ကိုလိုနီ အမွေဆိုး ဥပဒေဟောင်းများ

ခေတ်အဆက်ဆက် မြန်မာအစိုးရများက ကိုလိုနီအုပ်ချုပ်ရေး အမွေအနှစ်များကို ဖျောက်ဖျက်ရန် ကြိုးစားခဲ့သော်ငြားလည်း ယနေ့အချိန်အထိ ဆက်လက်အသုံးပြုနေသည့် ခေတ်နောက်ကျနေသော ဥပဒေများမှာမူ သိသာသော ခြွင်းချက်တစ်ခု ဖြစ်သည်။ 

အိုလီဗာ ဆလိုး ရေးသားသည်။

အတိတ်ကာလမှ အရပ်သားနှင့် စစ်အစိုးရများက ဗြိတိသျှအုပ်စိုးမှုအပေါ် နှစ်သက်ခြင်း မရှိသည်မှာ ရှင်းလင်းလှသော်လည်း ဆန့်ကျင်ပုန်ကန်သူများအား နှိမ်နှင်းရန် ကိုလိုနီခေတ်အတွင်း ပြဋ္ဌာန်းခဲ့သည့် ဖိနှိပ်သောဥပဒေများကိုမူ ဆက်လက်အသုံးပြုနေဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံကို ဆယ်စုနှစ် ငါးစုနီးပါး အုပ်ချုပ်ခဲ့သော စစ်ဗိုလ်ချုပ်များမှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်အထိ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့သော ဗြိတိသျှ ကိုလိုနီအုပ်စိုးမှုဆိုင်ရာ သမိုင်းအမွေအနှစ်များကို ဖျောက်ဖျက်ရန် အချိန်အတန်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ထိန်းသိမ်းထားခဲ့သည့် သမိုင်းအမွေအနှစ် တစ်ရပ်မှာမူ ပြည်ပအုပ်စိုးမှုအပေါ် အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည့် မျိုးချစ်များကို နှိမ်နင်းနိုင်ရေးအတွက် ဗြိတိသျှတို့ အသုံးပြုခဲ့သည့် တရားစီရင်ရေးစနစ်ကို ဆက်လက်အသုံးပြုခဲ့ခြင်းပင် ဖြစ်ပြီး ဆက်လက်အသက်ဝင် အတည်ဖြစ်ဆဲ ဥပဒေများလည်း အပါအဝင်ဖြစ်သည်။

စစ်အာဏာရှင်စနစ်မှ စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်သို့ လျှောက်လှမ်းနေသည့် စမ်းတဝါးဝါး ခရီးစဉ်အတွင်း၌ မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်သော စိန်ခေါ်ချက်တစ်ရပ်မှာ ဆန္ဒပြသူများနှင့် အခြားသူများအား ရိုက်နှက်ဖမ်းဆီးရန် အသုံးပြုသော ဥပဒေအချို့ပင် ဖြစ်သည်။

အောက်ဖော်ပြပါစာရင်းတွင် လူသိပိုများသော ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည့် ကိုလိုနီခေတ် ဥပဒေအချို့ကို ဖော်ပြထားသည်။ 

၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ Official Secrets Act (1923) 

လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုကို ထိန်းချုပ်ရန် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ဗြိတိသျှတို့က အသုံးပြုခဲ့သည်။ နိုင်ငံတော်က လျှို့ဝှက်အပ်သည်ဟု သတ်မှတ်ယူဆထားသော သတင်းအချက်အလက်များ လက်ဝယ်ပိုင်ဆိုင်၊ ဖြန့်ဝေမှုကို ရာဇဝတ်မှု မြောက်စေသော ဥပဒေ ဖြစ်သည်။

ဤအက်ဥပဒေအရ နိုင်ငံတော် ဘေးကင်းလုံခြုံရေးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးသက်ရောက်စေနိုင်သည့် သတင်းအချက်အလက်များဖြင့် ဆက်သွယ်ခြင်း၊ သို့မဟုတ် “ရန်သူများအတွက် အသုံးဝင်နိုင်ခြေရှိသော” သတင်းအချက်အလက်များကို မျှဝေခြင်းမှာ ရာဇဝတ်မှုတစ်ခု ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် “ယူနတီ ငါးဦးအမှု” ဟုခေါ်ဆိုနေသည့် ပျောက်ကွယ်သွားပြီဖြစ်သော ယူနတီဂျာနယ်၏ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တို့သည် မကွေးတိုင်းဒေသကြီးရှိ စက်ရုံတစ်ရုံတွင် တပ်မတော်မှ ဓာတုလက်နက်များ ထုတ်လုပ်နေသည်ဟူသော သတင်းတစ်ပုဒ်ကို မမှန်မကန် ရေးသားမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ကြရသည်။ ထိုရေးသားမှုကို အစိုးရက မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။ ထိုနှစ်၏ အောက်တိုဘာလအတွင်း၌ပင် “ယူနတီ ငါးဦးအမှု” အတွက် ထောင်ဒဏ်များကို အယူခံလျှောက်ထားမှုအရ ခုနစ်နှစ်သို့ အသီးသီး လျှော့ချပေးခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေသည် အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရေးတို့ကို ဟန့်တားသောဥပဒေ ဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပုဒ်မ ၁၉ ကို တိုက်ရိုက်ချိုးဖောက်မှု တစ်ခု ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ကြသည်။

ထိုပုဒ်မတွင် “လူတိုင်း၌ လွတ်လပ်စွာ တွေးခေါ်ထုတ်ဖော်ပိုင်ခွင့်ရှိပြီး ယင်းတို့တွင် အမြင်သဘောထားများကို အနှောက်အယှက် တစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာ ယုံကြည်ဖော်ထုတ်နိုင်ခွင့်၊ မီဒီယာတစ်ခုခုက နယ်ပယ်အတိုင်းအတာ ပိုင်းခြားမှုမရှိစေရဘဲ သတင်းအချက်အလက်များ၊ အကြံဉာဏ်များကို ရှာဖွေခွင့်၊ လက်ခံရရှိခွင့်နှင့် ပေးအပ်ခွင့်များ ပါဝင်သည်” ဟုဖော်ပြထားသည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ၏ အလွန်အမင်း ကျယ်ပြန့်သော သဘောသဘာဝအရ အမျိုးသားလုံခြုံရေးကို ကာကွယ်သည်ဆိုသော မျက်နှာဖုံးအောက်တွင် အစိုးရကို ဆန့်ကျင်ဝေဖန်သူများမှာ  အပြစ်ပေး အရေးယူခံရနိုင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(ဗမာနိုင်ငံ)က ယင်းတို့၏ ယမန်နှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ 

၁၉၀၈ ခုနှစ် တရားမဝင် စုရုံးမှု အက်ဥပဒေ Unlawful Associations Act (1908) 

တရားမဝင် စုရုံးမှု အက်ဥပဒေကို တိုင်းရင်းသား လူနည်းစုများအား ဖိနှိပ်အရေးယူရန် အသုံးပြုလေ့ရှိကြောင်း မြန်မာနိုင်ငံမှ လူ့အခွင်အရေးဆိုင်ရာ နာမည်ကျော်ရှေ့နေများအနက်မှ တစ်ဦး ဖြစ်သော ဦးရောဘတ်စန်းအောင်က ဆိုသည်။

