ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ မြန်မာနိုင်ငံသို့ ရောက်ရှိ

လာမည့် အောက်တိုဘာလတွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းမည့် အစီရင်ခံစာ ပြုစုရန်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် ဇွန် ၁၉ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

၎င်း၏ ယခု ခရီးစဉ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပထမဆုံး လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ပြီးခဲ့သည် ဧပြီလတွင် အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီးနောက် ၎င်းလာရောက်ခြင်းသည် မြန်မာနိုင်ငံအတွက် အရေးပါသည့် အဆင့်ဖြစ်သည်ဟု ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးတို့အတွက် အရေးကြီးတဲ့အဆင့်တွေကို တက်လှမ်းပြီး ဖြစ်ပါတယ်” ဟု မစ္စယန်ဟီလီက ပြောကြားသည်။

“ကျွန်မအနေနဲ့ ဒီအချက်တွေကိုပါ ထည့်သွင်းပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ပြည့်ပြည့်စုံစုံနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

၎င်းသည် ဇူလိုင် ၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ရှိနေမည်ဖြစ်ကာ ရန်ကုန်၊ နေပြည်တော်၊ စစ်တွေ၊ မြစ်ကြီးနားနှင့် လားရှိုးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“အထူးအစီရင်ခံစာ တင်သွင်းသူတစ်ယောက်အနေနဲ့ ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာစေဖို့နဲ့ လူ့အခွင့်အရေးအတွက် ကာကွယ်ပေးနိုင်အောင် အစိုးရနဲ့ နီးနီးကပ်ကပ် အတူတွဲပြီး လုပ်ကိုင်နိုင်ဖို့ ဖြစ်ပါတယ်” ဟု မစ္စယန်ဟီလီကပြောကြားထားသည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar