မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကဏ္ဍများတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများရှိနေသည်ဟု မြန်မာအမျိုးသမီးများကွန်ရက်အဖွဲ့ (Women’s Organizations Network)က ပြုလုပ်ခဲ့သည့် သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။
လွှတ်တော်နှစ်ရပ်လုံးတွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုသည် အမျိုးသမီးများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရမည့် အခွင့်အရေး နည်းပါးသွားစေသည့် အဓိကအကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်နေသည်ဟု အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသမီးများ ခွဲခြားဆက်ဆံမှု ပပျောက်ရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရုံးခန်းဖွင့်ရန် ခင်ပွန်းသို့မဟုတ်၊ မိသားစုထံမှ ခွင့်ပြုချက်တောင်းရန်လိုအပ်သည်ဟု သတ်မှတ်ထားချက်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းပြီးမှ နှုတ်ထွက်ခဲ့ရသော အမျိုးသမီးကိုယ်စားလှယ်များစွာရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများအတွက် လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်ခံရမှုများအတွက် ဥပဒေပြဋ္ဌာန်းပေးသင့်ကြောင်း အဆိုပါအစီရင်ခံစာတွင် တိုက်တွန်းထားသည်။ တိုင်းရင်းသားလူမျိုးစု အမျိုးသမီးများ နိုင်ငံရေးအသိရှိစေရေးနှင့် ပါဝင်ဆောင်ရွက်ရေးတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် နိုင်ငံရေးအသိပညာပေးဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်သည်ဟုလည်း အကြံပြုထားသည်။ အမျိုးသမီးများအနေဖြင့်လည်း ယခုထက်ပို၍ လူမှုအသိုင်းအဝိုင်းများတွင် ဝင်ဆန့်နိုင်အောင် ကြိုးစားသင့်ကြောင်းနှင့် မိသားစုများကလည်း ပံ့ပိုးကူညီရန်လိုအပ်ကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးကဏ္ဍတွင်လည်း မြန်မာနိုင်ငံ၏ အစွန်အဖျားဒေသများတွင် နေထိုင်သည့် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အရည်အသွေးမီသော ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးလျက်ရှိပြီး အကျဉ်းထောင်အတွင်းရှိ အမျိုးသမီးများမှာလည်း တန်းတူကျန်းမာရေးစောင့်ရှောက်မှုရရှိရန် လိုအပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ထို့ပြင် အမျိုးသမီးများအတွက် လူမှုပတ်ဝန်းကျင်၊ စီးပွားရေးကဏ္ဍနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်နေပြီဖြစ်ကြောင်း အစီရင်ခံစာတွင် တိုက်တွန်းထားသည်။
“WON ရဲ့ သုတေသနတွေ့ရှိချက်တွေက မြန်မာတစ်နိုင်ငံလုံးက အမျိုးသမီးတွေအားလုံးကို ကိုယ်စားမပြုနိုင်ပေမယ့် များစွာသောမြန်မာအမျိုုးသမီးတွေရဲ့ ဖြစ်ရပ်မှန်အခြေအနေတွေကို ထင်ဟပ်စေမယ်လို့ ယုံကြည်ပါတယ်။ ဒီအစီရင်ခံစာလေးက နိုင်ငံတော်အစိုးရရဲ့ အမျိုးသမီးများ ခွဲခြားဆက်ဆံမှုပပျောက်ရေးလုပ်ငန်းစဉ်တွေမှာ အထောက်အကူအများကြီးဖြစ်စေပြီး လက်တွေ့ အကောင်ထည်ဖော်တဲ့ နေရာမှာလည်း ကျွန်မတို့ အန်ဂျီအို(NGO) အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲ ဆောင်ရွက်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု မြန်မာအမျိုးသမီးအဖွဲ့များကွန်ယက်၏ သဘာပတိ ဒေါ်ခက်ခက်အောင်က အစီရင်ခံထုတ် ထုတ်ပြန်သည့် အခမ်းအနားတွင် ပြောကြားသည်။
မြန်မာအမျိုးသမီးအဖွဲ့များကွန်ယက်သည် အဆိုပါအစီရင်ခံစာကို ၂၀၁၅ ခုနစ်က စတင်၍ ချင်း၊ ကချင်၊ ကယား၊ စစ်ကိုင်း၊ မန္တလေး၊ မွန်၊ ရှမ်း၊ ရခိုင်၊ တနင်္သာရီနှင့် ရန်ကုန်စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခုမှ ကိုယ်စားပြုအမေးခံသူ ၅၀၇ ဦး၏ အတွေ့အကြုံများကို အခြေခံကာ သုတေသနပြု ရေးသားခဲ့ခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် ၎င်းတို့၏ သဘောထားများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားရန် စိုးထိတ်မှုများ ရှိနေဆဲဖြစ်သောကြောင့် အစီရင်ခံစာ ကောက်ယူရန် မေးခွန်းများမေးမြန်းရာတွင် အခက်အခဲများ တွေ့ရှိခဲ့ရသည်ဟု ကွန်ယက်၏ အဖွဲ့ဝင်နှင့် အစီရင်ခံစာကောက်ယူရေး တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်မဉ္ဇ္ဇူကပြောကြားသည်။
အမျိုးသမီးများ ခွဲခြားဆက်ဆံမှု ပပျောက်ရေးအစီရင်ခံစာကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအပါအဝင် အစိုးရတာဝန်ရှိအဖွဲ့အစည်းအသီးသီးထံသို့ အကြံပြု တင်ပြထားပြီးဖြစ်သည်။
သတင်း-ဖြိုးသီရိသူ