ကိုဖီအာနန်အား စစ်တွေမြို့၌ ဆန္ဒပြပွဲဖြင့် ကြိုဆို

စစ်တွေ၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ယနေ့ရောက်ရှိလာသည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ကို စစ်တွေမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် အရပ်သား ၁,၀၀၀ ခန့်က ဆန္ဒပြပွဲဖြင့် ကြိုဆိုခဲ့ကြသည်။

ကိုဖီအာနန်ဦးဆောင်သည့်အဖွဲ့ စစ်တွေလေဆိပ်သို့ ရောက်ရှိချိန်တွင် လေဆိပ်အထွက် လမ်းဘေးတစ်လျောက်တွင် “ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်အဖွဲ့ အလိုမရှိ” အစရှိသည့် စာတမ်းများ ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ တွင် ရေရှည်နည်းလမ်းကောင်းများ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အား အစိုးရက သြဂုတ် ၂၄ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည့် ကိုဖီအာနန်သည် စစ်တွေမြို့သို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော် အဆိုပါကော်မရှင်ဖွဲ့စည်းမှုအား ကန့်ကွက်မှုများလည်း ရှိနေပြီး ယခုကဲ့သို့ ကိုဖီအာနန်နှင့်အဖွဲ့ စစ်တွေမြို့သို့ ပထမဆုံး ရောက်ရှိလာချိန်တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ကိစ္စသည် ပြည်တွင်းရေးဖြစ်သည့်အတွက် ကော်မရှင်တွင် ပြည်တွင်း တိုင်းရင်းသားများဖြစ်သည့် ပညာရှင်များကိုသာ ပါဝင်စေလိုပြီး နိုင်ငံတကာပြဿနာ မဟုတ်သည့်အတွက် နိုင်ငံခြားသားများ ပါဝင်ခြင်းကို မလိုလားဟု စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်သန်းဝေက Frontier ကို ပြောသည်။

“တကယ်တမ်းကျတော့ ဒီကိစ္စအတွက် ၂၀၁၂ က ရခိုင်မှာ ပြဿနာ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီးရှိပါတယ်။ ရခိုင်စုံစမ်း စစ်ဆေးရေးကော်မရှင်က ဒီကိစ္စနဲ့ ပတ်သက်လို့ report (အစီရင်ခံစာ) တစ်ခု ရှိနေပြီးပါပြီ။ အဲဒီ report ရဲ့ အဆင့်တိုင်းကို လိုက်ဖြေရှင်းမယ်ဆိုရင် ပြဿနာက အဆင်ပြေပြီးသားပါ” ဟု ၎င်းကပြောသည်။

“ဒါပေမယ့် ခုကိစ္စက ရခိုင်ပြည်ထဲမှာရှိတဲ့ ပြည်တွင်းပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ်လုပ်တာကို ကျွန်တော်တို့က လက်မခံနိုင်ပါဘူး” ဟု ဦးအောင်သန်းဝေက ပြောကြားသည်။

အဆိုပါ ကော်မရှင်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ကာ ၎င်းအပါအဝင် မြန်မာနိုင်ငံသားပုဂ္ဂိုလ်ခြောက်ဦးနှင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး၊ စုစုပေါင်း အဖွဲ့ဝင်ကိုးဦးပါဝင်သည်။

ကော်မရှင်အား ပြည်တွင်း တတ်သိပညာရှင်များဖြင့် ပြန်လည်ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၃၀ ရက်နေ့၌ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တစ်ဦးက အရေးကြီးအဆို တင်သွင်းရာ ကန့်ကွက်သူမရှိ၍ ဆွေးနွေးရန် သဘောတူထားကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့တွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်မှ လူသိများသည့် စာရေးဆရာတစ်ဦးဖြစ်သူ ဝေဟင်အောင်ကလည်း ယခုကိစ္စသည် လူ့အခွင့်အရေးကိစ္စ မဟုတ်သည့်အပြင် ကိုဖီအာနန် လာရောက်မှုအပေါ် ရခိုင်လူထုဖက်က စိုးရိမ်ပူပန်မှုများရှိနေကြောင်း ပြောကြားသည်။

“ကျွန်တော်တို့လည်း လူသားများအနေနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်” ဟု ဝေဟင်အောင်က ပြောကြားသည်။ သို့သော် ယခုကိစ္စသည် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေနှင့် ဆက်စပ်နေပြီး နိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအပေါ် များစွာ မူတည်နေသည်ဟု ၎င်းက ပြောကြားသည်။

“ကိုဖီအာနန်အနေနဲ့ ရခိုင်လူထုက ဘာကြောင့် သူ့ကို ဆန္ဒပြရသလဲဆိုတာကို စဉ်းစားဖို့ လိုအပ်ပြီး မေးခွန်းထုတ် အဖြေရှာသင့်ပါတယ်” ဟု၎င်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲကို အလင်းတံခါးအမည်ရှိ ရခိုင်အမျိုးသမီးအဖွဲ့တစ်ခုက စည်းရုံး ကျင်းပခြင်းဖြစ်ကာ ရခိုင်အမျိုးသားပါတီကလည်း ပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

ကိုဖီအာနန်ဦးဆောင်သည့် အဖွဲ့သည် စစ်တွေမြို့တွင် အစိုးရတာဝန်ရှိသူများ၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်၏ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီကမူ ကိုဖီအာနန်နှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့သည်။

ထို့အပြင် ကိုဖီအာနန်ထံ ပါတီ၏ ကန့်ကွက်လွှာကိုလည်း ပေးပို့ခဲ့သည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က Frontier ကို ပြောသည်။

“ကိုဖီအာနန်နဲ့ မနေ့(စက်တင်ဘာ ၅ ရက်နေ့)က MRPC မှာ သူ့ဘက်က ဖိတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ တွေ့ပြီးတဲ့နောက်မှာ ဖြစ်မှာပေါ့။ ကျွန်တော်တော့ အသေးစိတ် မသိဘူး။ ကျွန်တော်တို့ဆီက ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်သွားတယ်။ သူတို့ဘက်က တရားဝင်ဖိတ်လို့ ယဉ်ကျေးမှုအရ သွားတွေ့တာပါ။ ကျွန်တော်တို့က တောင်းဆိုတာ မဟုတ်ဘူး။ သူတို့က တွေ့ချင်တယ်လို့ပြောလို့ သွားတာ။ သွားပြီးတော့ ကျွန်တော်တို့ဘက်က ကန့်ကွက်လွှာကို တင်ခဲ့တယ်။ ကျွန်တော်တို့ဘက်က Statement ကို ပြောခဲ့တယ်။ ဒါပဲ” ဟု ၎င်းကပြောသည်။

ကိုဖီအာနန်အား လေးစားမှုအရ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကာ ကော်မရှင်ကို ဦးဆောင်သူအနေဖြင့် တွေ့ဆုံခဲ့ခြင်းမဟုတ်ဟုလည်း ၎င်းကပြောသည်။

“ကိုဖီအာနန်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းတစ်ဦးအနေနဲ့ Due Respect ပေးတဲ့အနေနဲ့ သွားတွေ့တာ။ [ရခိုင်အရေး]ကော်မရှင်အနေနဲ့ သွားတွေ့တာ မဟုတ်ဘူး။ နောက်ပြီး [ကော်မရှင်ကို]ဘာကြောင့်ကန့်ကွက်သလဲဆိုတဲ့ ကန့်ကွက်လွှာကိုသွားပြော တာ၊ သွားပေးခဲ့တာ။ ဘာမှ ဆွေးနွေးတာ ပြုတာမရှိဘူး။ ကျွန်တော်တို့ ကန့်ကွက်တယ်၊ ကော်မရှင်ကို ဖျက်သိမ်းပေးပါ။ ဒါပဲ။

“ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက် (Statement) ကို ခင်ဗျားတို့ ဖတ်ရတာပဲ။ အဲဒီထဲကဟာကိုပဲ ပြောခဲ့တာပဲ။ ကျွန်တော်တို့ ဘာကြောင့် ကန့်ကွက်တယ်ဆိုတာကို အဲဒီ Statement မှာ ပါတာပဲလေ” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ပါတီက သြဂုတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ကော်မရှင်၌ ရခိုင်တို့၏ နောက်ခံသမိုင်းနှင့် ဖြစ်တည်နေမှုကို နားလည်နိုင်စွမ်းမရှိသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး ပါဝင်နေခြင်းကို ပါတီက ကန့်ကွက်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ပြည်တွင်းရေးကိစ္စအား နိုင်ငံတကာပြဿနာအဖြစ် ပုံဖော်ရာ ရောက်စေသော ကော်မရှင်ဖွဲ့စည်းမှုကို ဖျက်သိမ်းပေးရန် တောင်းဆိုသည်ဟုလည်း ဖော်ပြထားသည်။

ကော်မရှင်အား ပြည်တွင်း တတ်သိပညာရှင်များဖြင့် ပြန်လည်ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်တွင် သြဂုတ်လ ၃၀ ရက်နေ့၌ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တစ်ဦးက အရေးကြီးအဆို တင်သွင်းရာ ကန့်ကွက်သူမရှိ၍ ဆွေးနွေးရန် သဘောတူထားကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့တွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။

ရခိုင်အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကိုဖီအာနန်ဦးဆောင်သည့် ကော်မရှင်အား ဆန္ဒပြပွဲများကို စက်တင်ဘာ ၇ ရက်နေ့တွင်လည်း ဆက်လက်ပြုလုပ်မည်ဟု သိရသည်။

သတင်း- ဆုမြတ်မွန်နှင့် ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar