ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေး ပိုမိုဆောင်ရွက်ရန် လိုအပ်နေသေးဟု ကုလပြောကြား

အိုလီဗာ ဆလိုး

ကလေးစစ်သားများ အသုံးပြုမှု ရပ်တန့်ရေးအတွက် ကတိကဝတ် ပြုထားမှုကို ဖြည့်ဆည်းရန် မြန်မာ တာဝန်ရှိသူများအနေဖြင့် ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားလိုက်သည်။

စစ်တပ်၌ ကလေးသူငယ်များအား စစ်သားအဖြစ် အသုံးပြုမှု ရပ်တန့်ရန် ပူးတွဲစီမံချက်အစီအစဉ်ကို မြန်မာစစ်တပ်နှင့် အစိုးရတို့က ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချိန်က စတင်ကာ ကလေးစစ်သား ရာပေါင်းများစွာကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး ပြန်လည်စေလွှတ်ပေးခဲ့သည်။ တချိန်တည်းမှာပင် ကလေးစစ်သားများ အသုံးပြုနေသည့် စာရင်းတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရှိ အခြားသော လက်နက်ကိုင်အဖွဲ့ရှစ်ခု ပါဝင်နေဆဲဖြစ်သည်။ ထိုအဖွဲ့များထဲတွင် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)၊ ကရင်အမျိုးသား အစည်းအရုံး (ကေအင်န်အယ်လ်အေ) နှင့် ဝ တပ်ဖွဲ့ (UWSA) တို့ ပါဝင်သည်။

တိုင်းပြည်တွင်းရှိ ကလေးစစ်သားများနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံ ဆောင်ရွက်နေသည့် လုပ်ငန်းတွင် ပိုမိုထိရောက်မှုရှိမည်ဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba က မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အပြီး မေ ၂၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“ကလေးငယ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်မတို့ မေးမြန်းတဲ့အခါမှာ အရမ်း နှေးကွေးလွန်းပါတယ်။ တစ်ခါတစ်ရံ နှစ်တွေနဲ့ချီပြီး ကြာတယ်။ ကျွန်မတို့ တောင်းခံတဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အလုပ်ကြွေးတွေ စုပုံနေတယ်။ အတည်ပြုချက်အတွက် ကျွန်မတို့ လပေါင်းများစွာ မစောင့်နိုင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ ရှိနေစဉ် ၎င်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နှင့် တွေ့ဆုံခဲ့သည်။

ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ ပူးတွဲလုပ်ငန်းအစီအစဉ်အား အပြည့်အဝ အကောင်အထည်ဖော်ရေး၊ ကလေးစစ်သားများ စုဆောင်းနေမှုကို တားဆီးရေး၊ ရခိုင်အပါဝင်အဝင် ရှမ်းနှင့် ကချင်ပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများသို့ သွားလာခွင့်ရရှိရေး၊ ကလေးသူငယ် အခွင့်အရေး ဥပဒေအတွက် အကြံပြုပေးရေးနှင့် အပစ်အခတ်ရပ်ဆဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကလေးသူငယ်များအား ကာကွယ်ပေးမှုအား ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ထည့်သွင်းရေးတို့အတွက် ဆွေးနွေးရန်ဖြစ်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

“တွေ့ကြုံခဲ့ရတာတွေ ပေါင်းစုလိုက်ရင်တော့ အပြုသဘောဆောင်ပါတယ်။ တွေ့ဆုံမှုတွေက အောင်မြင်ပါတယ်” ဟု Virginia Gamba က ပြောကြားသည်။ “ကျွန်မတို့ ဆွေးနွေးမှုတွေအတွက် ဆွေးနွေးခဲ့ပြီးနောက် အခုချိန်က လျောက်လှမ်းကြဖို့ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

တပ်မတော်ထဲ၌ ရှိနေစဉ် အတွေ့အကြုံများနှင့် ပတ်သက်ပြီး မီဒီယာများကို ပြောကြားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ကလေးစစ်သားဟောင်း၏ အမှုနှင့် ပတ်သက်ပြီး ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟုလည်း ၎င်းကပြောသည်။

ကလေးစစ်သားဟောင်းတစ်ဦးဖြစ်သူ ကိုအောင်ကိုထွေးအား ပြီးခဲ့သည့်မတ်လက ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ စစ်မှုထမ်းစဉ် အတွေ့အကြုံများအား မီဒီယာများကို ပြောကြားခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ငြိုပျက်စေမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ကလေးများအား စစ်မှုထမ်းရန် စုဆောင်းမှုကို ရပ်တန့်ရေးအတွက် စိတ်ဆန္ဒပြင်းပြမှုကို ပြသရန်အတွက် မြန်မာနိုင်ငံက ပူးတွဲစီမံချက်ကို ယခုနှစ်အကုန်တွင် ပြီးစီးအောင် လုပ်ဆောင်လိမ့်မည်ဖြစ်ကာ အစီအစဉ်အတိုင်း လိုက်နာမှုရှိမရှိ စောင့်ကြည့်ရန် ကော်မတီတစ်ခုကိုလည်း တည်ထောင်လိမ့်မည်ဟု Gamba က ပြောကြားသည်။

သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Fortity Rights မှ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ Mr David Baulk က မြန်မာစစ်တပ်အနေဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများရှိ ကလေးငယ်များကို ကာကွယ်ပေးရန် “လုံးလုံး ပျက်ကွက်နေသည်” ဟု ပြောသည်။

“စစ်တပ်အနေနဲ့ ကလေးစစ်သား စုဆောင်းနေမှုကို တကယ် အဆုံးသတ်လိုပြီး ကလေးငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်လိုတယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အားလုံးကို စားပွဲဝိုင်းပေါ် ခေါ်ယူပြီး သူတို့ လိုလားချက်တွေကို နားထောင်ခြင်းအားဖြင့် စတင်နိုင်ပါတယ်။ ဒီဟာ မဖြစ်သေးသရွေ့ကတော့ တိုက်ခိုက်မှုတွေ ဆက်ရှိနေမှာဖြစ်သလို ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့တွေအားလုံးက တိုက်ခိုက်ဖို့ သူတို့ ရသမျှလူတွေကို ဆက်လက်စုဆောင်းနေဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar