ကေအင်န်ယူသည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ ကေအင်န်ယူနှင့် တပ်မတော်တို့အကြား ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးကြရသည်။

ကေအင်န်ယူကိစ္စဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင် အရေးပေါ်အစည်းအဝေး ပြုလုပ်မည်

ရဲမွန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှုကို ဆက်လက်ပြီး ယာယီရပ်ဆိုင်းထားဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးအဖြေရှာသွားမယ်လို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခက်အခဲဆိုသည်မှာ ရှိတတ်ပြီး ကေအင်န်ယူရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးအဖြေရှာဖို့အတွက် ကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာ ယခုရက်သတ္တပတ်အတွင်း ကျင်းပမယ်လို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးက Frontier ကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြောပါတယ်။

“ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ပြည်သူတွေ စိတ်ချပါ”လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက်တို့မှာ ပြုလုပ်ခဲ့တဲ့ နေပြည်တော် ထိပ်သီးဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲရလဒ်တွေအပေါ် ဘဝင်မကျတာကြောင့် အစိုးရက ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းကြောင်းကို ကေအင်န်ယူက အစိုးရထံ ပြီးခဲ့တဲ့လက အကြောင်းကြားခဲ့ပါတယ်။

အဲဒီကိစ္စကို ကေအင်န်ယူအဖွဲ့အတွင်း ဆွေးနွေးဖို့အတွက် အရေးပေါ်အစည်းအဝေးတစ်ခုကို နိုဝင်ဘာ ၆ ရက်ကနေ ၁ဝ ရက်အထိ ဘားအံခရိုင်၊ လေးဝါးဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီးနောက် ယာယီရပ်ဆိုင်းထားမှုကို ဆက်လက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ လေးနက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရရှိဖို့ တောင်းဆိုနေတာတွေကို လစ်လျူရှုပြီး ကန့်သတ်နေတာကြောင့် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲဒီလို ကန့်သတ်မှုတွေ ရှိနေသရွေ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ကေအင်န်ယူက သတ်မှတ်ထားပါတယ်။

“အဖွဲ့အစည်းတစ်ခုလုံး တညီတညွတ်တည်း ပါဝင်ရန် လုံလောက်သည့်ကာလတစ်ခုကို ရယူရန် လိုအပ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာသွားမည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအင်န်ယူရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် ထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ချက်ဖြစ်တဲ့ ၂ဝ၂ဝ ခုနှစ် မတိုင်မီ ပင်လုံညီလာခံ သုံကြိမ်မှာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ချမှတ်ဖို့အတွက် အချိန်ဇယားနဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေ နှောင့်နှေးကုန်မှာ ဖြစ်တယ်လို့ ရခိုင်လွတ်မြောက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောမြရာဇာလင်းက ပြောပါတယ်။

“အခုက ယုံကြည်မှုတည်ဆောက်တဲ့အဆင့် ပြီးလုနီးပါး အခြေအနေကနေ ပြန်တည်ဆောက်ရတော့မယ့် အခြေအနေကို ရောက်သွားပြီ” လို့ သူက ဆိုပါတယ်။

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးကို နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပဖို့ စီစဉ်ထားပေးမယ့် ကေအင်န်ယူရဲ့ အရေးပေါ် အစည်းအဝေး ရှိနေတာကြောင့် ရွှေ့ဆိုင်းပေးခဲ့ရပါတယ်။ အဲဒီအဖွဲ့ခေါင်းဆောင်အဖြစ် ကေအင်န်ယူဥက္ကဋ္ဌက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

“ကေအန်ယူအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရှင်းပြဖို့လိုပါတယ်။ ရှင်းပြမယ်လို့လည်း ယုံပါတယ်။ မကြာမီရက်ပိုင်းမှာပဲ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးတစ်ခု ပြုလုပ်သွားမှာပါ”လို့ စောမြရာဇာလင်းက ပြောပါတယ်။

အစိုးရနဲ့ တပ်မတော်တို့ရဲ့ အလေးပေးခြင်းကိုခံရတဲ့ KNU ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပြီး နောက်ပိုင်းမှာ အဖွဲ့အတွင်း ဆွေးနွေးပွဲတွေကို ပြုလုပ်လေ့ရှိပေမယ့် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းတာမျိုး တစ်ကြိမ်မှ မပြုလုပ်ခဲ့ပါဘူး။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဆွေးနွေးပွဲတွေ ပါဝင်ဖို့ ယာယီရပ်ဆိုင်းလိုက်တဲ့ ပထမဦးဆုံးအဖွဲ့လည်း ဖြစ်လာပါတယ်။

မြန်မာနိုင်ငံက လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်မှာ ကရင်ပြည်နယ်က ပြည်သူတွေ ဆက်လက် လက်တွဲ ကြိုးပမ်းသွားကြဖို့ သမ္မတဦးဝင်းမြင့်က ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ တိုက်တွန်းခဲ့ပါသေးတယ်။

“ကရင်ပြည်နယ်မှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးက အေးချမ်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကရင်ပြည်နယ်ကြီး ဖြစ်ပေါ်လာစေရေးအတွက် ဆက်လက်ပြီး စုစည်းညီညွတ်စွာ၊ တွဲလက်မြဲမြံစွာ ကြိုးပမ်းအကောင်အထည်ဖော်သွားဖို့” ဆိုပြီး နိုဝင်ဘာ ၇ ရက်နေ့က ကျရောက်တဲ့ ကရင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဦးဝင်းမြင့်က ပြောကြားခဲ့တာပါ။

အခြားအပစ်ရပ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် NCA ပါ အချက်အလက်တွေအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသလို တရားမျှတမှုမရှိကြောင်းလည်း သုံးသပ်ခဲ့တာကြောင့် အဖွဲ့အစည်းအတွင်း အစည်းအဝေးများ မဆောင်ရွက်မချင်း အဆိုပါကော်မတီနဲ့ သက်ဆိုင်တဲ့အစည်းအဝေးတွေ တက်ရောက်ဖို့ ယာယီရပ်ဆိုင်းမယ်လို့ နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar