အေအက်ဖ်ပီ
ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်း၏ ရိုက်ခတ်မှုများကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၃၀ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကာ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
လူမျိုးစုအလိုက် ရှင်းလင်းခြင်းဖြစ်သည်ဟု ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က အမည်တပ်ခြင်းကို ခံခဲ့ရသည့် ကြမ်းတမ်းသော စစ်ဆင်ရေးများကို ပြီးခဲ့သည့် သြဂုတ်လတွင် စစ်တပ်က စတင် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂ၏ ပထမဆုံး အဆင့်မြင့်အဖွဲ့ လာရောက်ခြင်းလည်းဖြစ်သည်။
စွပ်စွဲမှုများကို မြန်မာနိုင်ငံက ငြင်းဆိုထားသော်လည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေသူများနှင့် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တို့အား အဆိုပါဒေသတွင်းသို့ သွားရောက်ခွင့် တားမြစ်ထားသည်။
ရခိုင်ပြည်နယ်သို့ သွားရောက်ရန် လုံခြုံရေးကောင်စီက ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် အဆိုပြုခဲ့သော်လည်း မြန်မာအစိုးရကမူ “အချိန်မကျသေး” ဟု ပြန်လည်ပြောကြားခဲ့သည်။ သို့သော် လုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှ သံအမတ်ကြီးများ လာရောက်ရန် မြန်မာအစိုးရက ယခုလအစောပိုင်းတွင် ခွင့်ပြုပေးခဲ့သည်။
“နေပြည်တော်ကို သူတို့ (ဧပြီ) ၃၀ ရက်နေ့မှာ လာရောက်မှာဖြစ်ပြီး နောက်နေ့မှာ ရခိုင်ကို ဆက်သွားမယ်” ဟု ခရီးစဉ်နှင့် ပတ်သက်ပြီး သိရှိထားသည့် မြန်မာအစိုးရအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။ သို့သော် အသေးစိတ်ကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။
သြဂုတ်လတွင် စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်ပိုင်း လူပေါင်း ခုနစ်သိန်းခန့် နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့အား အဓမ္မပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ဒုက္ခသည်များက စွပ်စွဲထားကြသည်။
မြန်မာစစ်တပ်ကမူ ထိုစွပ်စွဲချက်များကို ပယ်ချထားပြီး အာဆာဟုခေါ်သည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မှ အဖွဲ့ဝင်များအား အမြစ်ပြတ်ဖယ်ရှားရန် ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ပြောကြားသည်။ အာဆာအဖွဲ့သည် အဆိုပါဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများကို သြဂုတ်လအတွင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်အား သတ်ဖြတ်ခဲ့သည်။
ဒုက္ခသည်များအား ဇန်နဝါရီလက စတင်ကာ ပြန်လည်ခေါ်ယူရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ သဘောတူညီခဲ့ကြသော်လည်း နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်တွင် နေထိုင်နေသည့် မိသားစုတစ်စုသာ ပြန်လည်ဝင်ရောက်လာသေးသည်။
အဆိုပါနယ်စပ်မျဉ်းပေါ်တွင် ဒုက္ခသည်ထောင်ပေါင်းများစွာ ကျန်ရှိနေသေးပြီး ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ပူးပေါင်းရန် ငြင်းဆိုထားကြသလို လုံခြုံစိတ်ချရမှု မရှိပါကလည်း ပြန်လာလိုကြပေ။
မြန်မာနိုင်ငံသို့ ပြန်လာလိုပါက လူမျိုးအလိုက် ခွဲခြားထားသည့် စခန်းများတွင် နှစ်ပေါင်းများစွာ နေထိုင်ရမည်ကို ၎င်းတို့က စိုးရိမ်နေကြသည်။ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှ ထွက်ပြေးခဲ့သည့် ရိုဟင်ဂျာ ၁၃၀,၀၀၀ ခန့်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စခန်းများတွင် ပိတ်မိနေကြဆဲဖြစ်သည်။
“ကျွန်တော်တို့ အိမ်တွေကို ပြန်ခွင့်ရရှိတဲ့အချိန်အထိ ကျွန်တော်တို့ စောင့်ဦးမှာပါ” ဟု နယ်စပ်မျဉ်းပေါ်တွင် နေထိုင်နေသည့် ဒါမိုဟာမက်က မြန်မာအစိုးရအစီအစဉ်ဖြင့် သတင်းအဖွဲ့ရောက်ရှိလာစဉ် နယ်စပ်ခြံစည်းရိုးတစ်ဖက်မှ ပြောကြားသည်။
“ကျွန်တော်တို့ မိဘတွေ၊ အဖိုးအဖွားတွေအားလုံးက နိုင်ငံသားတွေပါ။ ကျွန်တော်တို့က ဘာလို့ နိုင်ငံသားမဟုတ်တာလဲ” ဟု ၎င်းကပြောသည်။