ကိုဗစ် ၁၉ ဖြင့် ရန်ကုန်၌ ဆေးရုံတင်ထားသောဂီတသမားများက ကမ္ဘာ့ကပ်ရောဂါအတွက် ကြောက်လန့်စိုးရိမ်နေသူများကို အားပေးနှစ်သိမ့်ရန် ရည်ရွယ်ပြီး အွန်လိုင်းဗီဒီယိုများ ဖန်တီးခဲ့ကြရင်း အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ခဲ့ကြသည်။
ရဲမွန် ရေးသားသည်။
ကိုဗစ် ၁၉ ဖြင့် တောင်ဥက္ကလာ မိခင်နှင့်ကလေးအထူးကုဆေးရုံ တက်ရောက်သူငါးဦးအနက် ပထမဆုံး တက်ရောက်သူမှာ အသက် ၃၂ နှစ်အရွယ် ကိုစည်သူဝူ Ko Sithu Wu ဖြစ်သည်။
ယခုအခါ ၁၇၈ ဦးအထိရောက်နေသော မြန်မာနိုင်ငံဓာတ်ခွဲအတည်ပြု လူနာစာရင်းတွင်ပါသည့် လူနာအမှတ် ၅၉ နှင့်ထိတွေ့မှုရှိပြီးနောက် ကိုစည်သူဝူသည် မင်္ဂလာဒုံမြို့နယ် ရဝေနွယ် ဘုန်းတော်ကြီးကျောင်း၌ အသွားအလာကန့်သတ်မှု ခံယူခဲ့ပြီးသူဖြစ်သည်။ ဧပြီ ၁၉ တွင် ဗိုင်းရပ်ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိပြီး နောက် လူနာအမှတ် ၁၀၃ အဖြစ် တောင်ဥက္ကလာပဆေးရုံသို့ ရွှေပြောင်းပေးခြင်းခံခဲ့ရသည်။
အသွားအလာ ကန့်သတ်ထားသည့်နေရာတွင် နေရသည်မှာပျင်းစရာကောင်းမည်၊ သို့မဟုတ် အထီးကျန် ဆန်လိမ့်မည်ဟု တွက်ဆကာ ကိုစည်သူဝူက ဗီဒီယိုရိုက်နိုင်သော ဆိုနီကင်မရာ Sony mirrorless camera နှင့်လက်တော့ပ်ကို ယူလာသည်။ မူလရည်ရွယ်ချက်မှာ ကြော်ငြာဗီဒီယိုလုပ်ငန်းဖြစ်သော သူပိုင်ကုမ္ပဏီ Wu Productions အတွက် ပရောဂျက်တစ်ခုကို လက်စသတ်ရန်ဖြစ်သည်။
“ကွာရန်တင်းစင်တာမှာ ကျွန်တော်အလုပ်ဆက်လုပ်ပါတယ်။ ကျွန်တော့်မှာ ရောဂါရှိတယ်လို့ စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ဆေးရုံတက်ရတော့ ကျွန်တော့်ကင်မရာနဲ့ လက်တော့ပ်ကိုယူလာပါတယ်” ဟု သူက မေ ၄ ရက်တွင် Frontier ကိုပြောသည်။
နောက်ဆုံးတော့ ဆေးရုံသီးသန့်လူနာဆောင်မှာ ကိုစည်သူဝူက အခြားလူနာလေးဦးနဲ့အတူ ကုတင်ခြောက်လုံးရှိ အခန်းတွင်နေရသည်။
ယင်းအုပ်စုသို့ နောက်ဆုံးရောက်လာသူမှာ ဧပြီ ၂၆ ရက်က ဆေးရုံတက်လာသော အသက် ၃၂ နှစ်အရွယ် ကိုချမ်းမြေ့အောင်ဖြစ်သည်။ ကိုဗစ် ၁၉ ရောဂါရှိကြောင်း သူ့ကိုစစ်ဆေးတွေ့ရှိပြီးနောက် အာဏာပိုင်တို့က တားဆီးပိတ်ပင်ခံရသော လှိုင်မြို့နယ်၊ ပါရမီလမ်းပေါ်ရှိ O Sushi စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပြီး လူနာအမှတ် ၁၄၆ အဖြစ်တက်ရောက်လာသူဖြစ်သည်။ ဆေးရုံတက်နေစဉ် အကောင်းဆုံးနေနိုင်ရန် သူ့ဂီတာကို တပါတည်းသူယူလာခဲ့သည်။
“ကျွန်တော်ရောက်တဲ့ ပထမနေ့ ဧပြီ ၂၆ ရက်မှာ သူတို့ကိုတွေ့တော့ ဆေးရုံတက်နေတဲ့လူနာတွေနဲ့မတူဘူး” ဟု သူတို့၏ ကျန်းမာနေသည့်ပုံစံမျိုးကိုကြည့်ပြီး ဆုံးဖြတ်ခဲ့ကြောင်း ကိုချမ်းမြေ့အောင်က Frontier ကိုပြောသည်။
“သူတို့နဲ့အတူနေရတာ ကျွန်တော်တကယ်ကိုပျော်သွားပြီး ကိုယ့်ကိုယ်ကို ကိုဗစ် ၁၉ လူနာဆိုတာကို မေ့သွားတယ်”
သူတို့ငါးယောက်ထဲက နောက်တစ်ယောက်ကလည်း သူ့ဂီတာကိုယူလာသည့်အတွက် သူတို့အုပ်စုက အတူတီးခတ် သီဆိုကြသည်။ အပျော်တမ်းတီးခတ်သည့်ပွဲကလေးမှသည် ပရိသတ်အများကြီးပိုရအောင် ဆောင်ရွက်ရမည့် အကြံတစ်ခုကိုရလာသည်။ ဗိုင်းရပ်ပိုးကူးစက်ခံထားရသော်လည်း သူတို့၏ကျန်းမာရေး အခြေအနေကောင်းနေကြောင်း သူတို့မိတ်ဆွေများ၊ ဆွေမျိုးများနှင့် အခြားကိုဗစ် ၁၉ လူနာများကိုပြသရန်နှင့် ကိုရိုနာ ကမ္ဘာ့ကပ်ရောဂါကြောင့်ဖြစ်ပေါ်နေသော ကြောက်လန့်စိုးရိမ်မှုများကို ဖြေဖျောက်ပေးလိုသည့်အကြံ ဖြစ်သည်။
သူတို့က ခြေသွက်လက်သွက်ဆောင်ရွက်ကြပြီး ကိုချမ်းမြေ့အောင် ဆေးရုံရောက်လာသော ဧပြီ ၂၆ ရက်မှာပင် သူတို့၏ပထမဆုံးလက်ရာကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည်။ အပြုသဘောတုန့်ပြန်မှုများကို တခဲနက်ရရှိပြီး သူတို့အမြန်ပြန်လည်ကျန်းမာစေကြောင်း ဆုတောင်းပေးကြသည်။
ဗီဒီယိုအမည်က “ ကိုဗစ်ငကြွား မင်းထွက်သွား” “Dude Covid, get out of here” ဟုဖြစ်ပြီး ( ကြမ်းတိုက်တံ များကိုဂစ်တာများသဖွယ် အသုံးပြုရင်း) သူတို့ငါးဦးက အိန္ဒိယပေါ့ပ်သီချင်းအလိုက်ဖြင့် ကခုန်ကာ သူတို့၏နေ့စဉ်လုပ်ငန်းတာဝန်များကို သရုပ်ဖော်လှုပ်ရှားမှုများဖြင့်ဖော်ပြထားသည်။
ဗီဒီယိုထဲတွင် သူတို့သည်ကျန်းမာကြံ့ခိုင်သည့်ပုံပေါက်နေပြီး သေကောင်ပေါင်းလဲဆိုးရွားသည့်ရောဂါကို မခံစားရသည့်ပုံမျိုးပေါ်နေသည်။ သူတိုပုံက ထူးထူးခြားခြားမရှိလှပေ။ မြန်မာနိုင်ငံမှ ကိုဗစ် ၁၉ အတည်ပြုလူနာ အများစုသည် ရောဂါလက္ခဏာလုံးဝမပြကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကပြောသည်။
သူတို့ပထမဗီဒီယို ရိုက်ကူးစဉ်က ဆေးရုံဝန်ထမ်းများနှင့် မဆွေးနွေးခဲ့ကြောင်း ကိုစည်သူဝူကပြောသည်။ သို့သော် နောက်ဗီဒီယို ရိုက်သောအခါ ပီပီအီးဝတ်စုံ ဝတ်ဆင်ထားသောသူနာပြုများနှင့် ဆရာဝန်များကို ဧည့်သည်သရုပ်ဆောင်များအဖြစ် သူတို့ကထည့်သွင်းထားသည်။
“ကိုဗစ် ၁၉ ကို တိုက်ဖျက်ရာမှာ ရှေ့တန်းကပါဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေကို ကျွန်တော်တို့ပြချင်လို့ပါ” ဟု ကိုစည်သူဝူကပြောသည်။
ဧပြီ ၂၈ ရက်ကတင်သောဗီဒီယိုတွင် ကျန်းမာရေးလုပ်သားများကိုဂုဏ်ပြုသော နာမည်ကြီးအဆိုတော် ဝေကြီး၏ “ဆရာဝန်တစ်ဦးအကြောင်း” ဟူသောသီချင်းကို သူတို့ငါးဦးသီဆိုထားသော အပိုင်းကိုတင်ပေးသည်။ လူနာများကို ဆေးရုံဝန်ထမ်းများက ကုသမှုပေးနေသောဗီဒီယိုတွင် သူတို့ငါးဦးက အခန်းထဲ၌ စက်ဝိုင်းပုံ သူတို့ထိုင်နေပုံ၊ တချို့က လူနာကုတင်ပေါ်၊ တချို့ကပလတ်စတစ်ခုံပေါ်ထိုင်နေပုံ၊ တစ်ယောက်က ဂီတာတီးနေစဉ် သီချင်းသံပြိုင်ဆိုနေပုံတို့ကိုတွေ့ရသည်။
“ဆရာဝန်တွေနဲ့ သူနာပြုတွေက ကျွန်တော်တို့ကို ကောင်းကောင်းကုသနေပါတယ်။ သူတို့လည်း ပင်ပန်းကြပါတယ်။ သူတို့ကို ကျွန်တော်တို့ကျေးဇူးပြုချင်လို့ ဒီသီချင်းကို ကျွန်တော်တို့ရိုက်ကူးဖို့ဆုံးဖြတ်တာပါ” ဟု စည်သူဝူကပြောသည်။
သူငယ်ချင်းငါးယောက်က သူတို့နောက်ဆုံးဗီဒီယိုကို မေ ၄ ရက်တွင်တင်ခဲ့သည်။ရန်ကုန်မြိို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီကူးစက်ရောဂါဆေးရုံတွင် တက်ရောက်နေသော လူနာတစ်ဦးရေးစပ်သည့် သီချင်းတစ်ပုဒ်ကို ရိုက်ကူးထားသောဗီဒီယိုဖြစ်သည်။ သူတို့ငါးဦးတက်ရောက်နေသော မြောက်ဥက္ကလာဆေးရုံနှင့် လှည်းကူးမြို့နယ်၊ ဖောင်ကြီး ရှိ ပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေးကျောင်းကို အသွင်ပြောင်းလဲလိုက်သော နေရာတို့ကဲ့သို့ပင် ဝေဘာဂီဆေးရုံကို ရန်ကုန်မှအတည်ပြုလူနာများအား ကုသပေးသည့်ဆေးရုံအဖြစ် သတ်မှတ်ထားသည်။
ဝေဘာဂီဆေးရုံမှလူနာ Saw Kane ၏သီချင်းမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသောလူနာများ တွေ့ကြုံခံစားရသည့် ခွဲခြားဆက်ဆံခံရမှုနှင့် ဝိုင်းကြဉ်ခံရမှုများအကြောင်းဖြစ်သည်။
“ရန်သူမိတ်ဆွေ ခွဲခြားသိပါစေ” ဟု သီချင်းထဲမှာစပ်ဆိုထားသည်။ သူတို့ငါးဦးသီဆိုလှုပ်ရှားမှုနှင့် ဆေးရုံတွင် အလုပ်လုပ်နေသော ဆရာဝန်များနှင့် သူနာပြုများတာဝန်ထမ်းဆောင်နေပုံတို့ကိုကင်မရာက တလှည့်ချင်းစီ ရိုက်ပြသွားသည်။
“ဘယ်အရာမဆို အကောင်းဘက်က မြင်တတ်ပါစေ”
သူတို့မှာအပြစ်မကင်းသလို လူအများကထင်နေကြသည်ဟု ရောဂါကူးစက်ခံရသူများက ခံစားရကြောင်း ရောဂါကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိသူအများစုကပြောကြသည်။ ဆိုရှယ်မီဒီယာများနှင့် လူ့အသိုက်အဝန်းတွင် ကိုဗစ် ၁၉ လူနာများအား ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းပယ်ထားခြင်းကြောင့် ရောဂါလက္ခဏာရှိသူများက ကုသမှုခံယူမည့်ကိစ္စ အဟန့်အတားဖြစ်စေမည်ကို ကျန်းမာရေးအာဏာပိုင်တို့က စိုးရိမ်နေသည်။
ကိုဗစ် ၁၉ လူနာများအား ဝေဖန်နေသူများသည် သူတို့ကိုယ်တိုင် နိုင်ငံကိုအန္တရာယ်ပေးနေသူများဖြစ်ကြောင်းနှင့် ဗိုင်းရပ်ပြန့်ပွားမှုနှေးကွေးစေရန်လိုအပ်သော တစ်ဦးနှင့်တစ်ဦးခွာနေရမည့်အလေ့အကျင့်ကိုလိုက်နာသူ နည်းလှကြောင်း ကိုစည်သူဝူကပြောသည်။
“လူတွေက ဗိုင်းရပ်ကိုတကယ်ကြောက်တယ်ဆိုရင် သူတို့ဘာဖြစ်လို့ အပြင်ကိုပြန်ထွက်လာကြတာလဲ။ ရောဂါကူးတဲ့လူ ပိုများလာရင် လူ့အဖွဲ့အစည်းက ဒီလူတွေကိုချည်း အပြစ်မဖို့သင့်တော့ပါဘူး” ဟု သူကပြောသည်။
ကိုဗစ် ၁၉ ကို လူအများကြောက်နေသည်မှာ သဘာဝကျကြောင်း၊ သို့သော် ရောဂါနှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်သော သတင်းအချက်အလက်များပေးရန်လိုကြောင်း O Sushi ပိုင်ရှင် ကိုချမ်းမြေ့အောင်က ပြောသည်။ သူ့မှာ ကိုဗစ် ၁၉ ရောဂါရှိထားပြီးဖြစ်သည့်အတွက် ရောဂါပျောက်ပြီးနောက် သူ့စားသောက်ဆိုင် ပြန်ဖွင့်ချိန်တွင် ဖောက်သည်အလာနည်းသွားမည်ကို သူစိုးရိမ်နေသည်။
သူတို့၏နိစ္စဓူဝလုပ်ငန်းနှင့်ပတ်သက်၍ မေးမြန်းသောအခါ ည ၉ နာရီ ၁၀ နာရီတွင်အိပ်ရာဝင်ပြီး နံနက် ၅ နာရီခွဲတွင် အင်တာကွမ်စနစ်ကိုသုံး၍ ဆရာဝန်များကအိပ်ရာမှနှိုးကြောင်း၊ ထို့နောက် သွေးတွင်းအောက်ဆီဂျင် အဆင့်၊ ကိုယ်အပူချိန်နှင့် သွေးခုန်နှုန်းကို ကိုယ့်ဘာသာတိုင်းကြကြောင်း သူတို့ငါးဦးကပြောသည်။
မနက် ၇ နာရီတွင် သူတို့ကို နံနက်စောစာကြွေးပြီးနောက် ကျန်အချိန်တနေ့လုံး ကိုယ့်သဘောနှင့်ကိုယ် နေခွင့်ပေးထားသည်။
“ကိုယ့်ဘာသာကိုယ် ဘယ်လိုတိုင်းတာစမ်းသပ်ရမယ်ဆိုတာကို သူတို့(ဆေးဝန်ထမ်းတွေ) က ကျွန်တော်တို့ကို ပြပေးပါတယ်။ ကျွန်တော်တို့ စမ်းသပ်စစ်ဆေးထားတာတွေကို မှတ်တမ်းယူဖို့ သူတို့ PPE ဝတ်စုံဝတ်ပြီး မနက် ၆ နာရီမှာလာပါတယ်။ တစ်နေ့ကိုအနည်းဆုံးနှစ်ကြိမ် သူတို့လာပါတယ်”
မေ ၄ ရက်ညဘက်တွင် သတင်းကောင်းကို ကိုစည်သူဝူ ရခဲ့သည်။ ရောဂါမရှိကြောင်းစစ်ဆေးချက်အဖြေကို ဒုတိယအကြိမ်အဖြစ် သူ ရခဲ့ခြင်းဖြစ်သည်။ သူ့ကိုမြေညီထပ်ရှိ နာလန်ထလူနာခန်းသို့ ပြောင်းပေးသည်။ မေ ၇ ရက်တွင် နောက်ထပ်ခုနစ်ရက် အသွားအလာကန့်သတ်တားဆီးမှုကိုခံယူရန် ဖောင်ကြီးသို့ ပြောင်းရွှေ့ရသည်။ ထို့နောက် နေအိမ်တွင် အသွားအလာကန့်သတ်မှုခံယူပြီးမှ နောက်ထပ်တစ်ကြိမ်ဆေးစစ်ခံရမည်ဖြစ်သည်။
သူတို့အားလုံး ရောဂါကင်းရှင်းကြောင်း စစ်ဆေးပြီးနောက်ပိုင်းနှင့် အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်ချိန်တွင် ပြန်လည်တွေ့ဆုံကြမည်ဖြစ်ကြောင်း ကိုစည်သူဝူက သူ့ညီနောင်များကို မပြောင်းရွှေ့မီ ကတိပေးခဲ့သည်။ လောလောဆယ်တော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကုသခံနေကြသူများသည် သူနှင့်သူ့မိတ်ဆွေများ ဖြတ်သန်းခဲ့သည့်နည်းတူ သူတို့ကိုယ်တိုင်နှင့် အများပြည်သူ စိတ်ခံစားမှုများသက်သာအောင် သူတို့စွမ်းအားရှိသ၍ ပရောဂျက်များ ဖန်တီးကြလိမ့်မည်ဟု ကိုစည်သူဝူကမျှော်လင့်ထားသည်။
ဇမ္ဗူစိုး ဘာသာပြန်သည်။