ်ပေါက်လာမှ သိခဲ့သည်ဟုဆိုကြသည်။

အဆိုပါ ကျပ် ၁ ဒသမ ၇ ဘီလျံကို မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုရေးဖောင်ဒေးရှင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ လှူဒါန်းခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုရလာဒ်များကိုအခြေခံပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါငွေကြေးပမာဏကို ပြန်လည်လွဲပြောင်းပေးရန် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေအပါအဝင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံရသူများထံ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြောင်းကြားခဲ့သည်။

အစိုးရက ပြန်လည်တောင်းခံသည့် ကျပ် ၁ ဒသမ ၇ ဘီလျံကို လာမည့် ဇူလိုင်လ နောက်ဆုံးသီတင်းပတ် မတိုင်မီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်ပေးသွင်းမည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ဧပြီ ၂၇ ရက်၊ နေ့စွဲပါစာဖြင့် ဖြင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ အကြောင်းကြားခဲ့သည်။

အဆိုပါ ကျပ် ၁ ဒသမ ၇ ဘီလျံကို ၎င်းတို့ထံ လှူဒါန်းခဲ့သည်ဆိုသည့် သတင်းများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်များက ပယ်ချခဲ့ပြီး “နိုင်ငံရေးအရ တိုက်ခိုက်မှု”ဟု တုံ့ပြန်ထားသည်။

အစိုးရအရာရှိများဘက်က စွပ်စွဲသလို အဆိုပါငွေကြေးသည် ၎င်းတို့ထံ ရောက်မလာခဲ့ဟု တုံ့ပြန်ခဲ့ပြီး ပါတီအပေါ် စွပ်စွဲပြောဆိုမှုများကို ဥပဒေကြောင်းအရ တုံ့ပြန်မည်ဟုလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သတင်း ထုတ်ပြန်ထားသည်။

ငွေကြေးအရှုပ်တော်ပုံထဲတွင် NLD ကိုယ်စားလှယ်တစ်ဦး အမည်စာရင်းပါဝင်နေခြင်းနှင့် ပတ်သက်ပြီး ပါတီဘက်က တိတိကျကျ သိရှိထားခြင်းမရှိသေးကြောင်း NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက Frontier ကို ပြောကြားခဲ့သည်။

သတင်း-ထွန်းခိုင်နှင့် ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar