ကလေးစစ်သားဟောင်းအား တပ်မတော်က တရားစွဲဆိုထားသည့်အမှုကို ပထမဆုံးအကြိမ် ရုံးထုတ်

ရန်ကုန်

ကလေးစစ်သားဘ၀ နစ်နာမှုများကို ပြန်လည်ကုစားပေးရမည့်အစား တရားစွဲဆိုခံရခြင်းသည် တရားမျှတမှု ကင်းမဲ့နေကြောင်း ကလေးစစ်သားဟောင်း အောင်ကိုထွေး၏ အမဖြစ်သူက ဝေဖန်လိုက်သည်။

ကလေးစစ်သားဘဝ ကိုယ်တွေ့ဖြစ်စဉ်များကို သတင်းဌာနများသို့ ပြန်ပြောင်းပြောပြပြီးနောက် အများဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်၏ တရားစွဲဆိုခြင်းခံခဲ့ရသည့် ကလေးစစ်သားဟောင်း အောင်ကိုထွေးကို စက်တင်ဘာ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

၂၀၀၅ ခုနှစ်တွင် တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် အောင်ကိုထွေးသည် တပ်မတော်မှ ထွက်ပြေးခဲ့ ပြီးနောက် လူသတ်မှုတစ်ခုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ၂၀၀၈ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။

ထို့နောက် မိသားစုဝင်များက ကလေးစစ်သားဖြစ်ကြောင်း ကန့်ကွက်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲချမှတ်ခဲ့ပြီးနောက် ၉ နှစ်နီးပါးခန့် ထောင်ဒဏ်ကျခံခဲ့ရသည့် အောင်ကိုထွေးသည် ၂၀၁၇ ဇူလိုင်လ အစောပိုင်းတွင် ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ကလေးစစ်သားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည့် သူ၏အတွေ့အကြုံများကို RFA သတင်းဌာနသို့ ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် အောင်ကိုထွေးသည် သြဂုတ် ၁၈ ရက်နေ့ ညပိုင်းတွင် ထပ်မံအဖမ်းခံခဲ့ရသည်။

သူ၏ပထမဆုံးအကြိမ်ရုံးထုတ်တွင် မိသားစုဝင်များနှင့် ကလေးစစ်သားဟောင်း အောင်ကိုထွေးကို ထောက်ခံသူ ၂၀ ခန့်က တပ်မတော်၏ တရားစွဲဆိုမှုကို အော်ဟစ်ကန့်ကွက်ခဲ့ကြသည်။

အောင်ကိုထွေးကို သယ်ဆောင်လာသည့်အချုပ်ကား တရားရုံးရှေ့ ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက် “ကလေးစစ်သား အောင်ကိုထွေးကို မတရားဖမ်းဆီးထားမှု လွှတ်မြောက်ရေး…..ဒို့အရေး….ဒို့အရေး” ဟု အော်ဟစ်ကာ ကန့်ကွက်ခဲ့ကြသည်။

ကန့်ကွက်မှုများသည် အချုပ်ကားမရောက်မီ တစ်နာရီခန့် ကြိုတင်ရောက်ရှိနေသည့် တပ်မတော်အရာရှိများ တရားရုံးအတွင်း ဝင်ရောက်သွားစဉ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

တရားရုံးသို့ ဝင်ထွက်သူများအနေဖြင့် ဂိတ်ဝတွင် တရားဝင ်အဝင်အထွက် မှတ်တမ်းတင်ရသော်လည်း တပ်မတော်ယူနီဖောင်းနှင့် အရပ်ဘက်အင်္ကျီ ဝတ်တပ်မတော်အရာရှိများ တရားရုံးသို့ ဝင်ထွက်ရာတွင်မူ တစ်စုံတရာ မှတ်တမ်းရေးထိုးခြင်းမရှိသည့်အပေါ် အောင်ကိုထွေး၏ မိသားစုဝင်များနှင့် သူ့အား ထောက်ခံသူများက အော်ဟစ်ကန့်ကွက်ခဲ့ကြသေးသည်။

အသက် ၁၄ နှစ်အရွယ်တွင် တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ယခုအချိန်တွင် အသက် ၂၆ နှစ်ရှိပြီဖြစ်သော အောင်ကိုထွေးကို တရားစွဲဆိုမှုတွင် တပ်မတော်က ၎င်းတို့ကိုယ်၎င်း နိုင်ငံတော်ဟုခံယူကာ တရားစွဲဆိုခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း အောင်ကိုထွေးကိုထောက်ခံသည့် ဦးလင်းလင်းနိုင်က ဆိုသည်။

“သူတို့ကိုယ်သူတို့ စစ်တပ်က နိုင်ငံတော်ဆိုပြီး ကိုယ်စားပြုပြီးတော့ တရားစွဲတယ်ဆိုကတည်းက ဥပဒေအရ မှားနေတယ်” ဟု ဦးလင်းလင်းနိုင်က ပြောသည်။

အောင်ကိုထွေး၏ အမဖြစ်သူ ဒေါ်နေဇာထွန်းက သူ၏မောင်ဖြစ်သူ ကလေးစစ်သားဘဝ နစ်နာမှုများအတွက် တပ်မတော်ဘက်က မည်သည့်ပြန်လည်ကုစားမှုမျိုး ပေးမည်ကို သိလိုကြောင်းလည်း မေးခွန်းထုတ်ခဲ့သည်။

“ပြည်သူတွေသည်လည်း တရားဥပဒေစိုးမိုးမှုကို နာခံမယ်။ ကျူးလွန်ခဲ့ရင် တရားဥပဒေအရ ပေးတဲ့ပြစ်ဒဏ်ကို အမတို့ခံမယ်။ ဒီစစ်ဗိုလ်ချုပ်တွေ ကျူးလွန်တဲ့ဟာတွေရော ဘယ်သူက အရေးယူပေးမလဲ”ဟု ဒေါ်နေဇာထွန်း က ပြောသည်။

နာရီဝက်ခန့်ကြာမြင့်သည့် ပထမဆုံးတရားခွင်စစ်ဆေးမှုတွင် ထူးခြားသည့် ဆုံးဖြတ်ချက်တစ်စုံတရာ ချမှတ်ခြင်း မရှိဘဲ လာမည့် သြဂုတ် ၈ ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုခဲ့သည်။

အရပ်ဝတ် တစ်ဒါဇင်နီးပါးခြံရံလျှက် တရားခွင်အတွင်းမှ ပြန်လည်ထွက်ခွာလာသည့် တပ်မတော်အရာရှိများကို အမှုနှင့်ပတ်သက်ပြီး ထင်မြင်ချက်တစ်စုံတရာပေးရန် သတင်းထောက်များက တောင်းဆိုခဲ့သော်လည်း ၎င်းတို့က ယဉ်ကျေးစွာငြင်းပယ်ခဲ့သည်။

ရုံးချိန်းအပြီး အောင်ကိုထွေးကို အင်းစိန်ထောင်သို့ ပြန်လည်ခေါ်ဆောင်သွားပြီး ဆက်လက်ချုပ်နှောင် ထားဆဲဖြစ်သည်။

သတင်းသမားအချို့အပါအဝင် လူ့ပုဂ္ဂိုလ်အချို့အား စွဲဆိုထားသည့် အမှုငါးမှုကို ကျေအေးပေးလိုက်သည်ဟု တပ်မတော်က စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင်ထုတ်ပြန်ပြီးနောက် အောင်ကိုထွေးလည်း ပြန်လည်လွတ်မြောက်မည်ဟု မိသားစုဝင်များက မျှော်လင့်လျှက်ရှိသည်။

“အခုအင်းစိန်(ထောင်) သွားနေတယ်။ သူပြန်လွတ်လာမယ် ကြားလို့”ဟု အောင်ကိုထွေး၏အမဖြစ်သူက Frontier ကို စက်တင်ဘာ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဖုန်းဖြင့်ပြောကြားခဲ့သည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar