ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) ၏ အဓိက ခံစစ်ကုန်းတစ်ခုနှင့် စခန်းငယ် ခြောက်ခုတို့ကို ဒီဇင်ဘာ ၂၇ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
မြစ်ကြီးနား-ဗန်းမော်ကားလမ်း၏ အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာရှိ ကေအိုင်အေတပ်မဟာ ၅ လက်အောက်၊ တပ်ရင်း ၃ ဌာနချုပ်ရှိရာ လိုင်ဖောင်စခန်းခေါ် ပွိုင့် ၇၆၈ စခန်းကို သိမ်းပိုက်ရရှိရေးအတွက် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်းများက သွေးတိုးစမ်း တိုက်ခိုက်ခဲ့သည်ဟု ဒီဇင်ဘာ ၂၇ ရက်နေ့ညက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ထိုတိုက်ခိုက်မှုအပေါ်မူတည်၍ လိုအပ်သည်များကြိုတင်ပြင်ဆင်ကာ အသေးစိတ် စီမံချက်ချပြီး ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက စတင်၍ လေကြောင်းနှင့် ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီးပစ်ကူရယူ၍ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲတွင် ပထမဆုံးစခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဆက်လက်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အဓိကခံစစ်ကုန်းနှင့် စခန်းငယ် ခြောက်ခုတို့ကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အေ၏ အဓိက စခန်းတစ်ခုဟုဆိုသည့် ဂီဒုန်စခန်းနှင့် ပတ်ဝန်းကျင်ကင်းစခန်းများအား တပ်မတော်က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
ယခုသိမ်းပိုက်ခဲ့သည့် လိုင်ဖောင်စခန်းမှာ ဂီဒုန်စခန်းနှင့်အပြိုင် နန့်တဘက်ချောင်း၏ တစ်ဘက်တစ်ချက်စီတွင် တပ်ခွဲအခြေပြုထားသည့် စခန်းကြီးတစ်ခုဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကေအိုင်အေ ဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့နှင့် အမှတ် ၆ နယ်ခြားမှတ်တိုင်တစ်ဝိုက်ရှိ ကေအိုင်အေ စခန်းများနှင့် ဆက်သွယ်သည့် လမ်းကြောင်းအား စိတ်ချလုံခြုံမှုရှိစေရေးနှင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အား ခြိမ်းခြောက်နိုင်ရေး ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်းနှင့် ၎င်းလမ်းကြောင်းမှတစ်ဆင့် တပ်မဟာ ၁ နယ်မြေ အင်ဂွန်လဒေသသို့ ဆက်သွယ်ရာ အတွင်းလမ်းကြောင်း တစ်ခုလည်းဖြစ်သည်ဟုဆိုသည်။
စခန်းများကို သိမ်းပိုက်ရာတွင် ထိခိုက်သေဆုံးမှုများကိုမူ တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
“ကေအိုင်အေစခန်းများကို သိမ်းပိုက်ရရှိပြီးဖြစ်သော်လည်း အချိန်ကန့်သတ်ချက်အရ ပြန်လည် စုဖွဲ့နေရာယူခြင်းနှင့်အတူ နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးလျက်ရှိကြောင်းနှင့် သိရှိရပါက ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ကေအိုင်အေ၏ အဓိက ဌာနချုပ်ဖြစ်သော လိုင်ဇာနှင့် နီးကပ်သောနေရာများတွင် တပ်မတော်က ထိုးစစ်များ ဆင်နွှဲနေသလို ရှမ်းပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ကြိုးပမ်းနေသည့် တစ်နိုင်ငံလုံး ငြိမ်းချမ်ရေး ရရှိရေးမေ ျှာ်မှန်းချက်ကို ခြိမ်းခြောက်နေသည်။
ပြီးခဲ့သည့်နိုဝင်ဘာက ရှမ်းပြည်နယ်၊ တရုတ်နိုင်ငံနယ်စပ်ရှိ မူဆယ်ဒေသတွင် ကေအိုင်အေပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုက တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရပြီး ဒေသခံထောင်ပေါင်းများစွာလည်း အိမ်နီးချင်း တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထိုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်နေခြင်းက ဖေဖော်ဝါရီလတွင် ပြန်လည်ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအား ခြိမ်းခြောက်နေသည်ဟုလည်း လေ့လာသူများက သုံးသပ်နေကြကြောင်း အေအက်ဖ်ပီက ရေးသားခဲ့သည်။
ကေအိုင်အေပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဆက်လက် တိုက်ခိုက်နေပါက တိုင်းရင်းသားအဖွဲ့များကို ပိုမိုနီးကပ်သွားစေလိမ့်မည်ဟု ပြောကြားခဲ့ဖူးသည်။