ကိစ္စအချို့ ညှိနှိုင်းရန် ကျန်ရှိသည်မှအပ ၂၁ ရာစု ပင်လုံ ကျင်းပရန် အဆင်သင့် ဖြစ်နေ

ညီလာခံကျင်းပရန် တစ်ရက်သာ လိုတော့ချိန်အထိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အချက်အချို့ ညှိနှိုင်းရန် ကျန်နေသေးသော်လည်း လေးရက်ကြာပြုလုပ်မည့် ၂၁ ရာစုပင်လုံညီလာခံကို မူလ သတ်မှတ်ထားသည့်အတိုင်း သြဂုတ် ၃၁ ရက်နေ့တွင် စတင်ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု နှစ်ဖက်တာဝန်ရှိသူတို့က ပြောသည်။

ညီလာခံ၏ အဖွင့်မိန့်ခွန်းတွင် တိုင်းရင်းသားတို့ဖက်က တစ်ဦးသာပြောရန် မူလက သဘောတူထားသော်လည်း ကျင်းပမည့်ရက် နီးကပ်လာချိန်တွင် ခေါင်းဆောင်နှစ်ဦး ပြောခွင့်ရရန် တိုင်းရင်းသားတို့က လိုလားနေကြသည်။

ထိုကိစ္စကို သြဂုတ် ၂၉ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပရေး ပူးတွဲကော်မတီအစည်းအဝေးတွင် ညှိနှိုင်းကြသော်လည်း မပြီးပြတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

“အကုန်လုံး ပါဝင်နိုင်တဲ့ သဘောထားကို တင်ပြထားပါတယ်။ ဒါကို သူတို့ (ဒေါ်အောင်ဆန်းစု ကြည်ထံ) ဆက်ပြီး တင်ပြမယ်လို့ ပြောပါတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့အတူ ရခိုင်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)တို့ ညီလာခံတက်ရောက်ခွင့်နှင့် ပတ်သက်၍လည်း နှစ်ဖက် ညှိနှိုင်းနိုင်ခြင်း မရှိသေးပေ။

ညီလာခံအကြို ပြင်ဆင်ရေးကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေကမူ “ကျွန်တော်တို့ဖက်က လမ်းဖွင့်ထားတယ်”ဟု ဆိုသည်။

အဆိုပါအဖွဲ့များကို ညီလာခံသို့ ဖိတ်ကြားနိုင်ရန် လက်နက်ကိုင်နည်းလမ်းကို စွန့်လွှတ်မည်ဟူသည့် စာသားပါဝင်သည့် ကြေညာချက်တစ်ရပ်ကို အစိုးရနှင့် တပ်မတော်ဖက်က အလိုရှိနေပြီး ထိုသုံးဖွဲ့က မလိုက်လျောပဲ ရှိနေခြင်းဖြစ်သည်။

တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသော သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်နိုင်ငံက အဆိုပါသုံးဖွဲ့ကို ကြားဝင်ဖျောင်းဖြပေးနေသည်ဟု သိရပြီး ယခုတစ်ကြိမ် မတက်ရောက်ဖြစ်ပါက လာမည့် ခြောက်လအတွင်း ထပ်မံ ကျင်းပရမည့် ညီလာခံတွင် သေချာပေါက် တက်ရောက်ကြလိမ့်မည်ဟုလည်း အဆိုပါ သတင်းအရင်းအမြစ်တို့က ယုံကြည်ထားကြသည်။

လက်ရှိအချိန်အထိမူ အဆိုပါသုံးဖွဲ့နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ – ကပ်ပလန် (NSCN-K) တို့မှအပ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရခြင်း မရှိသေးသော အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်စုစုပေါင်း ၁၇ ဖွဲ့ညီလာခံသို့ တက်ရောက်ရန်ရှိနေသည်။

ယနေ့အစည်းအဝေးတွင် နေရာထိုင်ခင်း၊ သွားရေးလာရေးအစီအစဉ်များ၊ အဖွင့်မိန့်ခွန်းပြောကြားမည့် ပုဂ္ဂိုလ်များ၊ ညီလာခံကျင်းပရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး အချက်အတော်များများကို သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြသည်။

ညီလာခံ အဖွင့်မိန့်ခွန်းပြောမည့်စာရင်းတွင် ညှိနှိုင်းရန်ကျန်နေသေးသော တိုင်းရင်းသားတို့ တောင်းဆိုသည့် နှစ်ဦးပြောခွင့်မှအပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တစ်ဦး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်တို့ ပါဝင်သည်။

ထို့အတူ ဖွင့်ပွဲနေ့ နံနက်ပိုင်းမိန့်ခွန်းများ ပြောကြားအပြီး ပြန်လည်စတင်မည့် နေ့လည်ပိုင်းနှင့် ဆက်လက်ကျင်းပမည့် နေ့ရက်များအတွင်း မည်သည့်အစီအစဉ်များဖြင့် ကျင်းပမည်ကိုလည်း သဘောတူနိုင်ခဲ့ကြသည်။

သြဂုတ် ၃၁ ရက်နေ့၊ နေ့လည်ပိုင်း အစီအစဉ်များ ပြန်စချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီနှင့် အပစ်ရပ်စောင့်ကြည့်ရေး ပူးတွဲကော်မတီတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆွေးနွေးချက်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိစ္စရပ်များ၊ ညီလာခံအကြို ပြင်ဆင် ရေးကော်မတီ၏ ဆောင်ရွက်ချက်များကို ညီလာခံသို့ တင်သွင်းမည်ဖြစ်ပြီး ညီလာခံဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို တက်ရောက်လာသူတို့က ရှင်းပြရန် စီစဉ်ထားသည်။

ညီလာခံပထမနေ့ စက်တင်ဘာ ၁ရက်မှ ၃ရက်နေ့ နံနက်ပိုင်းအထိ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား၊ ပါတီ ကိုယ်စားလှယ် တစ်ဦးစီ၊ ပေါင်းငါးဦး ပါဝင်ပြီး အလှည့်ကျ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်မည့် အဖွဲ့၏ ရှေ့မှောက်၌ တက်ရောက်လာသည့် အစုအဖွဲ့အသီးသီးမှ အလှည့်ကျတင်ပြချက်များ ဖတ်ကြားရမည် ဖြစ်သည်။

ညီလာခံနောက်ဆုံးနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင်မူ ခေါင်းဆောင်များ ပြောကြားသွားသော မိန့်ခွန်းများ၊ အစုအဖွဲ့အလိုက် စာတမ်းဖတ်ကြားသည်များကို မှတ်တမ်းတင်ခြင်း၊ နောက် ခြောက်လအတွင်း ညီလာခံ ပြန်လည်ကျင်းပရေးနှင့် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးတို့ကို မှတ်တမ်းတင်ခြင်းတို့ လုပ်ဆောင်ရန်စီစဉ်ထားသည်။

တိုင်းရင်းသားနှင့် အစိုးရတို့အကြား နိုင်ငံရေးဆွေးနွေးမှု မူဘောင် ညှိနှိုင်းမပြီးသေးသည့် အချိန်တွင် စတင်ကျင်းပမည့် ယခုညီလာခံတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်မည် မဟုတ်သော်လည်း အားလုံးပါဝင်ရေးနှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်မြောက်လာရေး ရည်ရွယ်ချက်မှာမူ အထမြောက်လိမ့်မည်ဟု နှစ်ဖက်တာဝန်ရှိသူတို့က ယုံကြည်ကြောင်း ပြောကြားကြသည်။

“ဒီညီလာခံမှာ ပြောဆိုကြတာတွေကို မှတ်တမ်းတင်ပြီးတော့ ရှေ့ဆက်လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ အခြေပြုသွားနိုင်ဖို့ လျာထားပါတယ်” ဟု ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar