တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ပြုလုပ်ခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံမတိုင်ခင် နှစ်နိုင်ငံသီးသန့်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ လက်ဆွဲနှုတ်ဆက်နေသည်ကို ဩဂုတ် ၃၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ကမ္ဘာ့ပါဝါဇာတ်ခုံ အခင်းအကျင်းသစ်တွင် မိမိကိုယ်ကိုပွဲထုတ်နေသော အာဏာသိမ်းစစ်ကော်မရှင်

အတွေးအမြင်

အဆိုးဘက်သို့ ထိုးဆင်းနေသော ကမ္ဘာ့ပါဝါ အခင်းအကျင်းပြောင်းလဲမှုအပေါ် အခွင့်ကောင်းယူလျက် စစ်ကော်မရှင်သည် ၎င်းတို့နှင့် မထိုက်တန်သော တရားဝင်မှုကို ရရှိအောင် ကြိုးပမ်းလာပြီး  ဖွံ့ဖြိုးဆဲနိုင်ငံများထဲက အာဏာရှင်နိုင်ငံအချို့ကလည်း  စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပိုမို တံခါးဖွင့် ကြိုဆိုလာနေသည်။

By DAVID SCOTT MATHIESON | ဖရွန်တီးယား

နိုင်ငံတကာအခင်းအကျင်း အဆိုးဘက်သို့ ပြောင်းလဲနေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် အဆိုပါ အပြောင်းအလဲမှာ ပို၍ အရှိန်အဟုန်ရလာသည်။ အဓိကအကြောင်းရင်းများတွင် ဒုတိယအကြိမ်မြောက် အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ရုတ်ရုတ်သဲသဲ ရွေးကောက် တင်မြှောက်ခံရခြင်းမှ မြစ်ဖျားခံ ပေါ်ပေါက်သော ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှု၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေးအေဂျင်စီကို ဖျက်သိမ်းလိုက်မှု၊ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ခွန်များ ချမှတ် ကောက်ခံမှု၊ ပါလက်စတိုင်းလူမျိုးတို့အပေါ် ကျူးလွန်နေသော လူမျိုးတုန်းသတ်ဖြတ်မှုကို အမေရိကန်က အကာအကွယ်ပေးနေမှုနှင့် ယူကရိန်း၊ အာဖရိကတို့တွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုတို့ ပါဝင်သည်။

ဤကမ္ဘာ့အခင်းအကျင်း ကူးပြောင်းမှုဖြစ်စဉ်အတွင်း မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အာရုံစိုက်မှု အနည်းအကျဉ်းမျှသာ ရရှိခဲ့သော်လည်း လက်ရှိ ဖရိုဖရဲအခြေအနေကို အခွင့်အရေး ယူသည့်ပုံစံဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တို့သည် အင်အားကြီးထွားလာသော အာဏာရှင်အင်အားစုများနှင့် မဟာမိတ်ပြုနိုင်ရေး အားထုတ်ကြိုးပမ်းလာသည်။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အက်စ်စီအို) ထိပ်သီးညီလာခံသို့ စစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် စစ်အာဏာသိမ်းမှုအလွန် နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက် အပြောင်းအလဲ၏ နောက်ဆုံး ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

အက်စ်စီအို သည် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ကိစ္စရပ် အများအပြားကို ကိုင်တွယ်ဆောင်ရွက်ပြီး အမေရိကန် ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည်။ ၁၉၉၀ ကျော်နှစ်များတွင် ဗဟိုအာရှဒေသ ၃ နိုင်ငံနှင့်အတူ တရုတ်နှင့်ရုရှားတို့က ဒေသတည်ငြိမ်ရေးအတွက် ပြုလုပ်ခဲ့သော အစည်းအဝေးပွဲများမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ တွင် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်လာပြီးနောက် အက်စ်စီအို အဖြစ် ဖွဲ့စည်းခဲ့သည်။ 