တရားမဝင် စုရုံးမှု ဆိုသည်မှာ “လူပုဂ္ဂိုလ်များအား အကြမ်းဖက်မှု၊ သို့မဟုတ် ခြိမ်းခြောက်မှုများ ကျူးလွန်စေရန် အားပေးခြင်း၊ သို့မဟုတ် အကူအညီပေးခြင်း၊ သို့မဟုတ် ထိုသို့သော အပြုအမူများကို လုပ်လေ့လုပ်ထရှိသောအဖွဲ့ဝင်များ”အဖြစ် အနက်ဖွင့်ဆိုထားသည်။ နိုင်ငံတော်သမ္မတတွင် အဖွဲ့တစ်ဖွဲ့အား မတရားအသင်း ကြေညာရန် အခွင့်အာဏာ ရှိသည်။

ဤဗြိတိသျှဥပဒေဟောင်းဆိုင်ရာ လူသိအများဆုံး အမှုတစ်ခုမှာ ရွာပုန်းရွာရှောင် ကချင်လယ်သမားဖြစ်သူ ဦးဘရန်ရှောင်အား တရားစွဲဆိုခဲ့သည့်အမှုပင် ဖြစ်သည်။ ၎င်းအား ကချင်လွတ်မြောက်ရေး တပ်မတော်အဖွဲ့ဝင် တစ်ဦးအဖြစ် စွပ်စွဲကာ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။ ကလေးနှစ်ဦး၏ဖခင် ဦးဘရန်ရှောင်အား စစ်ဘေးရှောင်များအတွက် ဒုက္ခသည်စခန်း တစ်ခုအတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ တရားမဝင် စုရုံးမှု အက်ဥပဒေပုဒ်မ ၁၇ (၁) အရ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ  ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည်ဟု ၎င်း၏ရှေ့နေနှင့် မိသားစုဝင်များက ပြောကြားသည်။

ဤအက်ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၃၅၄ နှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်ဟု အဖွဲ့များစွာက ဝေဖန်ခဲ့ပြီးဖြစ်သည်။ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်း၌ အမြင်သဘောထားများ လွတ်လပ်စွာ ထုတ်ဖော်ရေးသားဖြန့်ဝေပိုင်ခွင့်၊ လက်နက်မဲ့ ငြိမ်းချမ်းစွာ စုရုံးပိုင်ခွင့်နှင့် စီတန်းလှည့်လည်ပိုင်ခွင့်၊ အသင်းအပင်းဖွဲ့စည်းပိုင်ခွင့်များ ရှိသည်ဟု ဖော်ပြထားသည်။ 

၁၈၇၈ ခုနှစ် လက်နက် အက်ဥပဒေ Arms Act (1878)

လက်နက်အက်ဥပဒေတွင် လက်နက်များ လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ပိတ်ပင်တားမြစ်ထားပြီး ဤဥပဒေကို လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူများအား နှိမ်နင်းရန်  ဗြိတိသျှတို့က အဓိက အသုံးပြုခဲ့သည်။

လွတ်လပ်ရေး ရရှိခဲ့သည့်အချိန်မှစ၍ အဆက်ဆက်သော အစိုးရများသည် တိုင်းရင်းသားအဖွဲ့များအား လက်နက်ဝယ်ယူခြင်းမှ ကာကွယ်ရန် ဤဥပဒေကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဤဥဒေပြင်ဆင်ရန် တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ဗြိတိသျှ နယ်ချဲ့များထံမှ အမွေဆက်ခံရရှိခဲ့သည့် မြောက်မြားလှစွာသော ဥပဒေများကဲ့သို့ပင် ဤဥပဒေမှာလည်း အင်္ဂလိပ်ဘာသာဖြင့်သာ ရရှိနိုင်ပြီး မြန်မာဘာသာသို့ ပြန်ဆိုရန်  လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် လေသေနတ်ဟု လူသိများသော ပုံစံတူသေနတ်တစ်လက်ကို ဂိမ်းကစားရာတွင် အသုံးပြုခဲ့မိသော လက်နက်ပိုင်ရှင်အား ဤဥပဒေ အသုံးပြုကာ နှိပ်ကွပ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ဝင်ရောက် စီးနင်းခဲ့ပြီး ယင်းအမျိုးသားတစ်ဦးကို လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် အရေးယူခံခဲ့ကြောင်း မြန်မာတိုင်းမ်က ရေးသားဖော်ပြဖူးသည်။

သတ္တု၊ သို့မဟုတ် ပလတ်စတစ် ကျည်ဆံများဖြင့် ပစ်ခတ်ရသော လေသေနတ်များကို ၁၉၇၀ ပြည့်နှစ်များတွင် ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် တရားဝင် ကိုင်ဆောင်နိုင်သည်။ သို့သော် လေသေနတ် အသုံးပြု ဆော့ကစားသူများသည် မျက်နှာကို အကာအကွယ်တစ်ခုခု တပ်ဆင်ရန် လိုအပ်လေ့ရှိသည်။ 

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ – ပုဒ်မ ၂၉၅/၂၉၅(က) Penal Code:  Articles 295/295(a)

မြန်မာနိုင်ငံ၏ “ဘာသာသာသနာ ညှိုးနွမ်းစေမှု” ဥပဒေများသည် ယမန်နှစ် အတွင်းပိုင်း၌ သိသာထင်ရှားသော အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။ ထိုစဉ်က ဈေးနှုန်းသက်သာစွာ ယမကာ မှီဝဲနိုင်သော ညတစ်ညအတွက် နားကြပ်များ တပ်ဆင်ထားသော ဗုဒ္ဓရုပ်ပွားတော်ပုံ တစ်ပုံထည့်သွင်းထားသည့် အရောင်းမြှင့်တင်ရေး လက်ကမ်းကြော်ငြာနှင့်ပတ်သက်၍ ရန်ကုန်ဘားတစ်ခု၏ ပိုင်ရှင်နှင့် မန်နေဂျာနှစ်ဦးတို့အား ဖမ်းဆီးထောင်ချခဲ့သည့် အချိန်ပင် ဖြစ်သည်။

မြန်မာနိုင်ငံသားနှစ်ဦးနှင့် နယူးဇီလန်နိုင်ငံသားတစ်ဦးတို့အား ဘာသာသာသနာ စော်ကားမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်အပါအဝင် ထောင်ဒဏ် နှစ်နှစ်ခွဲစီ အသီးသီး ချမှတ်ခဲ့သည်။ ၎င်းတို့အား ယမန်လက လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ပုဒ်မ ၂၉၅ ဆိုသည်မှာ “ယုံကြည်ကိုးကွယ်ရာ ဘာသာတရား တစ်ခုခုကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ကာ ဝတ်ပြုဆုတောင်းသော နေရာတစ်နေရာကို ဖျက်ဆီးရမ်းကားခြင်း” ကို ဆိုလိုခြင်းဖြစ်ပြီး ပုဒ်မ ၂၉၅(က) တွင်မူ “ဘာသာရေး ခံစားမှုများအပေါ် နာကြည်းစေရန် ရည်ရွယ်ကာ” တမင်သက်သက် ဆောင်ရွက်သော အပြုအမူများနှင့်  စိတ်ကသိကအောက် ဖြစ်စေသော အပြုအမူများကို ပိတ်ပင်ထားသည်။

ယမန်နှစ် ဇွန်လထဲတွင် ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်သည့်အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ယခင် သတင်းပြန်ကြားရေး အရာရှိဖြစ်ဖူးသူ ဦးထင်လင်းဦးအား ဘာသာသာသနာ စော်ကားမှုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။

၎င်းမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတစ်ခု၌ အစွန်းရောက် မျိုးချစ်ဝါဒအတွက် ဗုဒ္ဓဘာသာအား လက်နက်တစ်ခုသဖွယ် အသုံးချခြင်းကို ဝေဖန်ပြစ်တင်ခဲ့သည့် ပြောဆိုမှုတစ်ခုကြောင့် တရားစွဲဆို အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သည်။

