ကလေးသုံးဦးကို သတ်ဖြတ်သည့် ပယောဂဆရာအမှု ယခုလကုန်ပိုင်းမှ တရားရုံးသို့ အမှုတင်မည်

တွံတေးမြို့နယ်၊ တွံတေးဝကျးရွာမှ အနောက်ဖက် မိုင် ၂၀အကွာရှိ အနောက်ကွင်းကျေးရွာ၌ ဖြစ်ပေါ်ခဲ့သည့် ကလေးငယ်သုံးဦးကို သတ်ဖြတ်ခဲ့သည့် ပယောဂဆရာအမှုကို ယခုလကုန်ပိုင်းမှသာ တရားရုံးသို့ အမှုတင်နိုင်မည်ဟု တွံတေးမြို့မရဲစခန်းမှ သိရသည်။

ကလေးငယ်များသေဆုံးမှုနှင့် ပက်သက်ပြီး ရဲလုပ်ထုံးလုပ်နည်းများအရ အချက်အလက် စုဆောင်းနေသည့် အဆင့်တွင်သာရှိပြီး တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်းနှင့် အချက်အလက် ပြည့်စုံမည့်အချိန်မှသာ တရားရုံးသို့ အမှုကိုတင်ပြနိုင်မည်ဖြစ်သည်ဟု ရဲစခန်းမှ တာဝန်ကျ ရဲတစ်ဦးက Frontier ကို နိုဝင်ဘာ ၄ ရက်နေ့၊ ညနေပိုင်းတွင် ပြောကြားသည်။

“ရဲလုပ်ငန်းနဲ့ ပက်သက်တဲ့ အချက်အလက်အချို့ စောင့်နေတယ်။ ဒီအမှုက ရမန်တစ်လယူလို့ ရတယ်။ တစ်လပြည့်တာနဲ့ အမှုကိုတရားရုံးမှာ စွဲချက်တင်မယ်” ဟု ၎င်းတာဝန်ကျရဲက တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့် ပယောဂဆရာဆိုသူ ထွန်းနိုင်သည် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့က အဆိုပါကျေးရွာမှ အသက် သုံးနှစ်၊ နှစ်နှစ်နှင့် ရှစ်လအရွယ်ကလေးငယ် သုံးဦးကို သရဲဝင်ပူးနေသဖြင့် ပယောဂကုသသည်ဟုဆိုကာ ရိုက်နှက်ခဲ့သဖြင့် အဆိုပါကလေးငယ်သုံးဦးလုံး သေဆုံးခဲ့ရသည်။ ထို့ပြင် အခြားကလေးငယ်တစ်ဦးတွင်လည်း အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ကြောင့် ထွန်းနိုင်ကို ရဲတပ်ဖွဲ့က လူသတ်မှုပုဒ်မ ၃၀၁၊ တုံးသောလက်နက်ဖြင့်တိုက်ခိုက်နာကျင်စေမှုပုဒ်မ ၃၂၅၊ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၂တို့ဖြင့် ပြစ်မှုဆိုင်ရာအမှတ် (ပ) ၆၄၂/ ၂၀၁၆ ဖြင့် တွံ့တေးမြို့မရဲစခန်း ကအမှုဖွင့်ထားသည်။

ထွန်းနိုင်ကို ဒုတိယအကြိမ် ၁၅ ရက်ကြာ ရမန်အဖြင့် နိုဝင်ဘာ ၃ရက်တွင် ရုံးထုတ်ကာ ထပ်မံထိန်းသိမ်းနိုင်ရေး တွံတေး တရားရုံးတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က ခွင့်ပြုချက်တောင်းခံခဲ့ပြီး ယခုအခါ ၎င်းကိုအင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar