စတော့ခ်ဟုမ်း၊ ဇွန် ၁၄
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက ဖွဲ့စည်းခဲ့သည့် အဖွဲ့က ရခိုင်ပြည်နယ်တွင်းအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပြီး ရန်လိုမုန်းတီးမှုများကိုသာ ဖြစ်နေနိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဆွီဒင်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမြို့သို့ ဇွန် ၁၁ ရက်နေ့က ရောက်ရှိခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင်ဝန်ကြီးချုပ် Stefan Lofven နှင့် ဇွန် ၁၂ ရက်နေ့က တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပချိန်တွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“လူမှုအသိုင်းအဝိုင်းတွေအကြားမှာ ရန်လိုမုန်းတီးမှုတွေ ပိုပြီးတော့ ဖြစ်လာစေနိုင်ပါတယ်” ဟု ကုလအဖွဲ့အား မြန်မာအစိုးရက လက်မခံမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျွန်မတို့တည်ဆောက်လိုတဲ့ ဒေသတွင်းမှာ အချင်းချင်း အပြန်အလှန် ယုံကြည်နားလည်မှုနဲ့ သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်မှုကို အထောက်အပံ့ ပေးနိုင်လိမ့်မယ်လို့ မယုံကြည်သလို၊ နှစ်ဘက်လုံးမှာရှိတဲ့ ကြောက်ရွံ့စိတ်တွေကိုလည်း ဖြေဖျောက်ပေးနိုင်လိမ့်မယ်လို့ မထင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် ရက်စက်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် သုံးဦးပါအဖွဲ့တစ်ဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မေ ၃၀ ရက်နေ့တွင် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခု ဖွဲ့စည်းစေလွှတ်ရန် ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီက မတ်လတွင် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် အဖွဲ့ဝင်များကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်မှာ နိုင်ငံရေးအရ အကဲဆတ်သည့်ကိစ္စဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာဘင်္ဂလီတို့အား မုဒိမ်မှု ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်သည်ဟု စွပ်စွဲထားမှုများကို အဆောတလျင် စုံစမ်းစစ်ဆေးရန် အဆိုပါအဖွဲ့ကို ကုလသမဂ္ဂက ညွှန်ကြားထားသည်။
အဖွဲ့တွင် ဆုချီးမြင့်ခံထားရသည့် အိန္ဒိယရှေ့နေနှင့် အမျိုးသမီးအခွင့်အရေး စည်းရုံးလှုံ့ဆော်သူ အင်ဒီရာ ဂျိုက်ဆင်း၊ သီရိလင်္ကာနိုင်ငံ၏ လူ့အခွင့်အရေး အကြီးအကဲဟောင်း ရာဒီကာကုမာရဆွာမိနှင့် သြစတြေးလျနိုင်ငံမှ ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေ ခရစ္စတိုဖာဒေါမနစ်ဆီဒိုတီတို့ ပါဝင်သည်။
၎င်းအနေဖြင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်၏ အကြံပြုချက်များကိုသာ လိုက်နာသွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“အစကတည်းက အပြစ်တင်နေမယ့်အစား သူတို့အလုပ်ကို ပြီးစီးအောင် သေသေချာချာ လုပ်လား၊ မလုပ်လားဆိုတာကို ပြသနိုင်တဲ့အချိန်အထိ ကော်မရှင်ကို ကျွန်မတို့ အခွင့်အရေး ပေးသင့်ပါတယ်” ဟု ၎င်းကပြောကြားသည်။