ကုလဌာနကိုယ်စားလှယ်နှင့် သံတမန်များကို ရခိုင်ပြည်နယ်အတွင်း လေ့လာရန် အစိုးရက ဖိတ်ခေါ်ထား

အောက်တိုဘာ ၂၈

ဘင်္ဂလားဒေ့ရ်ှ နယ်စပ်အနီးရှိ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်က လုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ ဒေသတွေကို သွားရောက်လေ့လာဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ကို အောက်တိုဘာ ၂၄ ရက်နေ့ကတည်းက ဖိတ်ကြားထားပြီးဖြစ်သလို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)ကိုလည်း အဆိုပါဒေသအတွင်း ရိက္ခာထောက်ပံ့ဖို့ ခွင့်ပြုထားပြီးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

အမေရိကန်နိုင်ငံနယူးယောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစယန်ဟီးလီက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်မှန်ကန်ကန်သိဖို့ နိုင်ငံတကာအဖွဲ့တွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုသင့်တယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက် မြန်မာအစိုးရဖက်က အခုလို တုံ့ပြန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ကုလသမဂ္ဂအဖွဲ့တွေ လာရောက်ခွင့်ကို ပိတ်ပင်မထားဘူး။ ဌာနကိုယ်စားလှယ်ကိုလည်း ပြောထားတယ်။ သံတမန်အချို့ကိုလည်း သွားနိုင်တယ်လို့ ပြောထားတယ်။ အထူးသဖြင့် အနောက်နိုင်ငံက သံတမန်တွေ သွားဖို့ ကမ်းလှမ်းထားပြီးဖြစ်တယ်” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပေးပို့မှုတွေကိုလည်း အောက်တိုဘာ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ ခွင့်ပြုထားပြီးဖြစ်တယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။

“ပဋိပက္ခဖြစ်တဲ့ဒေသကို သွားပြီးကြည့်ဖို့လိုတယ်။ တစ်ကယ်လက်တွေ့ မြေပြင်အခြေအနေမှာဆိုရင် ဝန်ကြီးတွေ သွားတဲ့အခါတောင်မှ ပိတ်ဆို့တာတွေရှိတယ်။ ဒါကြောင့်သွားတဲ့အခါ လုံခြုံရေးအဖွဲ့တွေနဲ့ သွားမှရမယ်။ ကိုယ်တိုင်ကိုယ်ကျမြင်သွားမှ ဖြစ်ရပ်မှန်ကို သိမှာပါ”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်း(မ်) သတင်းစာနဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားတဲ့ မောင်တောဒေသက ဦးရှင်းကျားကျေးရွာမှာ တပ်မတော်က အမျိုးသမီးတွေကို အဓမ္မကျင့်တယ်ဆိုတဲ့သတင်းကလည်း မဟုတ်မှန်ပါဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ဦးဇော်ဌေးက ပြောပါတယ်။

အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီး အကြမ်းဖက်မှုကျူးလွန်သူတွေ ခိုအောင်းနေတယ်လို့ သတင်းရထားတာကြောင့် ရပ်မိရပ်ဖတွေနဲ့အတူ ဝင်ရောက်စစ်ဆေးခြင်းသာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင် ကိုးဦးနဲ့ တပ်မတော်သား ငါးဦး ကျဆုံးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ပါဝင်သူတွေဟာ နိုင်ငံတကာနဲ့ စပ်ဆက်နေတဲ့ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားတာကြောင့် ဘယ်လို ဆက်လက်ဆောင်ရွက်နေပါသလဲလို့ Frontier က မေးမြန်းရာမှာတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူကဖြေကြားခဲ့ပါတယ်။

“ဒီနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေလိုအပ်တယ်။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အနီးကပ်ဆက်ဆံပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေ၊ အကြမ်းဖက်တိုက်ဖျက်မှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ သတင်းအချက်အလက် ဖလှယ်တာတွေရှိပါတယ်” လို့ ဦးဇော်ဌေးကပြောပါတယ်။

အဆိုပါဒေသမှာ နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးလုပ်ငန်းတွေ ဘယ်အချိန်မှာ ပြီးစီးမယ်ဆိုတာကိုတော့ အစိုးရအနေဖြင့် မပြောနိုင်သေးပဲ အကြမ်းဖက်သမားတွေ ယူဆောင်သွားတဲ့ လက်နက်တွေ ပြန်လည်ရရှိရန်နဲ့ အကြမ်းဖက်မှုများမှာ ပါဝင်သူတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနဲ့အညီ အရေးယူဖို့ဆိုတဲ့ ကိစ္စနှစ်ခုအပေါ်မှာသာ မူတည်နေတယ်လို့ ဆိုပါတယ်။

“အဲဒီနှစ်ချက်ရတဲ့အပေါ်မူတည်ပြီးတော့ စစ်ဆင်ရေးဘယ်တော့ပြီးမလဲဆိုတာ အဖြေထွက်မှာပါ”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ရပ်များနဲ့ ပတ်သက်၍လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကိုလည်း အောက်တိုဘာ ၂၅ ရက်က ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သူကပြောပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar