ကုလသမဂ္ဂ၏ ဆောင်ရွက်မှုက ရခိုင်အရေးကို ပိုမိုရှုပ်ထွေးစေနိုင်ဟု တရုတ်သတိပေး

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရိုဟင်ဂျာအကြပ်အတည်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ ဆောင်ရွက်မှုသည် “တင်းမာမှုများကို ပြေလျော့စေမည် မဟုတ်သလို ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်” ဟု တရုတ်နိုင်ငံက ပြောကြားသည်။

“ဒါက ပြဿနာကို ပိုမိုရှု့ပ်ထွေးစေနိုင်ဖွယ်ရှိသလို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ရဲ့ ပြန်လည်ခေါ်ဆောင်ရေးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Geng Shung က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၂၇ ကြိမ်မြောက် အထူးအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုများနှင့် မူဆလင်အသိုက်အဝန်း၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို အရေးယူဆောင်ရွက်ရန် တင်သွင်းခဲ့သည်။ အဆိုပါ အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ရာ တရုတ်နိုင်ငံအပါအဝင် ဖိလစ်ပိုင်နှင့် ဘူရွန်ဒီနိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့ကြသည်။

“လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံ ရှိသည့်အနက် ၁၄ နိုင်ငံက ထောက်ခံခြင်း မပြုခဲ့ကြသဖြင့် အဆိုမူကြမ်းမှာ တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ခြင်းမရှိ” ဟု မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ဆုံးဖြတ်ချက်အဆိုမူကြမ်းအား အရေးယူဆုံးဖြတ်ခြင်းမရှိမီ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက မိန့်ခွန်းပြောကြားရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဆုံးဖြတ်ချက်အဆိုအား မဲခွဲသည့် ကိစ္စအပေါ် ပါဝင်ပတ်သက်မည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်အရေး၏ ရှုပ်ထွေးမှုဟာ အလွန်ကြီးမားပါတယ်။ ဒါကြောင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပိုမိုသိရှိနားလည်ရန် လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ တောင်းဆိုမှုတွေကို လက်တွေ့ တိုးတက်မှုများ ပြုလုပ်ခြင်းဖြင့် တုံ့ပြန်လျှက်ရှိပါတယ်။ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရခိုင်ပြည်နယ်ရဲ့လက်တလောနဲ့ ရေရှည်စိန်ခေါ်မှုများကို မိမိတို့အနေဖြင့် မဆုတ်မနစ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု ဦးထင်လင်းက ပြောကြားခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတကာ အသိုက်အဝန်း၏ ကြိုးပမ်းချက်များမှာ မီးလောင်ရာလေပင့်ခြင်းမျိုး မဖြစ်သင့်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများအပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည့် ရိုဟင်ဂျာ ဒုက္ခသည် ခုနစ်သိန်းခန့်အား ပြန်လည်စိစစ်ခေါ်ယူရန်အတွက် ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံနှစ်နိုင်ငံ အစိုးရများအကြား မကြာသေးမီက သဘောတူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်အရ ပြန်လည်ခေါ်ယူရေး လုပ်ငန်းများကို နှစ်လအတွင်း စတင်သွားမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar