ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနကို ကျိုင်းတုံတွင် ICRC ဖွင့်လှစ်

ရန်ကုန်၊ မတ် ၉

ရှမ်းပြည်နယ်အတွက် ပထမဆုံးသော ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကျိုင်းတုံမြို့တွင် ယခုလ ၈ ရက်နေ့၌ ဖွင့်လှစ်ခဲ့သည်။

ကုတင် ၃၄ လုံးဆန့် အဆိုပါဌာနကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဝန်ထမ်း ၂၇ ဦးခန့်ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ချိန်၌ တစ်နှစ်လျှင် လူနာ ၉၁၀ ဦးအထိ လက်ခံကာ ခြေတုများ၊ အားပြုကိရိယာများ၊ အကြောအဆစ် ကုထုံးများဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဟု ICRC က သတင်းထုတ်ပြန်ခဲ့သည်။

မြေမြှုပ်မိုင်း၊ သို့မဟုတ် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိကြသူများ အပါအဝင် ယာဉ်မတော်တဆမှု၊ ရောဂါဘယနှင့် ကျန်းမာရေးပြဿနာများကြောင့် ကိုယ်အင်္ဂါ ဖြတ်တောက်လိုက်ရသူများအတွက် ကျိုင်းတုံဌာနတွင် ဝန်ဆောင်မှုများ ရရှိစေမည်ဟုဆိုသည်။

“အရင်တုန်းကဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းက လူနာတွေဟာ ဆရာဝန်ပြဖို့၊ အကြောအဆစ် ကုသမှု ခံယူဖို့နဲ့ ခြေတုတပ်ဆင်ဖို့အတွက် မန္တလေး၊ ဒါမှမဟုတ် ရန်ကုန်အထိ နှစ်ရက်ကျော်ကြာအောင် အချိန်ယူ ဘတ်စ်ကားစီးပြီး သွားလာခဲ့ကြရတာပါ” ဟု ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ယုဂ်မွန်တာနီက သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ကျိုင်းတုံဌာနသည် လာမည့် မေလတွင် လုပ်ငန်းစတင်မည်ဖြစ်ပြီး အစပိုင်းတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒူးအောက်ပိုင်း ခြေတုလဲလှယ် တပ်ဆင်မည့်သူများနှင့် ခြေတုပြုပြင်မည့်သူများကို လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။

“ဒီကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနဟာ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ဖြစ်လာတဲ့ ဆင်းရဲဒုက္ခကို လျော့ပါးသက်သာစေပြီး၊ တစ်ချိန်တည်းမှာပဲ မသန်စွမ်းသူတွေအတွက် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ဝန်ဆောင်မှု ပေးတဲ့နေရာမှာ ပြည်တွင်းက လူတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်ကို မြင့်မားလာစေမှာ ဖြစ်ပါတယ်” ဟု ICRC ၏ ကိုယ်ကာယပြန်လည်သန်စွမ်းရေး အစီအစဉ် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံဖြစ်သ မစ္စတာ ဒီဒီယေးရက်ခ်က ပြောကြားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်လည်း ICRC က ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနတစ်ခုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖွင့်လှစ်ခဲ့သည်။

လုပ်ငန်းဆောင်ရွက်သည့် မျက်နှာပြင်ဧရိယာ အကျယ်အဝန်းအရ အာဖကန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့နှင့် မြစ်ကြီးနားတို့ရှိ ဌာနနှစ်ခုပြီးလျှင် ကျိုင်းတုံဌာနသည် ကမ္ဘာပေါ်တွင် ICRC က ထောက်ပံ့ကူညီပေးထားသည့် တတိယအကြီးဆုံး ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုယ်ကာယပြန်လည်သန်စွမ်းရေး အစီအစဉ်ကို ICRC က မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်က စတင်ပြီး ဆောင်ရွက်လာခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်အတူ ပူးတွဲဆောင်ရွက်နေသော ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မန္တလေးမြို့အနီးရှိ ရေနံ့သာဆေးရုံနှင့် မြစ်ကြီးနားဆေးရုံရှိ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနတို့ကို ICRC က ရာနှုန်းပြည့် ကူညီပေးနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar