ကုန်သေတ္တာယာဉ်များအား ယနေ့မှစ၍ နေ့ပိုင်း ပြန်လည်မောင်းနှင်ခွင့်ပြု

ရန်ကုန်၊ မတ် ၁၆

ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကုန်သေတ္တာယာဉ်များအား ညပိုင်းမှသာ မြို့တွင်း ဖြတ်သန်းမောင်နှင်ခွင့်ပေးခဲ့သော်လည်း ယနေ့မှ စတင်၍ နေ့လည် ၁၁ နာရီမှ ၃ နာရီအတွင်းတွင်လည်း ပြန်လည် မောင်းနှင်ခွင့်ပြုပေးလိုက်သည်။

အဆိုပါခွင့်ပြုမိန့်အား တိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိကာလသည် ပွင့်လင်းရာသီဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်နှင့် ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များ တိုးမြှင့်ပို့နေသည့် ကာလဖြစ်၍ ဈေးကွက်လိုအပ်ချက် အတိုင်း အချိန်မီတင်ပို့ရန် လိုအပ်ချက်အရ” ယခုကဲ့သို့ ပြန်လည်ခွင့်ပြုပေးခြင်းဖြစ်သည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မကြာမီနှစ်သစ်ကူး သြင်္ကန်ရုံးပိတ်ရက်ကာလ ရောက်ရှိလာလျှင်လည်း ရပ်ဆိုင်းထားရမည့် လုပ်ငန်းများအတွက် ယခုအချိန်တွင် အထူးကိစ္စတစ်ရပ်အနေဖြင့် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ချက်အရလည်း ယခုကဲ့သို့ ခွင့်ပြုခြင်းဖြစ်ကြောင်း ဖော်ပြထားသေးသည်။

ရန်ကုန်မြို့၏အဓိကလမ်းမများပေါ်တွင် ကွန်တိန်နာနှင့် ကုန်တင်ယာဉ်ကြီးများကို ည ၉ နာရီမှ နံနက် ၆ နာရီအတွင်းသာ မောင်းနှင်ခွင့်ပြုမည့်အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် စတင် ကျင့်သုံးစေခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သေတ္တာယာဉ်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးစိုးနိုင်က ကုန်သေတ္တာယာဉ် များကို ညပိုင်းမှ သွားလာခွင့်ပေးခဲ့သဖြင့် ကားများ အဆင့်ဆင့်ကြာမြင့်စွာ ပိတ်မိနေသဖြင့် ယာဉ်တစ်စီးသည် သုံးရက်လျှင် တစ်ခေါက်မျှသာ ပြေးဆွဲနိုင်သည့် အခြေအနေမျိုးဖြစ်နေကြောင်း ရှင်းပြသည်။  

“အခုဒီကနေထွက်မယ်ဆိုပါစို့။ ညရှစ်နာရီမှ ထွက်ရတယ်။ ဟိုဘက်ရောက်ရင် ညဖက်ဆိုတော့ အလုပ်သမားမရှိတော့ ကုန်မချနိုင်ဘူး။ အဲဒီတော့ ညအိပ်စောင့်။ မနက်ကျ ကုန်ချပြီးတယ်။ ဒါပေမဲ့ နံနက် ခြောက်နာရီကျော်တော့ ပြန်ထွက်လို့မရတော့ တစ်နေ့လုံးစောင့်ပြီး ညဖက်မှ ပြန်ထွက်ရပြန် တယ်။ အဲ့ဒီတော့ ကုန်ကျစရိတ်တွေ တက်ကုန်တာပေါ့။ ကားခက ၂၀၀၈ ကနေ ယနေ့အထိ ဒီအတိုင်းပဲ။ ဒါပေမဲ့ တစ်ဖက်မှာ (ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များဘက်တွင်) ကုန်ကျစရိတ်တွေက အများကြီး တက်သွားတယ်”ဟု ၎င်းက Frontier ကိုပြောသည်။

ထိုသို့ဖြစ်ပွားနေသည့်အတွက် ကုန်စည်ပို့ဆောင်စရိတ်တွင် ရာခိုင်နှုန်း ၃၀ မှ ၄၀ ခန့်အထိ မြင့်တက်သွားခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

၎င်း၏အဆိုအရ မြန်မာပြည်မှ ပြည်ပသို့ ပို့ဆောင်မည့် ကုန်ပစ္စည်းတင် ကုန်သေတ္တာကားများကိုသာ နေ့လည် ၁၁ မှ မွန်းလွဲ ၃ နာရီကြာ းပြေးဆွဲခွင့်ပေးခြင်းဖြစ်ပြီး၊ ပြည်ပမှသွင်းကုန်များ တင်ဆောင်သောကားများ မပါဝင်သေးကြောင်းသိရသည်။

ထို့ပြင် ကုန်သေတ္တာတင်ယာဉ်များ သွားလာချိန် ကန့်သတ်ခြင်းက မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုအား သက်သာစေမည်မဟုတ်ဟုလည်း ဦးစိုးနိုင်က ပြောသည်။

“ကျွန်တော်တို့ ကုန်သေတ္တာကားတွေက သာမန်လမ်းကြောင်းထဲ ဝင်မောင်းမှာမဟုတ်ဘဲ သီးခြား မြို့ပတ်လမ်းကိုသုံးမှာဖြစ်လို့ ယာဉ်ကြောပိတ်တာကို မသက်ရောက်နိုင်ပါဘူး”ဟု ၎င်းကဆိုသည်။

ဒုသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုနှင့် တိုင်းအဆင့်ဝန်ကြီးများနှင့် လုပ်ငန်းရှင်ကြီးများ ယနေ့ ရန်ကုန်မြို့တွင် တွေ့ဆုံရာတွင် မြန်မာပြည်ထုတ် ကုန်စည်များ ပိုမိုဈေးချိုစွာ တင်ပို့နိုင်ရေးအတွက် ကုန်စည်ပို့ဆောင်ခစရိတ် (logistic cost) လျှော့ချရန် အဓိကထားဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။ ထိုဆွေးနွေးပွဲတွင် ယခုကုန်သေတ္တာယာဉ်များ မောင်းနှင်ချိန်ကိစ္စသည်လည်း အစိတ်အပိုင်း တစ်ခုအဖြစ်ပါဝင်ခဲ့သည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.