ကိုယ်ပိုင်ပြည်နယ်ရရေး ရှေုးရှုမည့် “ဝ” တို့ တရားဝင် ပါတီသစ်တစ်ခု ထပ်ဖွဲ့

ပြည်နယ်အဆင့် ရထိုက်သည်ဟု ယုံကြည်ထားကြသော ဝ တိုင်းရင်းသားတို့သာ ပါဝင်သော နိုင်ငံရေးပါတီ အသစ်တစ်ခု ထပ်မံဖွဲ့စည်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင် လျှောက်ထားပြီးဖြစ်ကြောင်း ဦးစီးထူထောင်သူ ဦးစိုင်းပေါင်းနပ်က Frontier ကို ပြောသည်။

ဝ လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီဟူ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခြင်းဖြစ်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ စိစစ်မှု လုပ်ငန်းစဉ်များကို ခံယူပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

ဦးဆိုင်းပေါင်းနပ်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၁၂၊ အမျိုးသား လွှတ်တော်အမတ်အဖြစ် ဝ ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ခံဖူးသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမတ်လောင်းကို ရှုံးနိမ့်ပြီးနောက် အဆိုပါ ပါတီမှ နှုတ်ထွက်၍ ပါတီအသစ်ထူထောင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

၎င်းသည် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံသို့ တိုင်းရင်းသားအစုအဖွဲ့မှ တက်ရောက်နေသူဖြစ်ပြီး အဆိုပါ ညီလာခံတွင် သဘောထားတင်ပြခဲ့သော ဝ အဖွဲ့အစည်းသုံးခု၏ ပြည်နယ်တောင်းဆိုရေးမူကို လက်ခံထားသူဖြစ်သည်။

“ဝ ပြည်နယ်တောင်းတာ သဘောတူတယ်။ ကျွန်တော့်ပါတီ မူဝါဒမှာ ဒါလည်း ပါလာမှာဘဲ” ဟု ဦးစိုင်းပေါင်းနပ်က ပြောသည်။ ပြည်နယ်ရထိုက်သော ပထဝီဝင်အနေအထား၊ သဘာဝသယံဇာတနှင့် လူဦးရေရှိသည့် ဝ တိုင်းရင်းသားတို့၏ ဒေသဖွံ့ဖြိုးရေးကို အင်္ဂလိပ်အုပ်ချုပ်စဉ်မှစ၍ လွတ်လပ်ရေးရပြီး အစိုးရ အဆက်အဆက် ယနေ့အချိန်အထိ ထိရောက်စွာ လုပ်ပေးခဲ့ကြခြင်းမရှိဟု ၎င်းက ဆိုသည်။

“ဒီလိုအခြေအနေတွေ ပေါင်းစုံပြီးတော့ ဒီကနေ့မှာ ဝ ဟာ သီးခြားကိုယ်ပိုင်ပြည်နယ် မရှိဘူးဆိုရင် ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ထားတယ်”ဟု ဦးစိုင်းပေါင်းနပ်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်ခြောက်ခုကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသော်လည်း အဆိုပါဒေသကို အုပ်ချုပ်နေပြီး တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)နှင့် အခြားသော တရားဝင် ဝ နိုင်ငံရေးပါတီတို့က နယ်မြေဧရိယာကို ယခုထက် ပိုမိုတိုးပေး၍ ပြည်နယ်အဆင့် ရထိုက်သည်ဟု တောင်းဆိုနေကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် အလွန်နီးကပ်စွာရှိပြီး အလွယ်တကူ ဝင်ခွင့်မပြုသည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အင်အားအကြီးဆုံးဖြစ်သည့် UWSA ရုံးစိုက်ရာမြို့ဖြစ်သည့် ပန်ဆန်း(ပန်ခမ်း)တွင် ၂၀၁၅ ခုနှစ်၊ မေလဆန်းက ပြုလုပ်သည့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ညီလာခံသို့ သွားရောက်သတင်းယူဖူးသည့် မီဒီယာအချို့၏ ဖော်ပြချက်များအရ အဆိုပါဒေသသည် စတုရန်းမိုင် ၁၇,၀၀၀ ကျော် ကျယ်ဝန်းပြီး၊ လူဦးရေ ခြောက်သိန်းဝန်းကျင် နေထိုင်သည်ဟု သိရသည်။

လက်ရှိတွင် တည်ဆဲဥပဒေများအရ တရားဝင်နိုင်ငံရေးပါတီအဖြစ်ရပ်တည်နေသည့် ဝ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီနှင့် ဝ ဒီမိုကရက်တစ်ပါတီ နှစ်ခုရှိနေပြီး ဖြစ်သည်။ ယခု ပါတီသစ်ထပ်မံထူထောင်ရန် စီစဉ်နေသည့် ဦးစိုင်းပေါင်းနပ်သည် ယခင်က ဝ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဝ ပါတီများနှင့် စပ်လျဉ်း၍ အဆိုပါဒေသကို အုပ်ချုပ်နေသည့် UWSA ၏ သဘောထားနှင့် သုံးခုမြောက်အဖြစ် ထပ်မံ ထူထောင်ရန်ပြင်ဆင်နေသည့် ဝ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်တို့ကိုမူ Frontier က မရရှိသေးပေ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar