Protesters outside the Central Bank of Myanmar branch in Yangon's Yankin Township on February 16. (Frontier)
ဖေဖော်ဝါရီ၁၆ရက်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်(ခွဲ)ရှေ့တွင် စုဝေး၍ ဝန်ထမ်းများ (CDM)လှုပ်ရှားမှုတွင် ပါဝင်လာကြရန် ဆန္ဒပြနေသူများအား မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“ကိုယ့်ပြည်သူတွေနဲ့ ကိုယ့်နိုင်ငံကို ဒုက္ခရောက်အောင်လုပ်သလိုဖြစ်သွားပြီ” – ဉီးဝင်းသော်၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူလိုက်သည့် ဦးဝင်းသော်က ဆန္ဒပြသူများနှင့် ယဉ်ကျေးစွာအာခံခြင်း (CDM)လှုပ်ရှားမှုတွင် ပါဝင်နေသူများအား ဘဏ်လုပ်ငန်းများရပ်ဆိုင်းအောင်လုပ်သည်ဟု ဝေဖန်ပြစ်တင်လိုက်သည်။ အာဏာသိမ်းထားသည့် တပ်မတော်ကမူ “အကောင်းဆုံးလုပ်ဆောင်နေသည်”ဟု သူကဆိုသည်။

ဖရွန်းတီးယားမြန်မာ

တပ်မတော်က အာဏာသိမ်းသည့်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများတွင် ဘဏ်ဝန်ထမ်းများပါဝင်လာကာ ဘဏ်များပိတ်ထားရခြင်း ရေရှည်ဖြစ်ပေါ်လာပါက နိုင်ငံ၏စီးပွားရေးအပေါ် ကြီးမားစွာရိုက်ခတ်လာ နိုင်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌသစ် ဦးဝင်းသော်က ဖရွန်းတီးယားမြန်မာကို ဖေဖော်ဝါရီ၁၇ရက်က ပြောသည်။

“အခုဖြစ်နေတာက ဘဏ်တွေကိုပိတ်သွားအောင် ဘဏ်ဝန်ထမ်းတွေကို အလုပ်မဆင်းအောင် စည်းရုံးတယ်ဆိုတဲ့ ကိစ္စရပ်သည် အစိုးရကိုလုပ်တာမဟုတ်ဘဲ ကိုယ့်ပြည်သူတွေနဲ့ ကိုယ်နိုင်ငံကို ဒုက္ခရောက်အောင် လုပ်သလိုဖြစ်သွားပြီ။ ဒါဟာရေရှည်ကြာလာလို့ရှိရင် Banking Transaction (ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ)ကို အနှောက်အယှက်ဖြစ်စေနိုင်တယ်”ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်အာဏာသိမ်းပြီးမကြာမီ ဦးဝင်းသော်ကို ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ကမ်းလှမ်းခဲ့သည်။ တပ်မတော်သည် “အကောင်းဆုံး” လုပ်နေသည်ဟု သူက အခိုင်အမာပြောဆိုသည်။

အများပြည်သူအနေဖြင့် လမ်းမပေါ် ချက်ချင်းမထွက်ဘဲ ရွေးကောက်တင်မြှောက်ခံရမည့် အစိုးရအား တစ်နှစ်အတွင်း အာဏာလွှဲပြောင်းပေးမည်ဟူသော ကတိကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွဲကိုင်ထားခြင်း ရှိ၊ မရှိကို စောင့်ဆိုင်းသင့်ကြောင်းသူက အကြံပြုသည်။

ဖေဖော်ဝါရီ ၁ရက်နေ့က တပ်မတော်သည် သမ္မတဉီးဝင်းမြင့်ဦိးဆောင်သည့် အစိုးရအားဖြုတ်ချကာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည်။

အာဏာသိမ်းမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြမှုများဖြစ်ပေါ်စေခဲ့ပြီး ထောင်သောင်းများစွာသော ပြည်သူများသည် ပြီးခဲ့သည့် ၁၇ရက်အတွင်း လမ်းမများပေါ်သို့ထွက်လာခဲ့ပြီး စစ်အာဏာစနစ်ကို ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ ဤအတောအတွင်းသောင်းနှင့်ချီသော ပြည်သူနှင့်ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂၀၂၀တွင် ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအာဏာပြန်ရသည်အထိ လုပ်ငန်းခွင်ပြင်ပတွင်သာ နေကြရန်ဆုံးဖြတ်ထားကြသည်။ 

အကျိုးဆက်အနေဖြင့် လက်ရှိအချိန်အထိ ဘဏ်များပြန်လည်ဖွင့်နိုင်ခြင်း မရှိသေးဘဲ ငွေသွင်းသူများသည် သူတို့၏အကောင့်များမှ ငွေများကို ထုတ်ယူနိုင်ခြင်း မရှိသေးပေ။ အချို့စီးပွားရေးလုပ်ငန်းများသည် ငွေသားစီးဆင်းမှုပြဿနာများနှင့် ရင်ဆိုင်နေရပြီး  အပြည်ပြည်ဆိုင်ရာငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများ ရပ်တန့်သွားပြီဖြစ်သည်။

ဖရွန်းတီးယားမြန်မာနှင့် တယ်လီဖုန်းကတစ်ဆင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ဦးဝင်းသော်က ပုဂ္ဂလိကဘဏ်များသည် ကာလရှည်ကြာစွာပိတ်ထားလျှင် စီးပွားရေးအပေါ်သိသာသောသက်ရောက်မှုရှိသည်ဟု ဝန်ခံခဲ့သည်။

“စီးပွားရေးဖွံ့ဖြိုးတက်ဖို့အတွက် အရေးကြီးတဲ့အချက်တွေထဲမှာ ဘဏ်ဆိုတာကလည်း အချက်တစ်ချက် အနေနဲ့ပါတယ်။ အဲဒါကြောင့် ဘဏ်လုပ်ငန်းတွေအနေနဲ့က အလုပ်မဆင်းဘဲ ရေရှည်ဖြစ်နေတာမျိုးက မဖြစ်သင့်ဘူး”ဟု ဦးဝင်းသော်ကပြောသည်။

ထိုအခြေအနေများ ဖြစ်ပေါ်ရခြင်းနှင့်ပတ်သတ်ပြီး လူထုတင်မြှောက်ထားသည့်အစိုးရကိုဖြုတ်ချပြီး အာဏသိမ်းလိုက်သည့်တပ်မတော်ထက် ဆန္ဒပြသူများနှင့် သပိတ်မှောက်အလုပ်သမားများကိုသာ သူကဝေဖန်ခဲ့သည်။

“ပြည်သူတွေကတော့ ရည်မှန်းချက်တစ်ခုကြောင့် လုပ်ကြတာပေါ့လေ။ ဒါပေမဲ့ စီးပွားရေးအမြင်အရ ကြည့်ရင်တော့ ကိုယ့်နိုင်ငံကို တိုးတက်တက်မှုအတွက် အနည်းနဲ့အများ အဟန့်အတားဖြစ်အောင်လုပ်သလို ဖြစ်နေတာပေါ့။ ပြည်သူတွေက လက်ရှိမှာဖြစ်နေတဲ့ ဖြစ်စဉ်ကို လက်မခံလို့လုပ်ကြတာပေါ့။ လက်မခံတာကို လက်မခံကြောင်း ဒီမိုကရေလမ်းကြောင်းပေါ်ကနေ တစ်ခြားလုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါသေးတယ်”ဟု ဉီးဝင်းသော်က ပြောသည်။ 

ဖေဖော်ဝါရီ၄ရက်က တပ်မတော်က ဖွဲ့စည်းခဲ့သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”က ခန့်အပ်သည့် လူစာရင်းတွင် ဦးဝင်းသော်လည်း ပါဝင်လာခဲ့သည်။ သူ၏ရှေ့တွင် ဗဟိုဘဏ်ကို ဦးဆောင်ရန် တပ်မတော်အရာရှိဟောင်းဦးသန်းငြိမ်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။

“ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်းတွေဖြစ်တယ်။ နိုင်ငံကခန့်အပ်တဲ့တာဝန်အပေါ်မှာ အကောင်းဆုံး ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ထမ်းဆောင်မှာဖြစ်ပါတယ်။ အစိုးရတစ်ခုတက်လာရင်တော့ ဘယ်အစိုးရပဲတက်တက် မူဝါဒချင်းက ကွဲပြားမှုရှိတာချည်းပါပဲ။ ဒါပေမဲ့ တူညီတဲ့ရည်ရွယ်ချက်တစ်ခုကတော့ တိုင်းပြည်ကိုကောင်းအောင်လုပ်ဖို့နဲ့ ပြည်သူလူထုကို ဒုက္ခမရောက်အောင်လုပ်ရမယ်ဆိုတာကတော့ အခြေခံအသိစိတ်ရှိပြီးသားဖြစ်ပါတယ်”ဟု တပ်မတော်၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့သည့်ဆုံးဖြတ်ချက်နှင့်ပတ်သတ်၍ ဦးဝင်းသော်က ခုခံပြောဆိုသည်။

“ပြည်သူတွေအနေနဲ့ တကယ်တမ်းစဉ်းစားရမှာက ဆန္ဒကိုဘာကြောင့်ပြနေတယ်၊ လက်ရှိအစိုးရနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ပြနေတာဖြစ်တဲ့အတွက် ငါတို့ကလည်းလက်မခံကြောင်း ဆန္ဒထုတ်ဖော်မယ်၊ မင်းတို့ကလည်း တိုင်းပြည်ရဲ့ စီးပွားရေးယန္တရားကို မထိခိုက်အောင် ထိန်းကျောင်းဆိုတာမျိုးနဲ့ သွားသင့်တယ်။ ဘဏ်တွေဆိုတာက အစိုးရရဲ့ ယန္တရားကိုလုပ်နေတာမဟုတ်ဘူး၊ ပြည်သူလူထုရဲ့ စီးပွားရေးယန္တရားကို လုပ်နေတာပါ။ ပြည်သူလူထုရဲ့ စီးပွားရေးကို ထိခိုက်အောင် ပြည်သူလူထုကပဲ လုပ်သလိုဖြစ်နေတာကတော့ တိုင်းပြည် အတွက်မကောင်းဘူးပေါ့”ဟု ၎င်းက ပြောသည်။

“လက်ရှိအစိုးရကလည်း အမြဲတမ်းသူပဲလုပ်မယ်လို့ပြောထားတာမဟုတ်ဘူးလေ။အကြောင်းအရာတစ်ခုကြောင့် တစ်နှစ်တာဝန်ယူမယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာမှ ပြောထားတဲ့ကတိကို မတည်ဘူးဆိုရင်တော့ ဆန္ဒပြတာကို လုပ်တာကတော့ မှန်တာပေါ့။ အခုက ရက်ပိုင်းအတွင်းမှာတင်ပဲ ဆန္ဒပြမှုတွေကို လုပ်နေကြတော့ ဆန္ဒပြရခြင်းရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က လွဲနေသလိုဖြစ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေး လည်ပတ်မှုယန္တရားကို ရပ်တန့်မသွားရန် အခက်အခဲဖြစ်လာပါက စီမံချက်ဖြင့် တစ်ဆင့်ချင်းလုပ်ဆောင်သွားနိုင်ရန် ကြိုးစားဆောင်ရွက်နေဆဲဖြစ်ကြောင်း ဦးဝင်းသော်ကပြောသည်။ ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရန် စီမံချက်ရေးဆွဲထားပြီးဖြစ်သည်ဟု သူကပြောသည်။ အဆိုပါ စီမံချက်များအား အများပြည်သူသိနိုင်ရန် တစ်ဆင့်ချင်း ထုတ်ပြန်ကြေညာပေးမည်ဟု သူကပြောသည်။

“အဲဒီစီမံချက်တွေက အချိန်တိုလေးအတွင်းမှာ နားလည်အောင်ပြောပြလို့ရတဲ့ ကိစ္စမျိုးတွေမဟုတ်ပါဘူး။ ဗဟိုဘဏ်အနေနဲ့ ငွေကြေးယန္တရားကြီး ရပ်တန့်မသွားဖို့အတွက် အများပြည်သူကို ကျယ်ကျယ်ပြန်ပြန့်ကြေညာပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမှာပါ”ဟု ဦးဝင်းသော်က ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.