ကုလဒုက္ခသည်အေဂျင်စီ အကြီးအကဲ၏ ရခိုင်ခရီးစဉ်ကို မြန်မာရွှေ့ဆိုင်း

အေအက်ဖ်ပီ

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်လက်နက်ကိုင်များ ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပေါ်လာပြီးနောက် ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲလာရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို မြန်မာအစိုးရက ရွှေ့ဆိုင်းလိုက်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးဖြစ်သူ Flippo Grandi သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ရက်သတ္တပတ်က လာရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်သို့ သွားရောက်မည့်၎င်း၏ ခရီးစဉ်ကို မြန်မာအာဏာပိုင်များက ပယ်ဖျက်လိုက်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် အေအေနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ တဖန်ပြန်လည်ဖြစ်ပွားနေသည်။

နယ်စပ်အနီးရှိ ရဲစခန်းများကို အေအေအဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ရသည်။

“ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေကို မြန်မာအာဏာပိုင်များရဲ့ လေ့လာသုံးသပ်မှုအရ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်” ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ Andrej Mahecic က ပြောသည်။

ယခုကဲ့သို့ Grandi ၏ ခရီးစဉ် ရွှေ့ဆိုင်းမှုနှင့် ကုလသမဂ္ဂကိုယ်စားလှယ်ဖြစ်သူ Christine Schraner Burgener ၏ သီးခြားလာရောက်မည့်ခရီးစဉ် မသေချာသေးမှုကြောင့် မြန်မာအာဏာပိုင်များအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်ပြဿနာအား ဖြေရှင်းရန် ၎င်းတို့၏ ကတိကဝတ်ပြုထားမှုအား နောက်ပြန်ဆွဲမည်ကို စိုးရိမ်မှုများ ပေါ်ထွက်လာသည်။

“သူတို့ ဘာဆို ဘာမှကို မလုပ်ဘူး။ ဒါတွေကိုလည်း သိမသွားစေချင်ဘူး” ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်တစ်ဦးက ခရီးစဉ်ရွှေ့ဆိုင်းမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar