သော်မတ်စ် ကင်းန်
သြဂုတ် ၁ ရက်နေ့တွင် အာဏာသက်ရောက်လာတော့မည့် ကုမ္ပဏီဥပဒေသစ်သည် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ အခင်းအကျင်းကို ပြောင်းလဲသွားစေလိမ့်မည်ဟု ဒု-သမ္မတ ဦးမြင့်ဆွေက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများမှ အကြီးအကဲများကို ပြောကြားသည်။
ဇွန် ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော မြန်မာ-အီးယူ စီးပွားရေးဖိုရမ်တွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ ၂ဝ၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အပါအဝင် လက်ရှိအစိုးရသစ်က လုပ်ဆောင်နေသော ပြုပြင် ပြောင်းလဲမှုများတွင် မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဦးမြင့်ဆွေက ပြောကြားသည်။ စိုက်ပျိုးရေး၊ အခြေခံ အဆောက်အအုံနှင့် ကုန်ထုတ်လုပ်ရေးအပါအဝင် ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှပ်နံှမှုများ ပိုမိုဆွဲဆောင်နိုင်ရန် အစိုးရက မျှော်လင့်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
“မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဟာ ရင်းနှီးမြှုပ်နှံသူများအတွက် ပို၍ပွင့်လင်းမြင်သာသော၊ ပို၍ လွတ်လပ်မှုရှိသော၊ ပို၍အကာအကွယ်ရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ပေးထားပါတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။
“ကုမ္ပဏီများ ဥပဒေသစ်ကလည်း ကုမ္ပဏီတွေရဲ့ အခင်းအကျင်းကို ပြောင်းလဲပစ်မှာ သေချာပါတယ်” ဟု ၎င်းကပြောကြားသည်။
ကုမ္ပဏီဥပဒေသစ်အရ မြန်မာကုမ္ပဏီတစ်ခုတွင် ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားက ဝယ်ယူပိုင်ဆိုင်ခွင့် ရရှိလာရာ ပြည်တွင်း ကုမ္ပဏီများအတွက် လိုအပ်လျက်ရှိသော ငွေကြေးအရင်းအနှီးများလည်း ရပေါက်ရလမ်း ပွင့်လာခဲ့သည်။ ကုမ္ပဏီများ၏ စီမံအုပ်ချုပ်မှုအဆင့်အတန်း တိုးတက်မြင့်မားလာပြီး မလိုအပ်သော ကြိုးနီစနစ်ကိုလည်း ဖြတ်တောက် လျော့ချနိုင်မည်ဖြစ်သည်။
မကြာသေးမီ နှစ်များအတွင်း မြန်မာ့စီးပွားရေးတွင် အပြုသဘောအပြောင်းအလဲများစွာကို တွေ့မြင်ခဲ့ရပြီး ရင်းနှီးမြှုပ်နှံသူများက အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသည်ကို မြင်တွေ့လိုနေကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt က ပြောပါသည်။
“အသိပညာဆိုင်ရာ ပိုင်ဆိုင်ပစ္စည်း ဥပဒေလည်း မကြာမီ ထွက်လာတော့မယ်။ ဒီဥပဒေကို လွှတ်တော်က အချိန်မဆွဲဘဲ အတည်ပြုမယ်လို့ မျှော်လင့်တယ်။ ဒါကအလွန်အရေးကြီးတဲ့ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်လာလိမ့်မယ်။ ဒီဥပဒေတွေဟာ နောက်ထပ်ဝင်လာမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ အခြေခံ အကြောင်းအချက်တွေပဲ ဖြစ်တယ်” ဟု ၎င်းကပြောသည်။
ဥရောပကုမ္ပဏီများမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်နေကြရကြောင်း၊ တန်းတူညီမျှအခွင့်အရေး၊ ဥပဒေစိုးမိုးမှု၊ ကြိုးနီစနစ်လျော့ချရေး၊ အဂတိလိုက်စားမှု ကင်းရှင်းသည့်အစိုးရ စသည်တို့ကို မြင်တွေ့လိုကြကြောင်း ၎င်းက ပြောသည်။
မြန်မာနှင့် အီးယူအကြား အပြန်အလှန် ကုန်သွယ်မှုကြီးထွားလာခြင်းသည် စီးပွားရေးပူးပေါင်းလုပ်ဆောင်မှု၏ အကျိုးရလဒ် ပင်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။
၂ဝ၁၃ နှင့် ၂ဝ၁၇ ခုနှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမှာ လေးဆ မြင့်တက်သွားရာ ယူရို ၅၆၈ သန်းမှ ယူရို သန်း ၂,ဝဝဝ အထိ ရှိလာခဲ့သည်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှ ချုပ်ပြီး အထည်များ ဥရောပသို့ တင်ပို့မှု တိုးမြင့်လာခြင်းမှ ရရှိခြင်းဖြစ်သည်။ မြန်မာ့အထည်ချုပ်လုပ်ငန်းသည် အထူးအောင်မြင်လျက်ရှိပြီး လူပေါင်း လေးသိန်းခန့်အား အလုပ်အကိုင် ပေးထားကာ ထိုအထဲမှ ၉၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။
၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအား ကုန်သွယ်ရေးဦးစားပေးနိုင်ငံများ စာရင်း Generalised Scheme of Preferences (GSP) တွင် ပြန်လည်ထည့်သွင်းရန် ဥရောပသမဂ္ဂက ဆုံးဖြစ်ခဲ့ခြင်းသည် မြန်မာ့အထည်ချုပ်လုပ်ငန်းကို ဥရောပဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးလိုက်သော အဓိကအကြောင်းတရားပင် ဖြစ်ခဲ့သည်။
သို့ရာတွင် GSP အခွင့်အရေးအပါအဝင် ဥရောပအကူအညီနှင့် အခြားပူးပေါင်းလုပ်ဆောင်မှုများကို အမြဲထာဝရ အလိုလို ရနေမည့် အခွင့်အရေးများအဖြစ် သဘောမထားသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများ တိုးတက်ရရှိနေရန် လိုအပ်ကြောင်း Schmidt က ပြောကြားသည်။
“ကျွန်တော်တို့က မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်၊ တိုင်းရင်းသား လူနည်းစု အခွင့်အရေး လေးစားမှုနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေကို သတိထားစောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။
“မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဏ္ဍက လူတွေအပါအဝင် အားလုံးနားလည်ထားဖို့ အရေးကြီးတာက လူ့အခွင့်အရေးတွေကို လေးစားတဲ့ ဒီမိုကရေစီစနစ်မှာ ရိုးရိုးသားသား လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းသာလျှင် အောင်မြင်ကြီးပွားနိုင်တယ် ဆိုတာပါပဲ။
“နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူမှုအခွင့်အရေးတွေ လျှောကျလာပြီဆိုရင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိုပါ ထိခိုက်လာပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း ပြန်လည် ထွက်ခွာသွားကြမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။