လွန်ခဲ့သောနှစ်များစွာအတွင်း အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်နှင့် ဘယ်လာရုစ်တို့ တိုးချဲ့ပါဝင်လာသည်။ အက်စ်စီအိုတွင် မြန်မာအပါအဝင် ဆွေးနွေးဖက်နိုင်ငံ ၂၀ ၊ လေ့လာသူ  ၂ နိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ဧည့်သည်တော်အဖွဲ့ ၄ ဖွဲ့တို့ ပါရှိသည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်လည်း ဆွေးနွေးဖက်နိုင်ငံများ ဖြစ်ကြသည်။  

ထိပ်သီးညီလာခံအတွင်း မင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အခမ်းအနားအတွင်း တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုများကို စစ်ကော်မရှင်ပိုင် မီဒီယာများတွင် ဓာတ်ပုံများဖြင့် တခမ်းတနား ဝေဝေဆာဆာ ဖော်ပြကြသည်မှာ အံ့အားသင့်ဖွယ် မဟုတ်ပါ။ သို့သော် မိုဒီနှင့် မင်းအောင်လှိုင်တို့၏ တွေ့ဆုံပွဲတွင် “မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အိန္ဒိယက ထောက်ခံကြောင်း [မူရင်းအတိုင်းဖော်ပြချက်]၊ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များကို စေလွှတ်သွားမည် ဖြစ်ကြောင်း” ဆွေးနွေးခဲ့ကြပြီး  အက်စ်စီအို ၌ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးကို အိန္ဒိယနိုင်ငံက ထောက်ခံကြောင်း မိုဒီက ပြောကြားခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်သည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် သူသည် တရုတ်နိုင်ငံ၌ ဆက်လက်နေထိုင်ပြီး ပေကျင်း၌ ကျင်းပသည့် တရုတ်က ဂျပန်ကို အောင်မြင်စွာ တိုက်ထုတ်ခြင်းနှင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အခမ်းအနားစစ်ရေးပြပွဲသို့ တက်ရောက်သည်။ အဆိုပါ အထိမ်းအမှတ်ပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လည်း တက်ရောက်ခဲ့သည်။

စစ်ခေါင်းဆောင်သည် မတ် ၂၈၊ စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးခါစ ဧပြီတွင် ဘန်ကောက်မြို့၌ ကျင်းပသော ဘင်းမ်စတက် ခေါ် “ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်” အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ယခု အထင်ကရအခမ်းအနားတစ်ခုဖြစ်သည့် ရှန်ဟိုင်းဆွေးနွေးပွဲသို့ ထပ်မံ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူသည် မတ်လအတွင်းကလည်း ရုရှားနိုင်ငံသို့ သွားရောက်ပြီး ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံက အနိုင်ရခဲ့သည့် ရုရှားအောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြပွဲသို့လည်း မေလအတွင်း တက်ရောက်ခဲ့သည်။ အတိတ် ကြွက်မင်းဘဝမှတဆင့် ရုရှားလူမျိုးစွမ်းအားရှင်တစ်ဦးသည် ထင်ရှားသော စစ်ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်ထားသော ဗုဒ္ဓဘာသာ ရှေးကျမ်းစာတစ်အုပ်ကို မင်းအောင်လှိုင်က ပူတင်ကို လက်ဆောင်ပေးအပ်ခဲ့သည့် ဖြစ်စဉ်ကြောင့် မတ်လ ခရီးစဉ်မှာ ပြောဆိုဝေဖန်ခံရမှုများဖြင့် ထင်ရှားသည်။

