ကိုဗစ်ကာလ အွန်လိုင်းဗေဒင် ငွေဝင်ကောင်းလှ

သတင်း – အေအက်ဖ်ပီ

အမျိုးသမီးရှေ့နေ မသီရိတစ်ယောက် ယခုနှစ်အတွင်း အလုပ်သစ်အကိုင်သစ်ရတော့မည့်အရေးနှင့်အတူ လက်ထပ်မင်္ဂလာပွဲ ကျင်းပမည့်အရေးများဖြင့်် စိတ်လှုပ်ရှားတက်ကြွနေခဲ့သည်။ ဒီစိတ်လှုပ်ရှားမှု နှစ်ခုလုံးကို ကိုဗစ် ၁၉ က ဖျက်ဆီးပစ်လိုက်ပါသည်။ ခုတော့ ဂြိုဟ်စီး ဂြိုဟ်နင်းတွေကလည်း မဟန်လှပေရာ အွန်လိုင်းဗေဒင် အက်ပလီကေးရှင်း တစ်ခုကို အားကိုးရှာမိသည်။

ဒေါ်လာအနည်းငယ်ပေးရသော ထိုအွန်လိုင်းဗေဒင်က အသက် ၂၆ နှစ် အရွယ် ရှေ့နေအမျိုးသမီးကို ကံဇာတာ တက်လာစေရန် ယတြာအချို့ပေးလိုက်သည်။ ဘုရားပန်းကပ်လှူရန်၊ အိမ်နီးချင်းများကို အလှူအတန်းလုပ်ရန်နှင့် လမ်းပေါ်မှတိရစ္ဆာန်များကို အစာကျွေးမွေးရန်တို့ဖြစ်သည်။

မြို့တွင်း၌ အိမ်အပြင်မထွက်ရ အမိန့်ကြောင့် သူသွားနေကျ မြို့လယ်ဆူးလေစေတီ မှ ဗေဒင်ခန်းများလည်း ပိတ်ထားကြမည်ဖြစ်ရာ မင်းသိင်္ခအက်ပလီကေးရှင်း Min Thein Kha app မှ ဗေဒင်ဆရာမ ပေးသော အကြံဉာဏ်များကိုသာ အားကိုးရတော့သည်ဟုသီရိက အေအက်ဖ်ပီကိုပြောပြသည်။

မြန်မာပြည်တွင် တစ်ခုတည်းသာရှိသော Min Thein Kha Platform ကို လွန်ခဲ့သည့် ၂ နှစ်က စတင်ခဲ့သည်။ ဝင်ကြည့်သူ ၂ သန်းကျော်ရှိပြီး နေ့စဉ် အသုံးပြုနေသူ ၅၀,၀၀၀ ရှိသည်ဟု ဦးဆောင်ဖန်တီးသူများက ဆိုသည်။

ဤအက်ပလီကေးရှင်းသုံးသူများသည် ဗေဒင်ဆရာ ၂၃ ဦးအနက် မိမိတို့ နှစ်သက်ရာတစ်ဦးကို ရွေးချယ်ပြီး မေးလိုရာ မေးနိုင်သည်။ ဗေဒင်ဟောခကို ဘဏ်မှဖြစ်စေ မိုဘိုင်းငွေလွဲဖြင့်ဖြစ်စေ ကြိုတင်ပေးပို့ပါက ဟောစာတမ်းကို အသံဖိုင်ဖြင့် ၄၈ နာရီအတွင်းပေးပို့သည်ဟုဆိုသည်။

