ကရင်ကော်ပိုရေးရှင်းရဲ့ စီးပွားရေး

မိမိတို့ရဲ့ စီးပွားရေးအကျိုးစီးပွား ထပ်မံတိုးချဲ့ဖို့အတွက် ပြည်တွင်းစစ်ခေတ္တရပ်စဲချိန်ကို အသုံးပြုစဉ်မှာ မိမိတို့ ရဲ့လက်နက်တွေကို စွန့်ခွာမှု မပြုဘူးလို့ ကရင်လက်နက်ကိုင်အဖွဲ့တွေက ကတိပေးလိုက်ပါတယ်။

ဟန်းစ် ဟာ့စ် ရေးသားသည်။

ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့အပြင်ဘက် မိုင်အနည်းငယ်အကွာမှာ ရှိတဲ့ ကျောက်ဂူတောင်ပေါ်က နိုင်ငံဓိပတိ ဘုရားပေါ်မှာတော့ အေးဆေးတည်ငြိမ်မှု ရှိပါတယ်။ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်ဖွဲ့ တပ်သားတွေက အရိပ်ထဲမှာ နားနားနေနေ စကားပြောနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဗိုလ်မှူး စောမုတ်သုံက ခြံဝင်းအတွင်းက သစ်သားအိမ်တစ်လုံးမှာ အိပ်စက်နေပါတယ်။

မိမိအနှစ်သက်ဆုံး နားခိုရာနေရာဟာ ဘုန်းကြီးကျောင်းပဲ ဖြစ်တယ်လို့ တစ်မှေး အိပ်စက်ရာမှ နိုးလာတဲ့ ဗိုလ်မှူးက ဆိုခဲ့ပါတယ်။ “ ဒီနေရာကို မကြာခဏ ရောက်ဖြစ်တယ်” လို့လည်း သူက ဆိုပါတယ်။ “ ဒီနေ့ဆိုရင် ကျွန်တော်တို့ရဲ့ အရာရှိ ငါးဦးလောက် ပဉ္စင်းတက်ခဲ့ကြပါတယ်။ နှစ်ပတ် သုံးပတ်လောက် ကြာရင်တော့ သူတို့ တာဝန်တွေကို တက်ကြွစွာ ပြန်လည်ထမ်းဆောင်ကြပါလိမ့်မယ်” လို့လည်း သူက ပြောလိုက်ပါတယ်။

အရင်လတွေမှာတော့ မြို့တော်ဖားအံနဲ့ မြဝတီကြားက ရှည်လျားတဲ့ခရီးကို နေ့စဉ်ဇယားအပေါ်မှာ မူတည်ပြီး ရပ်လိုက်သွားလိုက် လုပ်ရပါတယ်။ ဒေါနတောင်တန်းပေါ်က ကော့ကရိတ်-မြဝတီလမ်းဟာ အလွန် ကျဉ်းမြောင်းတဲ့အတွက် တစ်လမ်းတည်းပဲ မောင်းလို့ရပါတယ်။ အတက်တစ်ရက်၊ အဆင်းတစ်ရက်သာ သွားလို့ ရပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ထောက်ပံ့မှုနဲ့ အခုနှစ် အစောပိုင်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ အာရှအဝေးပြေး လမ်းမကြီးကြောင့် ကော့ကရိတ်နဲ့ မြဝတီအကြား ခရီးသွားချိန်ဟာ သိသိသာသာ လျော့နည်းသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ဒီလမ်းတစ်လျှောက်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ လမ်းပေါ်မှာ သေနတ်တွေ အဆင်သင့် ပြင်ထားတဲ့ စစ်သားတွေက လမ်းအသုံးပြုခ တောင်းခံတဲ့ တရားမဝင် စစ်ဆေးရေးဂိတ် ခြောက်ဂိတ်ထက်မနည်း ရှိနေခြင်းပါပဲ။ လုံခြုံရေးအတွက် အထောက်အကူပြုဖို့ ရည်ရွယ်ထားတာ မဟုတ်ပေမယ့် စေတနာရှိတဲ့ခရီးသွားတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ငွေကြေး ထည့်ဝင်ဖို့အတွက် ဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ်တစ်ဂိတ်ကို ကျပ် ၅,၀၀၀ ပေးဆောင်ပြီးနောက်မှာ အစဉ်အမြဲလိုလို သည်းခံနေရရှာတဲ့ ချင်းတိုင်းရင်းသား ကားဆရာက ညည်းညူရှာပါတယ်။ “တော်တော်လေးကို မတရားတဲ့ကိစ္စတစ်ခုပါ” လို့ သူက ပြောလိုက်ပါတယ်။ “ဒါက အဝေးပြေးလမ်းပေါ်က လုယက်မှု၊ ခိုးယူမှုလိုပဲဗျ” လို့လည်း သူက ဆိုလိုက်ပါတယ်။ ကရင်အမျိုးသား အစည်းအရုံးက ဧရာဝတီသတင်းဌာနကို အခုနှစ် အစောပိုင်းမှာ တုံ့ပြန် ဖြေကြားရာမှာ “လမ်းပေါ်က လုယက်မှု” အပေါ် ခြားနားတဲ့ အမြင်သဘောထားတစ်ခုနဲ့ ပြောကြားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ကနေ စတင်တော်လှန်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့တဲ့ ကေအင်န်ယူက ကားသမားတွေကို အခွန်ကောက်ယူခြင်း မရှိပါဘူးလို့လည်း သူက ဆိုပါတယ်။ ခရီးသွားတွေအနေနဲ့ “သူတို့စိတ်ဆန္ဒအလျောက် ငွေကြေးထည့်ဝင် လှူဒါန်းတာတွေကို ပြုလုပ်ကြပါတယ်” လို့ ဧရာဝတီကို ပြောခဲ့ပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တဲ့ စီးပွားရေးသမားတစ်ဦးကတော့ လမ်း အသုံးပြုခကို တရားဝင် ကောက်ခံခွင့်ပြုဖို့ တင်ဒါခေါ်ပြီးသွားပြီလို့ ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်သားတွေက ကားသမားတွေအပေါ် အခုလို ရောယောင်ပြီး ငွေညစ်တဲ့ကိစ္စကို ရပ်တန့်ဖို့ အတွက် အစိုးရက ဘယ်လိုမျိုး တိတိကျကျ ဆောင်ရွက်မယ် ဆိုတဲ့အပေါ်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အခုအချိန်ထိတော့ ကေအင်န်ယူ၊ ဒီကေဘီအေနဲ့ ဒီကေဘီအေနယ်ခြားစောင့်တပ်ဖွဲ့တို့က သူတို့ အလိုရှိ သလို ကောင်းစွာ ဆောင်ရွက်နေနိုင်ပါသေးတယ်။

ဗိုလ်မှူးစောမုတ်သုံက ကျွနု်ပ်တို့အားလုံးကို DKBA နယ်ခြားစောင့်တပ်ရင်း ၁၀၂၂ ရဲ့ ကွပ်ကဲရေးရုံးကို ဖိတ်ကြားခဲ့ပါတယ်။ အစီအစီ အရီရီရှိတဲ့ ခြံဝင်းကတော့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေ နေထိုင်နေတဲ့ သပ်သပ်ရပ်ရပ် ထိန်းသိမ်းထားတဲ့ စစ်တန်းလျားတွေပါ။ “ဂျပန်ကို အလည်အပတ်သွားရောက်တဲ့အချိန်မှာ သန့်ရှင်းမှု ရှိခြင်းရဲ့ အရေးပါပုံကို ကျွန်တော်သဘောကျမိပါတယ်” လို့ သူက ဆိုပါတယ်။

အခုတပ်ရင်းက အပစ်ရပ်အဖွဲ့တွေအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို အဖွဲ့ငယ်တွေအဖြစ် အသွင်ပြောင်း ဖွဲ့စည်းပြီး တပ်မတော်နဲ့အတူ နယ်စပ်ဒေသတွေမှာ ပူးတွဲတာဝန်ယူဖို့ အစိုးရက တောင်းဆိုပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ ဒီကေဘီအေ နယ်ခြားစောင့်တပ်ရင်း ၁၃ ခုထဲက တစ်ခုပါ။ နယ်ခြားစောင့်စနစ်ကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီမှာ ကြေညာခဲ့တာ ဖြစ်ပေမယ့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနည်းငယ် လောက်ကပဲ ပါဝင်ဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။

နယ်ခြားစောင့်စနစ်မှာ ပါဝင်ခြင်းရဲ့ အကျိုးကျေးဇူးတွေက အထိုက်အလျောက် များပြားပါတယ်။ အစိုးရက ဒီကေဘီအေ နယ်ခြားစောင့်တပ်ရင်း ၁၀၂၂ အတွက် မြေယာနဲ့ အဆောက်အအုံတွေ လှူဒါန်း ခဲ့တယ်လို့ ဗိုလ်မှူး စောမုတ်သုံက ဆိုပါတယ်။ “သူတို့က ကျွန်တော်တို့စစ်သားတွေကို လစဉ် ကန်ဒေါ်လာ ၁၃၀ ပေးပါသေးတယ်” လို့လည်း ဆိုပါတယ်။

မိမိတပ်ဖွဲ့အနေနဲ့ ပြည်သူအများစုကို နယ်စပ်ဖြတ်ကျော် သွားရောက်ခွင့် ပြုခြင်းအတွက် အနှောင့်အယှက် တစ်စုံတစ်ရာပေးတာ မရှိပေမယ့် အပြန်အလှန်အနေနဲ့ မိမိတပ်ရင်းက ဒေသတွင်းမှာ လုံခြုံရေးအတွက် ကင်းလှည့်ရပါတယ်လို့ ဗိုလ်မှူးစောမုတ်သုံ က ဆိုပါတယ်။ ဒီကေဘီအေ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့နယ်ပိုင်နက်ထဲကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တပ်ဖွဲ့ဝင်တွေ ကျူးကျော် ဝင်ရောက်လာတဲ့အခါမှသာ ပစ်ခတ်မှာ ဖြစ်ပါတယ်။

သဘောတရားရေးရာအရ ၁၉၉၀ ပြည့်နှစ်များ အလယ်ပိုင်းလောက်မှာ ကေအင်န်ယူမှ ခွဲထွက်သွားတဲ့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေတို့အကြား ဆက်ဆံရေးဟာ နွေးနွေးထွေးထွေး ရှိပါတယ်။ ကရင် အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ(KUPC) က ကရင်လက်နက်ကိုင်အဖွဲ့များ အားလုံးနဲ့ ကေအင်န်ယူအကြား ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့အဖြစ် ဆောင်ရွက်လျက်ရှိပြီး ဒီကေဘီအေ အနေနဲ့ အဖွဲအစည်းတစ်ခုအဖြစ် တဖြည်းဖြည်းချင်း ပြန်လည်ပေါင်းစည်းဖို့ ရည်ရွယ်ထားပါတယ်။

ဗိုလ်မှူးစောမုတ်သုံ က KUPC မှာ မပါပါဘူး။ “သူတို့က ကျွန်တော့်လို ရိုးသားတဲ့သူကို သဘော မကျ ဘူး” လို့ သူက ဆိုပါတယ်။ “ကျွန်တော်က ရိုးရှင်းတဲ့ဘဝတစ်ခုကို ဦးတည်နေတာပါ။ ကျွန်တော်က နေရေး ထိုင်ရေး၊ ဒါမှမဟုတ် စားရေးသောက်ရေးအတွက် ဇီဇာကြောင်တဲ့သူတစ်ဦး မဟုတ်ပါဘူး” လို့ ပြောလိုက်ပါ တယ်။

တပ်မတော်နဲ့ ကေအင်န်ယူတို့ဟာ မိမိရဲ့အကြီးမားဆုံး ရန်သူတော်တွေအဖြစ် ဗိုလ်မှူး စောမုတ်သုံက မမှတ်ယူပါဘူး။ “ကျွန်တော့်အတွက်တော့ အဆိုးရွားဆုံးရန်သူက အရက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ အရက် သောက်သုံးသူ တော်တော်များပါတယ်” လို့ သူက ပြောပါတယ်။ ဒါ့အပြင် “ဒါဟာ ကျွန်တော်တို့ တပ်ရင်းမှာ ကိုပဲ ပြဿနာတစ်ရပ်ပါ။ လူတွေက အရက်သောက်ပြီဆိုရင် စိတ်လွတ် ကိုယ်လွတ်ဖြစ်လာပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းတတ်ကြပါတယ်” လို့လည်း ထပ်လောင်းပြောကြားပါတယ်။

ကျောက်ဂူတောင်ပေါ်မှာ အရက်သောက်တဲ့ ဒီကေဘီအေ နယ်ခြားစောင့်တပ်သားတွေကို နက်ရှိုင်းတဲ့ သဘာဝလိုဏ်ဂူတစ်ခုထဲမှာ ထည့်ထားကာ အပြစ်ပေးပါတယ်။ သူတို့ကို ကြိုးတစ်ချောင်းနဲ့ ဂူထဲကို ထည့်ပြီး သူတို့ အမူးပြေတဲ့အချိန်အထိ ၂၄ နာရီကြာ အမှောင်ထဲမှာ ပစ်ထားရပါတယ်။ တစ်ခါတစ်လေ ဂူထဲမှာ မြွေတွေနဲ့ ကြုံရတတ်ပါတယ်။ ဗိုလ်မှူးစောမုတ်သုံဟာ သူ့ရဲ့တပ်ရင်းကို ကိုယ်တိုင်ကိုယ်ကျ ဦးစီး ဦးဆောင်ပြုတဲ့ စိတ်ဝင်စားဖွယ်ကောင်းသူ တစ်ဦး ဖြစ်ပါတယ်။ သူက ရင်းနှီးဖော်ရွေပေမယ့် သူ့ကို စိတ်ဆိုးအောင်လုပ်တဲ့ သူတွေအတွက်တော့ အခက်ကြုံရစေမယ့်သူမျိုးပါ။ သူ့လူတွေရဲ့ သူ့အပေါ် အထူးတလှယ် လေးစားသမှု ရှိခြင်းကို သူ့တပ်ရင်းရဲ့နယ်မြေတွေကို သွားရောက်တဲ့အခါမှ သိမြင်နိုင်ပါတယ်။ တပ်ရင်းပိုင်နယ်မြေအတွင်းမှာ ကင်းလှည့်နေတဲ့ တပ်ရင်းတစ်ရင်းမှာ သူတို့ရဲ့ဗိုလ်မှူးအတွက် ကျားတစ်ကောင်ရဲ့ ပုံစံရှိတဲ့ ကုလားထိုင် တစ်လုံးကို တည်ဆောက်ထားပါတယ်။

တပ်ရင်းရဲ့ ဗဟိုဌာနချုပ်မှာတော့ ဗိုလ်မှူးစောမုတ်သုံက ကျွန်တော်တို့တွေ ဓာတ်ပုံရိုက်ဖို့အတွက် တိုက်ပွဲ နမူနာကို ခင်းကျင်းပုံဖော်ပြပါတယ်။ ရန်သူတွေ ရှိနေတဲ့အနေနဲ့ ခြုံပုတ်တွေထဲကို လောင်ချာနဲ့ပစ်ပြီး အမိန့်ပေးလိုက်တဲ့အချိန်မှာ သူ့ရဲ့တပ်သားတွေက သူ့အမိန့်ကို အလိုအလျောက် နာခံဆောင်ရွက်ကြပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတွေကို စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေလို အသုံးပြုနေတာကို ကြည့်နေရတဲ့ မြင်ကွင်းက သက်သောင့်သက်သာတော့ မရှိလှပါဘူး။

ဒီကေဘီအေရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ တရားဝင်ရပ်တည်ပြီး ကတည်းက ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့ပြီးပါပြီ။ ၂၀၁၂ ခုနှစ်မှ လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်ရပ် အကြို သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ကေအင်န်ယူနဲ့ အစိုးရက ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။ ပထမဆုံး ဆက်ဆံရေးရုံးကို ၂၀၁၂ ခုနှစ် ဧပြီလမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ တခြားဆက်ဆံရေးရုံး ငါးရုံးကိုလည်း ထားဝယ်၊ သထုံ၊ ဖားအံ၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တွေမှာ ဖွင့်လှစ်ခဲ့ပြီး ပါပြီ။

ဒီရုံးတွေရဲ့ရည်ရွယ်ချက်က ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုဖို့၊ စောင့်ကြည့်စစ်ဆေးတဲ့ အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဆောင်ရွက်ဖို့၊ နားလည်မှုလွဲမှား တာတွေကို အစီရင်ခံတင်ပြဖို့နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အင်န်ဂျီအိုတွေနဲ့ အကြံပြုဆွေးနွေး ဖို့အတွက် ဖြစ်ပါတယ်။

မြဝတီမှာရှိတဲ့ ကေအင်န်ယူဆက်ဆံရေးရုံးဟာ သမားရိုးကျ မြန်မာပုံစံနဲ့ ဆောင်ရွက်နေတာပါ။ ဘာမျှ မထူးခြားတဲ့ ကာလတွေမှာ အမျိုးသားတွေက အရိပ်အောက်မှ တီရှပ်တွေနဲ့ အေးအေးဆေးဆေး ထိုင်နေကြပါတယ်။ တစ်ခါတစ်ရံမှာ ခြံဝင်းထဲကို ကားတစ်စီး ဝင်လာပြီး အင်အားထပ်ဖြည့်တာ ရှိပါတယ်။ အစိုးရနဲ့ ကေအင်န်ယူတို့နဲ့ အပစ်ရပ် သဘောတူညီချက် ရယူထားတဲ့အတွက် သက်တောင့်သက်သာရှိတဲ့ဘဝကို ပိုင်ဆိုင်ရရှိထားဟန် ပုံစံမျိုး ဖြစ်နေပါတယ်။

မြဝတီမြို့ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ ကာကွယ်ရေးဦးစီးချုပ် စောဖော်ဒိုးနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ကေအင်န်ယူရဲ့ လက်နက်ကိုင်အဖွဲ့က ပြေရာပြေကြောင်း ရှိခဲ့ပါတယ်။

“ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့” လို့ သူက ဆိုပါတယ်။ “ကေအင်(န်)ယူက တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးကို လိုချင်တယ်။ ၆၂ နှစ်ကြာ တော်လှန်ရေးအတွင်းမှာ လူတွေအများကြီး သေဆုံးခဲ့ပြီး တိုင်းပြည် လည်း နစ်နာခဲ့ရပါတယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိခဲ့ဘူး။ အခုဆိုရင် ကျွန်တော်တို့က စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်မှာ တိုက်ခိုက်နေကြတာပါ။ အစိုးရကသာ သူ့ရဲ့ကတိကို တည်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ရေရှည်ဖြေရှင်းချက်တစ်ရပ်ကို ရရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သြဇာအာဏာဟာ တပ်အင်အား ဘယ်လောက်များများရှိလဲ၊ ဒါမှမဟုတ် သူတို့မှာ ဘယ်လောက်များများရှိတယ်ဆိုတဲ့ ပြောကြားချက်အပေါ်မှာ တစ်စိတ်တစ်ဒေသ မူတည်နေပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကေအင်န်ယူဥက္ကဋ္ဌဟောင်း နော်ဆီဖိုးရာစိန်က ကေအင်န်အယ်လ်အေမှာ တပ်အင်အား ၁၀,၀၀၀ ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီလို ပြောဆိုတဲ့အခါမှာ အမှုဆောင်အဖွဲ့ဝင် စောဒေးဗစ်ထောက ဟက်ဟက်ပက်ပက် ရယ်မောခဲ့ပါတယ်။

 “ လူတွေ ဒီလောက်ထိ အ လိမ့်မယ်လို့ ဘာလို့များ သူထင်နေတာလဲ” လို့လည်း စောဒေးဗစ်ထောက ဆိုခဲ့ပါ တယ်။ “KNU/KNLA မှာ အများဆုံးရှိမှ ၁,၅၀၀ ပဲ။ ဒီလို များပြားတဲ့စစ်တပ်တစ်တပ်ကို ထောက်ပံ့ပေးဖို့က လွယ်မှာ မဟုတ်ဘူး။ ဒီလို ထုတ်ဖော်ပြောဆိုမှုက ဒီလူတွေအတွက် လက်နက်တွေနဲ့ အစားအသောက်တွေ ဝယ်ဖို့ ဘယ်က ပိုက်ဆံရသလဲဆိုတဲ့ မေးခွန်းတွေကိုသာ ပေါ်ပေါက်စေမှာပါ” ဟု ၎င်းက ဆိုသည်။

ကေအင်န်အယ်လ်အေရဲ့ လက်ရှိစစ်ဦးစီးချုပ်က ဗဟိုအစိုးရကို ဖိအားပေးဖို့အတွက် မိမိမှာ တပ် အင်အား ၂၀,၀၀၀ ရှိတယ်လို့ ပြောတဲ့အချိန်မှာ တစ်ချက်ကလေးတောင် မျက်တောင်မခတ်ခဲ့ပါဘူး။

ဂဏန်းသင်္ချာက ဗိုလ်မှူးစောမုတ်သုံအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါတယ်။ တစ်ချိန်က မိမိရဲ့ တပ်ရင်း ၁၀၂၂ မှာ လူအင်အား ၄၀၀ ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်တစ်ကြိမ်မှာတော့ အင်အား ၈၀၀ ကျော်အထိ တက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီ သတင်းအချက်အလက်တွေရဲ့ ထိလွယ်ရှလွယ်တဲ့ သဘောသဘာဝကြောင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာကတော့ ဒီကိန်းဂဏန်းတွေကို အတည်ပြုဖို့ ငြင်းပယ်ခဲ့ပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကေအင်န်ယူနဲ့ နီးစပ်တဲ့ အမည်မဖော်လိုတဲ့ ကျွမ်းကျင်သူတစ်ဦးကို မေးမြန်းကြည့်ရာမှာ ကေအင်န်အယ်လ်အေရဲ့ စစ်ဦးစီးချုပ် စောဖော်ဒိုးက ကေအင်န်ယူလက်နက်ကိုင်အဖွဲ့ရဲ့ အင်အားတောင့်တင်းမှုကို ပိုပြီးခန့်မှန်းခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒီအဖွဲ့က မာနယ်ပလောဌာနချုပ် ကျဆုံးခဲ့တဲ့ ၁၉၉၅ ခုနှစ်ကတည်းက ပျောက်ကြားစစ်နည်းဗျူဟာကို အသုံးပြုရတဲ့အထိ အကန့်အသတ် ရှိခဲ့လို့ပါ။ ဒီကျွမ်းကျင်သူအဆိုအရ ကေအင်န်အယ်လ်အေ နယ်မြေတွေမှာ တပ်သားအင်အား ၁,၅၀၀ နဲ့ ၁၀,၀၀၀ ကြားပဲ ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

သဟဇာတဖြစ်တဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီရဲ့ ကရင်ပြည်နယ်လက်နက်ကိုင်အဖွဲ့တွေကို ဖွဲ့စည်းခဲ့တာဟာ ရန်လိုမှုတွေ ရပ်တန့်သွားပြီလို့တော့ မဆိုလိုပါဘူး။

ဒီကေဘီအေ နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ အကျိုးအမြတ်များတဲ့ နယ်စပ်ဖြတ်ကျော်ရေး ဂိတ် တစ်ခုအနားက ဒီကေဘီအေ နယ်ခြားစောင့်တပ်ရင်း တစ်ရင်းရဲ့အိမ်မှာ ဗိုလ်ကြီးကိုဇော်ဦးနဲ့ ကျွန်တော်တို့ တွေ့ခဲ့ကြပါတယ်။ သူဟာ ကရင်ပြည်နယ် ကုန်းတွင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာကနေ သက်သာလာခဲ့သူတစ်ဦးပါ။

“ ကေအင်န်အယ်လ်အေက မြိုင်ကြီးငူရွာနားမှာ ဘုန်းကြီးတစ်ပါးကို ပစ်ခတ်ခဲ့ပါတယ်” လို့ ဝါးကြမ်းဖျာ တစ်ချပ်ပေါ်မှာ ထိုင်နေတဲ့ ဗိုလ်ကြီး ကိုဇော်ဦးက ဆိုပါတယ်။ “ဧပြီလ ၁၀ ရက်နေ့မှာ ဒီကေဘီအေတပ်သား ခုနစ်ဦး ပါတဲ့ ကင်းလှည့်တပ်ငယ်နဲ့ ကျွန်တော်တို့ အဲဒီဒေသထဲကို ဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကေအင်န်ယူ ရဲ့ ခြုံခို တိုက်ခိုက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ကို ကေအင်န်အယ်လ်အေတပ်သား ၄၀ လောက်က တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်က ခြေထောက်မှာ ဗုံးဆန် ထိမှန် ဒဏ်ရာရခဲ့ပါတယ်” လို့လည်း သူက ပြောပါတယ်။

သူ့ခန္ဓာကိုယ်ထဲကို သတ္တုစ ဝင်ခဲ့တဲ့ နေရာကို ပြဖို့ သူရဲ့ခြေသလုံးနဲ့ပေါ်က ပတ်တီးစကို ဖယ်ရှားလိုက် ပါတယ်။

ဒီဖြစ်ရပ်က ကရင်ပြည်နယ်မှာ ငြိမ်းချမ်းမှု ဘယ်လောက်ရှိပြီလဲ ဆိုတာနဲ့ အပြန်အလှန် လက်နက် အညီအမျှ ဖျက်သိမ်းခြင်းမရှိဘဲ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှုတွေ ယူဆောင်နိုင်ခဲ့ပြီလောဆိုသော မေးခွန်းကို ပေါ်ပေါက်စေခဲ့သည်။ ဒီကေဘီအေနယ်ခြားစောင့်တပ်ဖွဲ့နဲ့ ကေအင်န်ယူခေါင်းဆောင်တွေက လက်နက် ဖျက်သိမ်းဖို့အတွက် ချိန်ဆစဉ်းစားနေကြပြီလား။ “မေးစရာတောင် မလိုပါဘူး” လို့  ဗိုလ်ချုပ် စောမုတ်သုံက ဖြေကြားခဲ့ပါတယ်။

“ အတိအကျပြောရရင်တော့ မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ” ဟု စောဖော်ဒိုးက ဆိုပါတယ်။ “အဲဒီ အကြောင်းကို ကျွန်တော် ဆွေးနွေးတာတောင် မလုပ်ချင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ နယ်ခြား စောင့်တပ်စနစ်ကို လက်ခံမှာ မဟုတ်ဘူး” လို့လည်း ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ပြိုင်ဘက်အဖွဲ့ တော်တော်များများက လက်နက်စွဲကိုင်နေဦးမယ်ဆိုရင် ကရင်ပြည်နယ် အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဘယ်လိုများ ရရှိနိုင်မှာလဲ။

“အစိုးရရဲ့ ကတိက အမှန်သာ ဖြစ်ခဲ့ရင် အဖွဲ့အသီသီးအနေနဲ့ သူတို့အချင်းချင်းအကြားက ပြဿနာ တွေကို ဖြေရှင်းနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်” ဟု စောဖော်ဒိုးက ဆိုပါတယ်။ “ပြီးတော့ တစ်ယောက်ယောက်ကသာ အမှားလုပ်ခဲ့မယ်ဆိုရင် သူတို့အားလုံးကို ကျွန်တော်တို့ သတ်ပစ်ရလိမ့်မယ်” လို့ ရယ်ရယ်မောမော ပြောဆိုခဲ့ပါတယ်။

ကရင်ရေးရာ ကျွမ်းကျင်ပညာရှင် ဖြစ်ပြီး “မြန်မာ့အရှည်ဆုံးစစ်ပွဲ – ကရင်ပဋိပက္ခအပေါ် ဆန်းစစ်ချက်”  စာအုပ်ကို ရေးသားသူ အက်ရှ်လေ ဆောက်သ်က ယေဘုယျအနေနဲ့ အစိုးရနဲ့ အထူးသဖြင့် တပ်မတော် အပေါ်မှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုမရှိသလောက် နည်းပါးခြင်းအရ လက်နက်ဖျက်သိမ်းဖို့ စိတ် ဆန္ဒမရှိခြင်းက “အံသြစရာ သိပ်မရှိဘူး” လို့ ဆိုပါတယ်။

“ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် နှစ်တွေအများကြီး အချိန်ယူရပါလိမ့်မယ်” လို့လည်း မစ္စတာ ဆောက်သ်က ဆိုပါတယ်။

“အချိန်ကျလာရင်တော့ လက်နက်ဖျက်သိမ်းဖို့ကိစ္စဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွင်းမှာ အရေးပါတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ခက်ခဲတဲ့ အရေးကိစ္စတစ်ရပ်လည်း ဖြစ်လာပါလိမ့်မယ်။ လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့တွေက မကြာခင်အချိန်အတွင်းမှာ တပ်ဖွဲ့တွေ ဖျက်သိမ်းသွားမယ်ဆိုတာ လက်တွေ့မကျ ပါဘူး။ စကားအရတော့ အမှန်တကယ်ငြိမ်းချမ်းတဲ့ ကရင်ပြည်အဖြစ် ကျွန်တော်တို့ အရောက်သွားနိုင်ဖို့ မျိုးဆက်နဲ့ချီပြီး ကြာဦးမှာပါ” လို့လည်း သူက ဆိုပါတယ်။ ကေအင်န်ယူရဲ့ တောင်းဆိုချက်တွေကကော ဘာတွေများလဲ။

“ တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မယ့် နိုင်ငံရေး ဆွေးနွေး ပွဲအဆင့်မှာ ကျွန်တော်တို့ ဆွေးနွေးချင်တာက တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တရားဥပဒေ စိုးမိုးမှု ကိစ္စရပ်တွေပါပဲ” လို့ စောဖော်ဒိုးက ဆိုပါတယ်။ “ဖက်ဒရယ်ပြည်ထောင်စုလား။ ဒါဟာ အရမ်းကို ရှုပ်ထွေးပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ဟာ ဘယ်ဟာလဲဆိုတာကို ကျွန်တော် အတိ အကျ မပြောနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့တွင်း ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲမို့ပါ” လို့သာ ဖြေကြား ခဲ့ပါတယ်။

အဲဒီမေးခွန်းကိုပဲ ဗိုလ်မှူးစောမုတ်သုံကို မေးမြန်းရာမှာ ဒီကေဘီအေ နယ်ခြားစောင့်တပ်တွေကလည်း ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ကိုပဲ ပိုမိုနှစ်သက်ပေမယ့် အချက်အလက် အသေးစိတ်ကို ထပ်မံရှင်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။

ယခုအချိန်ထိတော့ အထိုက်အလျောက် ငြိမ်းချမ်းမှုရှိနေခြင်းက ဒီကေဘီအေ နယ်ခြားစောင့်တပ်ရင်း ၁၀၂၂ ကို သူ့ရဲ့ စီးပွားရေး အကျိုးစီးပွားကို အခိုင်အမာချဲ့ထွင်ဖို့အတွက် အလေးပေး ဆောင်ရွက်နိုင်စေပါ တယ်။ ဗိုလ်မှူးစောမုတ်သုံက သူ့အဖွဲ့ ပါဝင်နေတဲ့ အကျိုးတူစီးပွားရေးလုပ်ငန်းအတွက် အခွင့်အလမ်းတွေ အကြောင်းဖော်ပြထားတဲ့ နှင်းဆီပန်းပုံတစ်ပုံကို ရေးဆွဲနေပါတယ်။

“ကျွန်တော်တို့မှာ အစိုးရပေးထားတဲ့ မြေတွေရှိတယ်။ ဖားအံမှာ သဘာဝ ရေအရင်းအမြစ်တွေ ကျွန်တော်တို့ ပိုင်ဆိုတယ်။ ကျွန်တော်တို့က ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ သောက်ရေသန့် ထုတ်လုပ်ဖို့ မတည်ငွေနဲ့ အရင်းအမြစ်မရှိဘူး။ ရင်းနှီးမြုပ်နှံသူတွေကို ကျွန်တော်တို့လိုအပ်တယ်” လို့ သူက ဆိုပါတယ်။

ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်တာဟာ အောင်မြင်မှုကို အာမခံ မပေးနိုင်ပါဘူး။ ပြည်ပအကျိုးတူ ကုမ္ပဏီတစ်ခုက မြဝတီအနီးမှာ ရှိတဲ့ ဒီကေဘီအေ နယ်ခြားစောင့်တပ်ဖွဲ့ နယ်မြေပေါ်မှာ အလုပ်သမား ၄,၀၀၀ လောက် ခန့်အပ်နိုင်မယ်လို့ မျှော်လင့်ရတဲ့ အထည်ချုပ်စက်ရုံကြီးတစ်ရုံ တည်ဆောက်ခဲ့တယ်လို့ ဗိုလ်မှူး စောမုတ်သုံက ဆိုပါတယ်။ ဒီစက်ရုံဟာ လုပ်ငန်းလုပ်ကိုင်ခွင့်ပါမစ် မရရှိသေးဘဲ ခိုင်မာတဲ့ စက်မှုဇုန် တစ်ခု ထဲကို ပြန်လည်ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ကေအင်န်အယ်လ်အေ တပ်မဟာ ၇ ပိုင်ဆိုင်ပြီး စောမိုးဆက် ကွပ်ကဲတဲ့ မြဝတီအခြေစိုက် မိုးကိုဆန် ခရီးသွားလုပ်ငန်းကုမ္ပဏီအပါအဝင် ကုမ္ပဏီတော်တော်များများမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။

ပြဿနာတွေ တက်နေတဲ့ ကရင်ပြည်နယ်အတွင်းမှာ ရင်းနှီးမြုပ်နှံဖို့ဆိုတာ နိုင်ငံခြားသားတွေအတွက် ဘယ်လောက်များ လက်တွေ့ကျနိုင်မလဲ။ ဒါဟာ ဂန္ထဝင်အကျပ်အတည်းတစ်ခု ဖြစ်တယ်လို့ မစ္စတာ ဆောက်သ် က ဆိုပါတယ်။ “ဒီဒေသမှာ ရင်းနှီးမြုပ်နှံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ အလွန်အမင်း လိုအပ်နေပေမယ့် တစ်ဘက် မှာလည်း ကရင်ပြည်နယ်က နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ရှိနေဦးမယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ ပေါ်ပေါက် လာဖို့ မရှိပါဘူး။ မြန်မာပြည်ထဲက ပဋိပက္ခဖြစ်ပွားနိုင်တဲ့ဒေသတွေမှာ ရင်းနှီး မြုပ်နှံလိုတဲ့ကုမ္ပဏီတိုင်းအနေနဲ့ အတော်လေး သတိထားဖို့လိုအပ်ပြီး သက်ဆိုင်သူအမျိုးမျိုးနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ပါလိမ့်မယ်။ အများစု ကတော့ အစိုးရနဲ့ စေ့စပ်ညှိနှိုင်းပြီးမှ ရောက်လာကြပါတယ်။ ဒီလို ချဉ်းကပ်မှုမျိုးက အနှုတ်လက္ခဏာဆောင်တဲ့ ရလဒ်တွေကို ပေါ်ပေါက်စေနိုင်ပါတယ်”

ကရင်လူမျိုးတွေအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေတစ်ဆင့် စီးပွားရေး အကျိုးအမြတ်တွေကို မျှော်လင့်နေပါသလား။ “သယံဇာတမျှဝေရေးဟာ ဆွေးနွေးပွဲနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တာ ထင်ရှားပါတယ်” လို့ မစ္စတာဆောက်သ်က ဆိုပါတယ်။ “ဒါပေမယ့် ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေခံ တောင်းဆို ချက်တွေက သဘောသဘာဝအနေနဲ့ နိုင်ငံရေးအရ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ် ပြုရပါမယ်။ သူတို့မှာ တရားဝင်မှု တစ်ရပ်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ဖို့ လိုအပ်ပါတယ်”  လို့ လည်း သူက ပြောခဲ့ပါတယ်။

အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်ကို ကျခံပေးနေပေမယ့် ဒါဟာ အပြောင်းအလဲ ရှိလာပါတော့မယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက အခုနှစ် နှောင်းပိုင်းမှာ အလှူရှင်ပေါင်းစုံနဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ကို တည်ထောင်လိုက်တဲ့အခါမှာ လက်နက်ကိုင်တိုင်းရင်းသားတွေက သူတို့ရဲ့ ဘဏ်အကောင့်တွေမှာ စုငွေ ပိုများလာဖို့ မျှော်လင့်လို့ ရလာပါပြီ။  

ကျွန်တော်တို့ မထွက်ခွာခင်မှာတော့ ဗိုလ်မှူးစောမုတ်သုံက သူရဲ့ အရေးပါတဲ့ နောက်ဆုံးအမှာစကား ကို အလေးအနက်ပြောကြားခဲ့ပါတယ်။ “ရင်းနှီးမြုပ်နှံသူတွေ လိုအပ်တဲ့အကြောင်း လူတွေကို ပြောကြားပေးပါ။ ဒီနေရာမှာ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ကရင်ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ဖြစ်ပါလိမ့်မယ်” ဆိုတာပါပဲ။

အဲဒီနေ့မတိုင်ခင်မှာတော့ မြစ်သလင်းမြိုင်ကျေးရွာကို သွားရောက်တဲ့ ဒီကေဘီအေ နယ်ခြားစောင့် တပ်ဖွဲ့ရဲ့ စေတနာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အံသြခဲ့ရပါတယ်။ အဲဒီရွာခံတချို့က အရင်လက်နက်ကိုင် တပ်ဖွဲ့ဟောင်းရဲ့လက်အောက်မာှ သူတို့ရဲ့ပျော်ရွှင်စရာဘဝတွေအကြောင်း သရုပ်ပြရာမှာ ပါဝင်ခဲ့ပါတယ်။ ရွာသားတွေကို အတင်းအကြပ် စေခိုင်းတယ်ဆိုတဲ့ အရိပ်အယောင်တွေ ရှိခဲ့ပါတယ်။ အဲဒီ အရိပ်အယောင် တွေဟာ စိတ်လှုပ်ရှားနေတဲ့ ရပ်မိရပ်ဖတွေက ကျွန်တော်တို့ကို စကားပြောဖို့ တွန့်ဆုတ်နေတာကြောင့် ပိုမို သေချာခဲ့ရပါတယ်။ ရွာမှာ အခြေချတဲ့ တပ်ကြပ်ကြီးတစ်ဦးက နောက်ဘက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ကင်းစောင့်တပ်ဖွဲ့တစ်ဖွဲ့ရဲ့ ကြားခံဆောင်ရွက်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ကတော့ အကောင်းဆုံးအနေအထားနဲ့ အလှမ်းဝေးနေသေးတဲ့ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်း ရေးအကြောင်း သေနတ်တွေ ဝှေ့ယမ်းရင်း စဉ်းစားနေတဲ့ အမျိုးသားတွေအတွက် ဘဏ္ဍာရေးအခွင့်အလမ်းတွေ ကမ်းလှမ်းမယ့် အခွင့်အလမ်းတွေအတွက် အသင့်ပြင်ရင်း အမှောင်ထဲမှာ မောင်းနှင်လာခဲ့ပါပြီ။ ကရင်ပြည်နယ် ကတော့ ယခုအချိန်မှာ ပါဝင်သူအားလုံးရဲ့ မယုံကြည်မှုတွေ၊ စီးပွားရေး အကျိုးအမြတ်တွေကို အကာအကွယ် ပေးဖို့၊ ဒါမှမဟုတ် ရယူဖို့အတွက် လိုအပ်ချက်တွေနဲ့၊ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲရလဒ် အပေါ် မသေချာ မရေရာမှုတွေက ရုပ်ဝတ္ထုပိုင်းအရ တိုးတက်ဖို့အတွက် အကန့်အသတ်ဖြစ်နေပါတယ်။

အောင်မင်း ဘာသာပြန်သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar