ပြီးခဲ့သည့် ရက်တွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ကရင်၊ မွန်နှင့် ပဲခူးတိုင်းဒေသကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုတွေကြောင့် လူထောင်ပေါင်းများစွာဟာ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ရေက ကျဆင်းသွားမယ့် အရိပ်အရောင် မတွေ့ရှိရသေးပဲ ဒေသအာဏာပိုင်တွေနဲ့ လုပ်အားပေးကူညီသူတွေက ရေဘေးသင့်သူတွေအတွက် အစားအစာနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးနေကြတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။
ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံက ဒေသခံတွေဟာ ရေလွှမ်းမိုးပြီး မြစ်ချောင်းတွေအဖြစ် ပြောင်းလဲသွားတဲ့ လမ်းတွေမှာ လှေတွေနဲ့ သွားလာနေကြပြီး အချို့တွေကတော့ ရင်ခေါင်းလောက်အထိနက်တဲ့ ရေထဲမှာ လမ်းလျောက် သွားလာနေကြတာကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ မြင်တွေ့ရတယ်လို့ ရေးသားထားပါတယ်။
မြို့အနှံ့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားပြီး ရေဘေးဒဏ်ခံရသူတွေ ယာယီခိုလှုံနေကြပါတယ်။
“ဘားအံမှာ လူဦးရေ ၆,၀၀၀ လောက် အိုးအိမ်စွန့်ခွာခဲ့ရပြီး မြဝတီမှာတော့ ၄,၀၀၀ လောက်ရှိပါတယ်” လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ကြည်လင်းက အေအက်ဖ်ပီကို ပြောပါတယ်။
ကရင်ပြည်နယ်က မြို့နယ်ရှစ်ခုမှာ ရေဘေးကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူ ၁၆,၀၀၀ ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောကြားပါတယ်။
မွန်ပြည်နယ်နဲ့၊ ပဲခူးတိုင်းတို့က ရေဘေးသင့်သူအရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“ကလေးတွေလည်း ကျောင်းတွေ ပိတ်လိုက်ပြီ” လို့ ဘားအံက မခင်စန်းဝင်းက အေအက်ဖ်ပီကို ပြောပါတယ်။ သူမဟာ ရေတွေတက်လာတဲ့အချိန်မှာ နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးသုံးယောက်ကို ခါးလောက်နက်တဲ့ ရေထဲကနေဖြတ်ပြီး ခေါ်ယူကာ ယာယီကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရပါတယ်။
“စားစရာတော့ ရပါတယ်။ ဒါပေမယ့် အလုပ်မလုပ်နိုင်တော့ ဝင်ငွေလည်းမရှိတော့ ကျန်တာတွေအတွက်တော့ ဘာမှ ပေးစရာမရှိဘူး” လို့ သူမက ပြောပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘားအံမြို့ကို ဇူလိုင် ၂၆ ရက်နေ့က လာရောက်ခဲ့ပြီး ရေဘေးဒုက္ခသည်တွေ၊ ကူညီကယ်ဆယ်ရေးသမားတွေနဲ့ လုပ်အားပေးသူတွေကို တွေ့ဆုံခဲ့ပါတယ်။
“သူတို့အိမ်တွေမှာပဲ ဆက်နေထိုင်နေကြသူတွေအတွက် ကျွန်မတို့ အစားအသောက်တွေ သွားရောက် ပေးအပ်နေပါတယ်” လို့ ကျုံဒိုးကနေ ကူညီကယ်ဆယ်ရေး လာရောက်လုပ်ကိုင်နေသူ မနီနီအောင်က ပြောပါတယ်။ ရေတွေထပ်တက်လာရင်တော့ သူတို့နေအိမ်တွေကို စွန့်ခွာရမှာဖြစ်တယ်လို့လည်း သူမက ဆက်ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ရေကြီးမှုကြောင့် အဝေးပြေးကားလမ်းတချို့ကို ပိတ်ထားရတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်-မော်လမြိုင်လမ်းရဲ့ ဘီးလင်းမြို့နယ်တွင်း ဖြတ်သန်းတဲ့ အချို့လမ်းပိုင်းတွေမှာ မြစ်ရေကျော်တက်မှုကြောင့် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ မရဘဲ ယာဉ်ကြောတွေ ပိတ်ဆို့နေတယ်လို့ ဇူလိုင် ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ လာမယ့် နှစ်ရက်အတွင်း မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တဲ့အတွက် မော်တော်ယာဉ်ဖြတ်သန်းခွင့်ကို ခေတ္တပိတ်ထားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်း အဝေးပြေးလမ်းမကြီးကိုလည်း ယာယီပိတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
ခရီးသည်တွေ အခက်အခက်မဖြစ်စေဖို့အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်းက ဇူလိုင် ၃၀ ရက်နေ့မှာ ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲပေးဖို့ စီစဉ်ထားပါတယ်။