ယခုအခါ ကိုဗစ် ၁၉ ရောဂါ ပြန့်ပွားလာသဖြင့် မသေချာမရေရာသော အခြေအနေများကြောင့် အွန်လိုင်းဗေဒင် မေးသူ ၅၀ ရာခိုင်နှုန်းတိုးလာသည်ဟု အွန်လိုင်းဗေဒင် ဝန်ဆောင်မှုနောက်ကွယ်မှ လုပ်ဆောင်ပေးနေသော BAGAN INNOVATION TECHNOLOGY ကုမ္ပဏီထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဗေဒင်ယုံကြည်မှုသည် လွန်ခဲ့သောကာလရှည်ကြာစွာကတည်းကပင် ဗုဒ္ဒဘာသာ ကိုးကွယ်ဆည်းကပ်မှုနှင့်အတူ ရောယှက်ဆက်နွယ်မှု ရှိနေခဲ့သည်။ မြန်မာတို့သည် ဆုံးဖြတ်ချက် ကြီးကြီးမားမားများကို ဗေဒင်ဆရာနှင့် ရှေးဦးစွာ မတိုင်ပင်ဘဲ ပြုလုပ်ခဲလှသည်။ ယခင်စစ်အာဏာရှင်များ လက်ထက်က တနိုင်ငံလုံးကို အွန်လိုင်းနှင့်အဆက်ဖြတ်ထားခဲ့ရာ မင်းသိင်္ခအက်ပလီကေးရှင်း တီထွင်သူများသည် ကမ္ဘာနှင့်အမှီလိုက်နိုင်ရန် ကြိုးပမ်းနေကြသော ဖွံ့ဖြိုးစဒစ်ဂျစ်တယ် အသိုင်းအဝိုင်းထဲမှ ကြိုးပမ်းမှုတစ်ခုပင် ဖြစ်သည်။

ဤ APPကို မြန်မာနိုင်ငံတွင် ဂုဏ်သိက္ခာအကြီးမားဆုံးဗေဒင်ပညာရှင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ပုဂ္ဂိုလ် တစ်ဦး၏အမည်ကို ယူထားခြင်းဖြစ်သည်။ သူသည် ၂၀၀၈ ခုနှစ်ကပင် ကွယ်လွန်သွားခဲ့သော်လည်း ကျန်ရစ်သူမိသားစုနှင့် သူ့တပည့်သာဝကများက အမွေထာဝရ တည်ရှိနေမည်ဟု ယုံကြည်ထားကြသည်။

“ကျွန်တော်တို့က သူ့ရဲ့ပုဂ္ဂိုလ်ရေးအတွေ့အကြုံ ကိုမြှင့်တင်ထားပါတယ်” ဟု အတူတကွ တည်ထောင်သူ တစ်ဦးဖြစ်သော ကိုရစ်ကီသက် RICKY THET ကပြောသည်။

“Digitising ဆိုတာအသစ်ဖန်တီးမှု တစ်ခုတင်မကပါဘူး၊ ရှိရင်းစွဲအစဉ်အလာတွေကိုပါ တိုးတက်အောင် လုပ်လို့ရတယ်ဆိုတာကို ပြချင်တာပါ” ဟု သူကပြောပါသည်။

နည်းပညာတော်လှန်ရေး

ယခင်က ကလေးကင်ပွန်းတပ်အမည်ပေး၊ ကုမ္ပဏီအမည်ပေး၊ မင်္ဂလာပွဲရက်မြတ်နှင့် အိမ်တက်မင်္ဂလာရက်မြတ် ရွေးချယ်ကြရာတွင် မေးမြန်းခဲ့ကြရာမှ ယခုချိန်၌မူ မိမိအလုပ်အကိုင်အခြေအနေနှင့် အိမ်သားများကျန်းမာရေးကို စိုးရိမ်တကြီးမေးမြန်းနေကြသည်။

မဖွံ့ဖြိုးသေးသောမြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၄၄ ဦးနှင့်သေဆုံးသူ ငါးဦးရှိပြီဟု ထုတ်ပြန်ထားသော်လည်း စမ်းသပ်နိုင်သော ဓာတ်ခွဲခန်းများ ချို့တဲ့နေသောကြောင့်သာဖြစ်ပြီး တကယ့်အမှန်ဦးရေမှာ ထိုကိန်းဂဏန်းထက်များစွာ ပိုဖွယ်ရာရှိသည်ဟု ကျွမ်းကျင်သူတို့က ယူဆကြသည်။

“ပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံမှာ ကျန်ခဲ့တဲ့ သူတို့ချစ်သူ ရည်းစားအကြောင်း မေးကြတယ်။ တချို့အမျိုးသမီးတွေကတော့ ပင်လယ်ပြင်က နိုင်ငံခြားသင်္ဘောတွေ၊ ကမ်းလွန်ရေနံစင်တွေပေါ်က သူတို့ရဲ့ခင်ပွန်းတွေ၊ ရည်းစားတွေအတွက်စိုးရိမ်စိတ်နဲ့လာမေးကြတယ်” ဟု ကိုရစ်ကီသက်ကပြောပါသည်။

“ကျွန်တော်တို့က စိတ်ဓာတ်ကျနေသူတွေကို သူတို့ရဲ့မျှော်လင့်ချက်၊ အနာဂတ်နဲ့မိမိကိုယ်ကို ယုံကြည်မှုပြန်ရလာအောင် စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်” ဟု ကွယ်လွန်သူဆရာမင်းသိင်္ခ၏ညီဖြစ်သူ အသက် ၇၀ ရှိဗေဒင်ဆရာ ဦးဝင်းဇော်ကပြောပြသည်။

သူသည်ဗေဒင်ဟောလာခဲ့သည်မှာ အနှစ် ၃၀ ပင်ရှိခဲ့ပြီဖြစ်သည်။ သူက ယခုလို အွန်လိုင်းမှဗေဒင်ဟောခြင်းသည် နည်းပညာတော်လှန်ရေးတစ်ခုပင်ဟုဆိုသည်။

သို့သော် ဤသို့အွန်လိုင်းမှ ဗေဒင်ဟောရာတွင် အားနည်းချက်များရှိကြောင်း သူကဝန်ခံပြောဆိုသည်။

မျက်နှာချင်းဆိုင် ထိုင်ပြီးဗေဒင်ဟောရာမှာ အတွေ့အကြုံရှိပြီးသားဗေဒင်ဆရာက ဗေဒင်လာမေးသူ၏ ကိုယ်နေဟန်ထား အမူအရာကြည့်ပြီး အကဲခတ်နိုင်ကြောင်းနှင့် သူတို့လက်များ မည်သည့်နေရာမှာထားသလဲ၊ ခေါင်းကဆံညှပ် ညှပ်ထားပုံက မည်သို့ရှိသလဲစသဖြင့် ကြည့်ပြီးသိနိုင်တာများရှိကြောင်း၊ ထို့ကြောင့် အဝေးမှနေ၍ ဗေဒင်ဟောရသော ‘အဝေးဟောစနစ်’ သည် တခါတရံ မတိကျနိုင်ကြောင်း သူကပြောပါသည်။

သူနှင့်လုပ်ဖော်ကိုင်ဖက် အသက် ၄၅ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လူကမူ ၂၀၁၄ ခုနှစ်က မလေးရှားလေကြောင်းလိုင်း ပျက်ကျသွားမည်ကို သူကြိုတင်သိမြင်နေခဲ့သည်ဟုဆိုသည်။ တဖန် မြန်မာနိုင်ငံ၏ ပြီးခဲ့သောရွေးကောက်ပွဲအပြီး မည်သူသမ္မတဖြစ်လာမည်ဆိုသည်ကိုပါ အတိအကျဟောနိုင်ခဲ့ကြောင်းဆိုသည်။

ယခုကဲ့သို့ ဒုက္ခပင်လယ်ဝေနေရချိန်တွင် သူက အကောင်းမြင်ဟောကိန်းထုတ်ပါသည်။ ဤကမ္ဘာ့ကပ်ရောဂါသည် မေလတွင် တည်ငြိမ်သွားမည်။ ဇွန်လ ၂ ရက် နှင့် ၁၂ ရက်ကြားကာလတွင် ကာကွယ်ဆေးနှင့်ပတ်သက်၍ သတင်းကောင်းကြားကြရလိမ့်မည်ဟု ဟောကိန်းထုတ်လိုက်ပါသည်။

ဦးကိုကို ဘာသာပြန်သည်။­­­

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.