ယင်းကဲ့သို့သော ဒေသတွင်း နိုင်ငံ့အကြီးအကဲအစည်းအဝေးများသို့ တက်ရောက်နိုင်ခြင်းကြောင့် မင်းအောင်လှိုင်အတွက် မည်သည့် လက်တွေ့အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်းဟု မေးခွန်းထုတ်လာလျှင် တစ်ခွန်းတည်းသော အဖြေမှာ “တရားဝင်မှု” ဟူသော စကားလုံးသာ ဖြစ်သည်။ “တရားဝင်မှု” ဟု ဆိုရာတွင် မူရင်းစကားလုံး၏ အဓိပ္ပာယ်များဖြစ်သော လူကြိုက်များမှု၊ ရွေးကောက်ခံရမှုနှင့် ကောင်းမွန်သော အစိုးရအုပ်ချုပ်မှုတို့နှင့်တော့ သက်ဆိုင်ခြင်း မရှိပေ။ မြန်မာစစ်ခေါင်းဆောင် အလိုရှိသော တရားဝင်မှုမှာ လစ်ဟာသွားသော အမေရိကန်၏ ကမ္ဘာ့ခေါင်းဆောင်ရာထူးနေရာကို ပွဲလန့်တုန်း ဖျာခင်းရန် ကြိတ်ကြံနေကြသည့် အာဏာရှင်ခေါင်းဆောင်များ၏ မျက်နှာလွှဲခဲပစ် ထောက်ခံအားပေးမှုမျိုးသာ ဖြစ်သည်။

အခွန်များ တိုးမြှင့်ကောက်ခံမည့် ခြိမ်းခြောက်စာကို သမ္မတဒေါ်နယ်ထရန့်ဆီမှ ဇွန်လက ရရှိခဲ့ရာတွင်လည်း  စစ်ခေါင်းဆောင်က ထရမ့်၏ မြှောက်ပင့်သယောင်ယောင်နှင့် တင်စီးသော ချီးမွမ်းစကားအပေါ် ဂုဏ်ယူဝံ့ကြွားစွာ တုံ့ပြန်ခဲ့သေးသည်။ ရက်အနည်းငယ်အကြာ ထရမ့်ထံ ပေးပို့သည့် စစ်ခေါင်းဆောင်၏ ပြန်စာတွင် ဝပ်တွားခယသံများနှင့်အတူ ကျိုးနွံ့သောအရေးအသားများကို တွေ့ရသည်။

“သမ္မတကြီးရဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတိုးတက်ရေး လမ်းညွှန်မှုတွေအပြင် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် သမ္မတကြီးရဲ့ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းမှုတွေကို အထူး ဂုဏ်ယူဝမ်းမြောက်စွာ အသိအမှတ် ပြုအပ်ပါတယ်” ဟု ဖော်ပြထားသည်။

စစ်ကော်မရှင်အနေဖြင့် အမေရိကန်သည် အာဏာသိမ်းမှုအလွန် စစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများအပေါ် ဝေဖန်နေသော အစိုးရ မဟုတ်တော့ဘဲ အလုပ်အတူ လုပ်ကိုင်ရမည့် အစိုးရတစ်ရပ်ဟု အတိအလင်း အဓိပ္ပာယ်ကောက်ယူလာသည်။ လွန်ခဲ့သော ရက်သတ္တပတ်များက  မြေရှားသတ္တုကဏ္ဍ၌ အထူးကျွမ်းကျင်သော ကုမ္ပဏီတစ်ခု အပါအဝင် အမေရိကန် ဝါဒဖြန့်ချိရေးကုမ္ပဏီ နှစ်ခုကို စစ်ကော်မရှင်က ငှားရမ်းခဲ့သည်။ အမေရိကန်လော်ဘီကုမ္ပဏီတစ်ခု၏ကြိုးပမ်းမှုကြောင့် ဇူလိုင်တွင် အမေရိကန် ပြည်ပနိုင်ငံသားများကန့်သတ်ထိန်းချုပ်ရေး ဌာနက  ဘိုင်ဒင်အစိုးရလက်ထက်ကတည်းက အရေးယူပိတ်ဆို့ခဲ့သည့် မြန်မာခရိုနီနှင့် ကုမ္ပဏီအများအပြားကို စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

စစ်ကော်မရှင်၏ နိုင်ငံခြားရေးရာ လုပ်ဆောင်မှုအားလုံးကို လေ့လာကြည့်လျှင် “စည်မျဉ်းဥပဒေအခြေခံ နိုင်ငံတကာ အခင်းအကျင်း” ၏ ထိတ်လန့်ဖွယ် လက်ရှိအပြောင်းအလဲများက မြန်မာနိုင်ငံ၏ ဒီဇင်ဘာ ၂၈  ပထမအဆင့် ရွေးကောက်ပွဲကို မျက်နှာသာပေးလိမ့်မည်ဟု အခိုင်အမာ ယူဆနေကြောင်း တွေ့ရှိရသည်။  မြန်မာနိုင်ငံသည် တူညီသောတန်ဖိုးများဖြင့် နိုင်ငံအများ ပူးပေါင်းဆောင်ရွက်သည့် ဗဟုနိုင်ငံ အခင်းအကျင်း (multi-lateralism) မှ စည်းမျဉ်းဥပဒေကို အခြေမခံဘဲ ကမ္ဘာ့ဖွံ့ဖြိုးဆဲအုပ်စုဝင် တန်ခိုးထွားသော အာဏာရှင်များ၏ အပြန်အလှန်ဆောင်ရွက်မှုအခြေခံ ဗဟုဝင်ရိုးအခင်းအကျင်း (multi-polarity)သို့ ကူးပြောင်းနေမှုထဲသို့ ဝင်ရောက်နေသည်။ ဗဟုဝင်ရိုး၊ သို့မဟုတ် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စုကို “ဒီဂလိုဘယ်လိုက်ဇေးရှင်း” ဟုလည်း ခေါ်ဆိုကြသည်။

စစ်အေးကာလအလွန် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ဖြိုခွဲဖျက်ဆီးနေသော ဖိအားများမှာ များပြားလှသည်။ အချိန်လွန်မှ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ၏ ကျဆုံးခန်းကို မြန်မာနှင့် ကမ္ဘာ့နိုင်ငံ အများအပြား၌ တွေ့မြင်လာရသည်။ အနောက်အုပ်စု၏ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုသည် ရလဒ်ကောင်း အနည်းငယ်မျှသာ ပေါ်ထွန်းနိုင်ခဲ့သည်။ “အန်ဂျီအိုခေတ်”နှင့် နိုင်ငံတကာအရပ်ဖက် အဖွဲ့အစည်းများသည် နောက်ကြောင်းမပြန်နိုင်သည့် ကျရှုံးမှုဆီ ဦးတည်နေပြီဟု သတိပေးသံများ ပိုမို ဆူညံလာသည်။ အက်စ်စီအို  အဖွဲ့ဝင်နိုင်ငံ အများစုသည် နိုင်ငံအဆင့် အရပ်ဖက်အဖွဲ့ကွန်ရက်များကို ကန့်သတ်ချုပ်ချယ်ခြင်းနှင့် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ဒီမိုကရေစီစနစ်သည် ကမ္ဘာ့ဒေသအများအပြား၌ ရှင်သန်ရရေး ရုန်းကန်နေရသည်။ မင်းအောင်လှိုင်သည်ပင်လျှင် သူ၏ မရိုးဖြောင့်သော ရွေးကောက်ပွဲကို စစ်မှန်သော အစိုးရအပြောင်းအလဲအဖြစ် နိုင်ငံတကာက လက်ခံအောင် ဆော်ဩလာသည်။ ဖိအားအမျိုးမျိုးကြောင့် အစဉ်အလာကြီးပြီး ယုံကြည်စိတ်ချရသော သတင်းမီဒီယာများ၏ အဆင့်နိမ့်ပါးလာမှုမှာလည်း ပိုမို သိသာထင်ရှားလာခဲ့သည်။

နိုင်ငံတကာ တရားမျှတမှုနှင့် လူ့အခွင့်အရေးတို့အပေါ် လေးစားမှု ကျဆင်းလာခြင်းမှာ ထိတ်လန့်စရာကောင်းလှသည်။ စစ်အေးကာလအပြီး နိုင်ငံတကာ တာဝန်ယူမှု၊ တာဝန်ခံမှုကို အားပေးထောက်ခံသူများ မျှော်မှန်းခဲ့သည့် “အတိတ်ဖြစ်ရပ်များအပေါ် အရေးယူခြင်း”  (justice cascade) ကိုပင် မဆိုထားနှင့်၊ မကြားသေးမီနှစ်များအတွင်း ကမ္ဘာကြီးသည် လူသားချင်းစာနာမှု ဥပဒေပိုင်း၌ပင် ကြီးမားသော အရေးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အခြေအနေအဆိုးဝါးဆုံးမှာ ဂါဇာဒေသဖြစ်သည်။ အမေရိကန်၊ အင်္ဂလန်နှင့် အခြားဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးထောက်ပံ့ဖြင့် အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၆၂,၀၀၀ သေဆုံးခဲ့ရပြီး လူပေါင်း ၁၅၇,၀၀၀ ဒဏ်ရာရရှိခဲ့သည်။ ယခုကဲ့သို့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၌ အနောက်အုပ်စု ကိုယ်တိုင်က ကြံရာပါဖြစ်နေမှုကြောင့် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် အနောက်အင်အားစုများကို ယခင်ကကဲ့သို့ အပြည့်အဝ အားကိုးအားထား ပြုနိုင်တော့မည် မဟုတ်ကြောင်း သိရှိနားလည်ထားရန် လိုအပ်သည်။

နိုင်ငံအဆင့်နှင့် ကမ္ဘာအဆင့် အင်စတီကျူးရှင်းများ လုံးပါးပါးလာသည့်အချက်က နိုင်ငံတကာစိန်ခေါ်မှုများကို ပိုမိုဆိုးဝါးလာစေသည်။ ယင်း ဆိုးဝါးလာသည့် စိန်ခေါ်မှုများတွင် ပြည်သူကို စောင့်ကြည့် ခြေရာခံထောက်လှမ်းမှုများ မြင့်တက်လာခြင်း၊ နည်းပညာဆိုင်ရာလုပ်ငန်း ပိုင်ဆိုင်သူများ၏ အထိန်းအကွပ်မဲ့ အာဏာကြီးထွားလာခြင်း (ထိုလူများကို ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အများအပြားတွေ့ရသည်)၊ ဉာဏ်ရည်တုနည်းပညာ၊ လက်ယာစွန်း လူပြိန်းကြိုက်ဝါဒနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့်အမြင်များ မြင့်တက်လာခြင်း၊ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်ဆိုးများ ပိုမိုဖြစ်ပွားလာခြင်းတို့ ပါဝင်သည်။  

သယံဇာတဆာလောင်နေသော ကမ္ဘာကြီးသည် မြန်မာ့ မြေရှားသတ္တုသယံဇာတများကို တီယန်ကျင်း တွေ့ဆုံပွဲက ခေါင်းဆောင်များနှင့် အမေရိကန်အစိုးရအတွက် စွဲမက်စရာ အပေးအယူလုပ်နိုင်သော အားသာချက်အဖြစ် ရှုမြင်လာသည်။

မူးယစ်ဆေးဝါး၊ ဆိုက်ဘာလိမ်လည်မှု၊ ဒုက္ခသည်နှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများကြောင့် မြန်မာနိုင်ငံသည် ဒေသလုံခြုံရေးအတွက် အန္တရာယ်ရှိနေသည်ဟူသော ခေါင်းစဉ်ဖြင့်   အက်စ်စီအို ကဲ့သို့ အုပ်စုများ၏ ဆွေးနွေးစရာ အစီအစဉ်များအဖြစ် ပြောင်းလဲသွားသည်။ အစောဆုံး ဖွဲ့စည်းခဲ့သည့် နိုင်ငံပေါင်းစုံ ပါဝင်သည့်  အုပ်စုတစ်စုမှာ ဒေသဆိုင်ရာ အကြမ်းဖက်အဖွဲ့ (RATS) ဖြစ်ပြီး ၎င်းသည် အကြမ်းဖက်မှု၊ နိုင်ငံခွဲထွက်ရေးဆိုင်ရာကိစ္စများ နှင့် ဘာသာရေးအစွန်းရောက်မှု ဆိုင်ရာ ထောက်လှမ်းရေးသတင်းများကို မျှဝေပေးသည်။ တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်သမားများအဖြစ် စစ်ခေါင်းဆောင်၏ စနစ်တကျ အမည်တပ်မှုသည် သက်သေအထောက်အထားအရ ယုံကြည်လောက်ဖွယ် မရှိသော်လည်း ရင်းနှီးခင်မင်သော အာဏာရှင်အသိုက်အဝန်း ကျယ်ပြန့်လာသည်နှင့်အမျှ ၎င်းအမည်တပ်မှုကို လက်ခံလာကြရုံမက လက်နက်ကိုင် ငြိမ်းချမ်းရေးသဘောကွဲလွဲသူများကို နှိမ်နှင်းရန် အကူအညီများ ပိုမို ပေးအပ်လာနိုင်ချေရှိသည်။

မင်းအောင်လှိုင်သည် နိုင်ငံတကာအသိအမှတ်ပြုမှုကို စိုးစဉ်းမျှ မရထိုက်ပါ။ သို့သော် စစ်ကော်မရှင်သည် ဩဇာအာဏာနှင့် အကျိုးစီးပွားများ ပြန်လည်စုဖွဲ့နေသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပြောင်းလဲမှုကို အမိအရ အခွင့်ကောင်းယူ၍ အတ္တကြီးကြီး နေရာဝင်ယူနေသည်။ 

တီယန်ကျင်း၊ ပေကျင်းနှင့် မော်စကိုတို့၌ အခမ်းအနားများတက်ရောက်၍ စစ်ခေါင်း‌ဆောင်၏ အသိအမှတ်ပြုမှု ရရှိရေး အကြီးအကျယ် ကြိုးပမ်းမှုများကဲ့သို့ပင် မြန်မာ့တော်လှန်ရေးအဖွဲ့များသည် အနာဂတ်တွင် လွတ်လပ်သော မြန်မာနိုင်ငံ၏ အင်အားစုများ ဖြစ်လာအောင် တစ်ဖက်က ကြိုးပမ်းရင်း မိမိတို့သည် စည်းလုံးညီညွတ်ပြီး မြန်မာစစ်တပ်အစား အခြား အလားအလာကောင်းသည့် ရွေးချယ်စရာအဖြစ် ကမ္ဘာကို သက်သေထူနိုင်အောင် အားထုတ်ကြရမည် ဖြစ်သည်။ ထိုသို့ ကြိုးပမ်းရာတွင် ကမ္ဘာ့ဖွံ့ဖြိုးဆဲအုပ်စုဝင် စစ်အာဏာရှင်များနှင့် နိုင်ငံအစိုးရများ အကြိုက်ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် မိမိတို့နှင့် ရည်ရွယ်ချက်တူသော အရပ်သားလှုပ်ရှားမှုများနှင့် ပိုမို စည်းလုံးညီညွတ်လာစေပြီး ခိုင်မာသောဆက်ဆံရေးများကို တည်ဆောက်နိုင်ခြေ ရှိသည်။ ဆုတ်ယုတ်ကျဆင်းနေသော အနောက်အုပ်စုနိုင်ငံများ၌ ယင်းသို့ အလားတူ အခြေအနေ တွေ့ရှိရန် မျှော်လင့်ချက်မှာမူ မှေးမှိန်လျက် ရှိသည်။

David Scott Mathieson သည် မြန်မာနိုင်ငံ၏ စစ်ရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များကို လေ့လာနေသည့် လွတ်လပ်သော ဆန်းစစ်သူ သုတေသီတစ်ဦး ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.