အစွန်းရောက် မျိုးချစ်ဘုန်းတော်ကြီးများအဖွဲ့ဖြစ်သည့် မဘသအဖွဲ့ဝင်များမှာ တရားရင်ဆိုင်မှု နှစ်ခုစလုံးတွင် ရှိနေခြင်းအတွက် သံသယဝင်ခံခဲ့ရသည်။ 

မြန်မာနိုင်ငံသည် ယခင် ဗြိတိသျှကိုလိုနီ ခေတ်ဟောင်းဥပဒေများကို ဆက်ခံကျင့်သုံးသည့် တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံမဟုတ်သည့်တိုင် အခြားနိုင်ငံများ၌  ယင်း ဥပဒေများကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ – ပုဒ်မ ၃၇၇ Penal Code: Article 377 

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၇၇ မှာ “အမျိုးသား၊ အမျိုးသမီး သို့မဟုတ် တိရစ္ဆာန် တစ်ကောင်ကောင်နှင့် သဘာဝအတိုင်း မဟုတ်သည့် ကာမဆက်ဆံမှု” ကို တားမြစ်ပိတ်ပင်သည့်အတွက် ဤဥပဒေသည် မြန်မာ့ဓလေ့ထုံးစံနှင့် ဆန့်ကျင်သော ကာမဆက်ဆံခြင်းဥပဒေအဖြစ်  သတ်မှတ်ခံရလေ့ရှိသည်။

မြန်မာနိုင်ငံသည် ယခင် ဗြိတိသျှကိုလိုနီ ခေတ်ဟောင်းဥပဒေများကို ဆက်ခံကျင့်သုံးသည့် တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံမဟုတ်သည့်တိုင် အခြားနိုင်ငံများ၌  ယင်း ဥပဒေများကို ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။

ဤဥပဒေကို လက်တွေ့အကောင်အထည်ဖော်မှု ရှားပါးသော်လည်း ယောက်ျားလျာများ၊ မိန်းမလျာများ၊ ဒွိလိင်စိတ်ရှိသူများနှင့် လိင်ပြောင်းထားသူများအသိုင်းအဝိုင်း LGBT မှ လူပုဂ္ဂိုလ်များအား ရဲအချို့က  အနှောက်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ငွေညှစ်ခြင်းများအတွက် အသုံးပြုလေ့ရှိသည်ဟု လိင်တူဆက်ဆံသူများအရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောသည်။ 

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ – ပုဒ်မ ၅၀၅(ခ) Penal Code: Article 505(b)

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၅ (ခ) ကို နိုင်ငံရေးလှုပ်ရှားမှုများကို နှိမ်နင်းရန် အသုံးပြုလေ့ရှိသည်။ ဤဥပဒေအရ “အများပြည်သူအကြား အကြောက်တရား၊ သို့မဟုတ် ထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်ကာ” သတင်းအချက်အလက်များ ထုတ်ဝေဖြန့်ချိသည့် ဆောင်ရွက်မှုမှာ ရာဇဝတ်မှုမြောက်သည်။

၂၀၁၃ ခုနှစ်တွင် ဒေါ်နော်အုန်းလှအား စစ်ကိုင်းတိုင်းဒေသကြီးရှိ အငြင်းပွားဖွယ်ရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှုအတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။

“ ‘နိုင်ငံတော်အား အကြည်ညိုပျက်စေခြင်း’ နဲ့ ‘အများပြည်သူ အေးချမ်းသာယာမှု’ တို့လို လိုသလို အနက်ဖွင့်ဆိုလို့ရတဲ့ အသုံးအနှုန်းတွေက မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီဥပဒေတွေကို အသုံးချဖို့ ဖြစ်လာစေပါတယ်” ဟု AAPP-B မှ ယမန်နှစ်၌ ထုတ်ပြန်ခဲ့သည့် ယင်း၏ အစီရင်ခံစာတွင် ရေးသားတင်ပြထားသည်။

အောင်မင်း ဘာသာပြန်သည်။

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.