ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာကို လုံခြုံကောင်စီ ပြောကြား

အေအက်ဖ်ပီ

ရိုဟင်ဂျာများအပေါ် ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုနေကြောင်း ဇွန် ၅ ရက်နေ့တွင် အေအက်ဖ်ပီက ဖတ်ရှုခွင့် ရရှိခဲ့သည့် စာတစ်စောင်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက ရခိုင်ပြည်နယ်တွင် စစ်တပ်၏ စစ်ဆင်ရေးစကတည်း ရိုဟင်ဂျာ အနည်းဆုံး ၇၀၀,၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ထိုစစ်ဆင်ရေးမှာ လူမျိုးစုရှင်းလင်းရေး ပြုလုပ်ခြင်းဖြစ်သည်ဟု ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် ကုလသမဂ္ဂတို့က ပြောကြားထားသည်။

စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရက သဘောတူခဲ့ကြောင်း မေလအစောပိုင်းတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီက ပြောကြားသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုတွင် လူ့အခွင့်အရေးရုံးကဲ့သို့ ကုလအဖွဲ့အစည်းများ ပါဝင်ရမည်ဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်အားလုံးကို နိုင်ငံတကာအသိုင်းအဝိုင်း၏ ပါဝင်ပတ်သက်မှုနှင့်အတူ လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံသဘောတူခြင်းနှင့် အကြမ်းဖက်မှု ကျူးလွန်သူများကို အရေးယူခြင်းတို့က ကတိကဝတ်ကို ခိုင်မာစေသည့် လုပ်ဆောင်ချက်အဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်ကြောင်း မေ ၃၁ ရက်နေ့က ပေးပို့ခဲ့သည့် စာတွင်ဖော်ပြထားသည်။

အခြေအနေက အလွန် စိုးရိမ်နေရဆဲဖြစ်ကြောင်းလည်း စာတွင် ဖော်ပြထားသည်။ တောင်းဆိုချက်အား ရက် ၃ဝ အတွင်း ပြန်ကြားရန် မြန်မာအစိုးရကို လုံခြုံရေးကောင်စီက တောင်းဆိုထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသည့် အချက်အလက်ရှာဖွေရေးအဖွဲ့ကို နိုင်ငံတွင်း ဝင်ရောက်ခွင့်မပြုဘဲ မြန်မာအစိုးရက ငြင်းဆိုထားသည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ ယန်ဟီလီကိုလည်း လာရောက်ခွင့် ပိတ်ပင်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံတမန်သစ်ဖြစ်သည့် ခရစ္စတင်း ရှရိန်နာဘာဘာဂျင်နာသည် လာမည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ရန် စီစဉ်ထားသည်။ စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို မြန်မာအစိုးရက ပယ်ချထားသည်။ ထို့အပြင် စစ်ဆင်ရေးမှာ အစွန်းရောက်ဝါဒီများကို အမြစ်မှ မြေလှန်ပစ်ရန်သာ ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။

ရိုဟင်ဂျာများအပေါ် ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံနေမှုများ အဆုံးသတ်ရန် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို တိုက်တွန်းလျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar