ကိုးကန့်အဖွဲ့ပိုင် ဘဏ်စာရင်းတစ်ခုကို တရုတ်နိုင်ငံပိုင်ဘဏ်က ဆိုင်းငံ့

ရန်ကုန်၊ မတ် ၂၂

မြန်မာအစိုးရတပ်မတော်နှင့် တိုက်ခိုက်နေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA)အဖွဲ့အတွက် လှူဒါန်းသည့်ငွေများကို လက်ခံတော့မည်မဟုတ်ဟု တရုတ်နိုင်ငံပိုင်ဘဏ်တစ်ခုက ပြောကြားလိုက်သည်။

ကိုးကန့်တပ်ဖွဲ့ဟု လူသိများသည့် MNDAA အား ထောက်ခံသူများက လှူဒါန်းသည့် ငွေများကို လက်ခံရာတွင် အသုံးပြုသည့် ဘဏ်စာရင်းကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း တရုတ်စိုက်ပျိုးရေးဘဏ် (AgriBank) က MNDAA ထံ အကြောင်းကြားခဲ့သည်ဟု ယနေ့ ရိုက်တာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် ကိုးကန့်ဒေသတွင် ၂၀၁၅ ခုနှစ်က တပ်မတော်နှင့် MNDAA တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့်အတွက် လူပေါင်းများစွာ သေဆုံးကာ ဒုက္ခသည်ထောင်ပေါင်းများစွာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ အဆိုပါဒေသတွင် ယခုလအစောပိုင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ ၄၀ ဦးခန့် ရှိခဲ့ကာ ဒုက္ခသည်ထောင်ပေါင်းများစွာ တရုတ်နိုင်ငံသို့ ထပ်မံ ထွက်ပြေးခဲ့ရပြန်သည်။

၂၀၁၅ ခုနှစ်က စတင်ကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေး စုစောင်း ကောက်ယူမှုကို MNDAA က လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။ ၎င်းတို့၏ အင်တာနက်ဘလော့စာမျက်နှာတွင် လှူဒါန်းငွေများကို စတင်ဖော်ပြခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဧပြီလက စတင်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်းခွဲနီးပါး ရရှိခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

MNDAA အား ထောက်ခံသူများအနေဖြင့် လှူဒါန်းငွေများကို AgriBank ရှိ ငွေစာရင်းသို့ တိုက်ရိုက်ထည့်သွင်းခြင်းဖြစ်စေ၊ မိုဘိုင်းငွေလွှဲစနစ်နှစ်ခုဖြစ်သည့် WeChat Pay သို့မဟုတ် Alipay တို့မှတစ်ဆင့်ဖြစ်စေ လှူဒါန်းနိုင်ကြသည်။

အဆိုပါငွေစာရင်းနှင့် ပတ်သက်ပြီး ရိုက်တာ၏ အသေးစိတ်မေးမြန်းမှုများကို ဘဏ်က ဖြေကြားခြင်းမရှိသော်လည်း ၎င်းတို့အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့များ ငွေကြေးထောက်ပံ့မှု တားမြစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာသည်ဟု ဖြေကြားခဲ့သည်။ ထို့ပြင် လိုအပ်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်နေသည်ဟုလည်း ဖြေကြားခဲ့သည်။

အဆိုပါဘဏ်က MNDAA အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်နေမှုများက တရုတ်နိုင်ငံ၏ ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်သည်ဟူသည့် အထောက်အထားလည်းမရှိကြောင်း ရိုက်တာက ရေးသားထားသည်။

ထို့ပြင် MNDAA ကိုလည်း အစိုးရတစ်ရပ်ရပ်ကဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားခြင်း မရှိပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar