ကုလက စိုးရိမ်နေသော်လည်း အိန္ဒိယက ရိုဟင်ဂျာများကို နှင်ထုတ်ပြီး မြန်မာပြည်သို့ ပြန်ပို့မည်

အေအက်ဖ်ပီ

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ထိန်းသိမ်းထားသော ရိုဟင်ဂျာ ခုနှစ်ဦးကို မြန်မာနိုင်ငံသို့ နှင်ထုတ်မည်ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ပြောကြားသည်။

ထိုကဲ့သို့ ရိုဟင်ဂျာအမျိုးသားခုနှစ်ဦးကို ပြန်ပို့ခြင်းသည် ၎င်းတို့ မြန်မာနိုင်ငံတွင် နှိပ်စက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းအား လစ်လျူရှုရာ ရောက်ပြီး ၎င်းတို့ရသင့်သည့် ကာကွယ်မှုအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုခြင်း ဖြစ်လိမ့်မည်ဟု ကုလသမဂ္ဂက အိန္ဒိယကို သတိပေးထားသည်။ သို့သော်လည်း ၎င်းတို့ကို အောက်တိုဘာ ၄ ရက်နေ့တွင် နှင်ထုတ်မည်ဟု အိန္ဒိယအရှေ့မြောက်ပိုင်း၊ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါရိုဟင်ဂျာများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုဖြင့် ၂၁ဝ၁၂ ခုနှစ်ကတည်းက မဏိပူရပြည်နယ်တွင် အကျဉ်းချထားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက ဒီအမျိုးသားခုနှစ်ယောက်ကို မနက်ဖြန် နှင်ထုတ်မှာပါ” ဟု အကြီးတန်းပြည်နယ်အရာရှိတစ်ဦးဖြစ်သည့် ဘဟာစကာဂျေယိုတီမဟန်တာက အေအက်ဖ်ပီသို့ အောက်တိုဘာ ၃ ရက်နေ့က ပြောသည်။ ရခိုင်ပြည်နယ်မှ ထိုအမျိုးသားများ ထိန်းသိမ်းခံထားရသည့် အချိန်ကာလကို ၎င်းအနေဖြင့် ထိတ်လန့်မိသည်ဟု လူမျိုးရေးခွဲခြား ဆက်ဆံမှုဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တဲန်ဒါယီအက်ချီယူးမ်က ပြောသည်။

လွန်ခဲ့သည့်နှစ်အတွင်းက ရခိုင်ပြည်နယ်တွင် စစ်တပ်၏ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ဝဝ,ဝဝဝ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။ ၎င်းစစ်ဆင်ရေးမှာ ရိုဟင်ဂျာသောင်းကျန်းသူများကို အမြစ်လှန်ရန်ဖြစ်သဖြင့် မျှတမှုရှိကြောင်း အခိုင်အမာ ပြောကြားလျက်ရှိပြီး အမှားအယွင်းအားလုံး မကျူးလွန်ခဲ့ဟု စစ်တပ်က ငြင်းဆိုထားသည်။

သို့သော်လည်း လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် ရိုဟင်ဂျာတို့အပေါ် လူမျိုးတုံးရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း လုံလောက်သည့် အထောက်အထားရှိသဖြင့် မြန်မာစစ်တပ်မှ ထိပ်တန်း အရာရှိကြီးအချို့ကို တရားစွဲဆိုသင့်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုက ပြောကြားထားသည်။

တရားမဝင် ဝင်ရောက်မှုဖြင့် ရိုဟင်ဂျာ ၂ဝဝ ခန့်ကို အိန္ဒိယတွင် ထိန်းသိမ်းထားသည်ဟု သိရကြောင်း အက်ချီယူးမ်က ပြောသည်။

ရိုဟင်ဂျာများကို ပြန်ပို့ရန် အိန္ဒိယအစိုးရ၏ အမိန့်တစ်ခု ပြီးခဲ့သည့်နှစ်က ထွက်ပေါ်လာပြီးနောက် နှင်ထုတ်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အမိန့်မှာ အခြေခံဥပဒေနှင့် မညီဆိုသည့်အချက်ကို အခြေခံ၍ အမိန့်အား စိန်ခေါ်မည့် အသနားခံလွှာတစ်ခုကို လက်ခံရန် စဉ်းစားနေသည်။

အဆိုပါရိုဟင်ဂျာတို့ကို အန္တရာယ်ဖြစ်စေနိုင်သည့် နေရာကို ပြန်ပို့ခြင်းဖြင့် အိန္ဒိယသည် နိုင်ငံတကာ တရားရေးဆိုင်ရာ တာဝန်များကို ချိုးဖောက်သည့် အနေအထား ဖြစ်စေနိုင်သည်ဟု အက်ချီယူးက ဆိုသည်။

“ဒီအမျိုးသားတွေရဲ့ လူမျိုးစုအမှတ်လက္ခဏာကို ထောက်ဆပြီးပြောရရင် ဒါဟာ သူတို့ရဲ့ အကာအကွယ် ရပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုလိုက်တာပါ။ ပြီးတော့ ခိုလှုံသူဒုက္ခသည်ကို နှိပ်စက်ခံရတဲ့ဆီ ပြန်ပို့ရာလည်း ရောက်ပါတယ်” ဟု ဥပဒေ ပါမောက္ခလည်းဖြစ်သူက ၎င်းက ကြေညာချက်တစ်ခုတွင် ပြောကြားထားသည်။ ရိုဟင်ဂျာတို့မှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု အစွန်းရောက်အုပ်စုများနှင့် ရိုဟင်ဂျာတို့ ချိတ်ဆက်မှုရှိနေသည်ဆိုသည့် ထောက်လှမ်းရေးသတင်းကို ကိုးကားလျက် နယူးဒေလီရှိ အိန္ဒိယအစိုးရက ပြောကြားလျက်ရှိသည်။

အိန္ဒိယတွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာ ၁၆,ဝဝဝ ရှိပြီး နောက်ထပ် အထောက်အထားမရှိသည့် ရိုဟင်ဂျာများစွာ ရှိသေးသည်ဟု ကုလက ပြောသည်။ အိန္ဒိယတွက် ရိုဟင်ဂျာ ၄ဝ,ဝဝဝ ရှိသည်ဟု အိန္ဒိယအစိုးရက ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar