ကိုယ့်တာဝန်ကိုယ်ယူမှ ဒီမိုကရေစီ အောင်မြင်မည်ဟု မွန်ဂိုလီးယားသမ္မတ ပြောကြား

နေပြည်တော်၊ ဇွန် ၁၆

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်နှင့် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရှိရန် အစိုးရက လုပ်ပေးရန် လိုသလို ပြည်သူများကလည်း ကိုယ့်တာဝန် ကိုယ်ယူ၍ ကြိုးကြိုးစားစား အလုပ်လုပ်ပါမှ ဒီမိုကရေစီစနစ် အောင်မြင်မည်ဟု မွန်ဂိုလီးယားနိုင်ငံ သမ္မတ Mr.ELBEGDORJ Tsakhia က ပြောကြားလိုက်သည်။

လွန်ခဲ့သော ၂၇ နှစ်က စတင်ခဲ့သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့သည့် မွန်ဂိုလီးယားနိုင်ငံ ခေါင်းဆောင်နှင့် မြန်မာအစိုးရ ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာတွင် ယနေ့ ကျင်းပစဉ် ၎င်းကပြောကြားခြင်း ဖြစ်သည်။

“ဥပဒေတွေနဲ့ အားလုံးတန်းတူရည်တူရှိအောင် လုပ်ပေးဖို့လိုပါတယ်။ မဖြစ်မနေ ဖြစ်အောင်လုပ်ဖို့ လိုပါတယ်” ဟု ၎င်းက မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

“ဒီမိုကရေစီရတာနဲ့ တစ်ပြိုင်နက် ကိုယ့်ဘဝသာယာမယ် မထင်ပါနဲ့။ လူတိုင်းလူတိုင်း ကိုယ့်တာဝန် ကိုယ်ယူပြီးတော့ လူတိုင်းလူတိုင်း ကြိုးစားအလုပ်လုပ်ပါမှ အောင်မြင်မှာပါ” ဟုလည်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံ အသွင်ကူးပြောင်းနိုင်ခဲ့တာ ပြည်သူတွေ ပါဝင်ခဲ့လို့ပါပဲ။ ဆက်လက် အောင်မြင်ဖို့ဆိုတာလည်း ပြည်သူတွေပါမှ ဖြစ်မှာပါ။ အစိုးရအနေနဲ့ ကိုယ့်နိုင်ငံအကျိုး လုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ စကားကို နားထောင်ဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။

ကွန်မြူနစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၇၀ ကျော်ကြာအောင် နေထိုင်ခဲ့သည့် မွန်ဂိုလီးယားနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးကို စတင်ခဲ့ခြင်းဖြစ်သည်။

“ဆုံးရှုံးမှုတွေ၊ မျက်ရည်တွေ၊ ဒုက္ခပင်လယ်တွေကြားက ဒါတွေကို ဖြစ်မြောက်အောင် ၂၇ နှစ်တိုင်တိုင် ရုန်းကန်ခဲ့ရတာပါ။ ပြဿနာတွေ အများကြီးရှိပါတယ်”ဟု မွန်ဂိုလီးယားသမ္မတက ပြောကြားသည်။

အဆိုပါခရီးကို ပွင့်လင်းမြင်သာစေခြင်း၊ လာဘ်ပေးလာဘ်ယူ ကင်းစေခြင်း၊ မီဒီယာလွတ်လပ်ခွင့် ရှိစေခြင်းနှင့် ပြည်သူတို့ကို အသိအမြင်တိုးစေခြင်းတို့ ဆောင်ရွက်ကာ လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ဒီမိုကရေစီ၏ အန္တရာယ်သည် ပြည်တွင်းတွင်သာရှိပြီး မကောင်းသော၊ လဘ်စားမှုရှိသော၊ ပွင့်လင်းမြင်သာမှုမရှိသော အစိုးရမျိုးမဖြစ်ရန် လိုအပ်သည်ဟုလည်း ၎င်းက သတိပေးသည်။

“ဒီမိုကရေစီ ရှင်သန်ဖို့အတွက်၊ ကျွန်တော်တို့ ဘဝတွ ရှင်သန်ဖို့အတွက် လာဘ်စားမှုကို တိုက်ဖျက်ဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။

ထို့အတူ ပြည်သူများပါဝင်သော စီမံခန့်ခွဲမှုကို အစိုးရက လက်တွေ့ ဖော်ဆောင်ပေးရန် လိုသည်ဟုလည်း ၎င်းက ပြောသည်။

“ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး အာဏာခွဲဝေပေးနိုင်ဖို့ဆိုရင် ပါးစပ်နဲ့တင်ပြောမနေပဲ လက်တွေ့လုပ်ပေးဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

“ပြည်သူတွေရဲ့ မျက်စိကို ဖွင့်ထားပေးဖို့ လိုပါတယ်။ ဒါမှ အသိပညာ တိုးလာမယ်။ ပြည်သူတွေ အသိပညာတိုးလာတာနဲ့အမျှ အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေး ရပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းပေါင်း ၇၀၀ ခန့် တက်ရောက် နားထောင်ခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်ခဲ့သူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်က မွန်ဂိုလီးယားသမ္မတက မျှဝေသော အသိအမြင်များကြောင့် စိတ်ဓာတ်တက်ကြွမိကြောင်း Frontier ကိုပြောသည်။

“မွန်ဂိုလီးယားနိုင်ငံမှာ သူဌေးပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ် တန်းတူအခွင့်အရေး ရှိတယ်ဆိုတာမျိုးကို ကျွန်မတို့နိုင်ငံမှာ ဖြစ်စေချင်ပါတယ်။ ဝန်ထမ်းတွေမှာ အကျင့်ပျက် ခြစားမှုဆိုတာ ရှိတယ်ဆိုပေမယ့် ကျွန်မတို့ ဒါကို ရှောင်လွှဲနိုင်အောင် လုပ်နိုင်မှာပါ” ဟု ဒေါ်ခင်သီတာခိုင်က ဆိုသည်။

မွန်ဂိုလီးယားသမ္မတသည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်ပြီး ယမန်နေ့က သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် စီးပွားရေး၊ ပညာရေး၊ တရားဥပဒေ စိုးမိုးရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုဆိုင်ရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြသည်။ မွန်ဂိုလီးယားသမ္မတ၏ ခရီးစဉ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်လာပြီး မြန်မာလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံခဲ့ကြသည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် လာရောက်ခြင်းဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar