ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ မြန်မာအစိုးရ မတက်သည့်အတွက် လုပ်ငန်းရှင်ကြီးများနှင့် စီစဉ်သူများ စိတ်ပျက်

ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းမပြုရန် မြန်မာအစိုးရက ဆုံးဖြတ်ခဲ့ခြင်းအတွက် စိတ်ပျက်မိကြောင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးများက ထုတ်ဖော် ပြောကြားသည်။

ဦၤးသိန်းစိန်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ရင်းနှီးမြုပ်နှံနိုင်သည့် နေရာတစ်ခုအဖြစ် ဇောင်းပေးပြောကြားနိုင်ရန် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအထက်တန်းလွှာတို့၏ အဆိုပါ နှစ်ပတ်လည်အစည်းအဝေးများကို အသုံးချခဲ့သည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု မူဘောင်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရေးအတွက် စီမံကိန်းများကို မီးမောင်းထိုးပြရန် ဦးသိန်းစိန်အစိုးရလက်ထက်က စက်မှုဝန်ကြီးဖြစ်သူ ဦးစိုးသိန်းသည် ၂၀၁၂ ခုနှစ်တွင် ဒါဗို့စ်အစည်းအဝေးကို အသုံးချခဲ့သည်။ ၂၀၁၃ ခုနှစ်က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို နေပြည်တော်တွင် အစိုးရက လက်ခံကျင်းပခဲ့သည်။

ယခုနှစ် ဒါဗို့စ်သို့ မြန်မာအစိုးရက ကိုယ်စားပြုအဖွဲ့ မသွားရောက်နိုင်ခြင်းက နစ်နာမှုတစ်ခုဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့စီးပွားရေးဖိုရမ်က အာဆီယံ၏ နှစ် ၅၀ ပြည့် နှစ်ပတ်လည်ကို အလေးထားချိန်ဖြစ်သည့်အတွက် ပို၍နစ်နာကြောင်း စီးပွားရေးလောကမှ ထင်ရှားသူတစ်ဦးဖြစ်သည့် မစ္စတာဆာ့ဂျ်ပန်း (ခေါ်) ဦးသိမ်းဝေက ပြောသည်။

“ဒီနှစ်ဖိုရမ်မှာ ကျွန်တော်တို့အစိုးရကလွဲပြီး ကျန်အာဆီယံနိုင်ငံအားလုံးရဲ့ အစိုးရကိုယ်စားပြုအဖွဲ့တွေ တက်ရောက်ပါတယ်” ဟု ဦးသိမ်းဝေကဆိုသည်။ ၎င်းသည် Serge Pun & Associates၊ First Myanmar Investment နှင့် စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Strategic Holdings တို့၏ ဥက္ကဋ္ဌဖြစ်သည်။

“ကျွန်တော်တို့ အာဆီယံနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ဆွေးနွေးပြီးပြီ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးတယ်လို့ ခံစားရတယ်။ ဒါဟာ အစိုးရပိုင်းက နားလည်တန်ဖိုးထားပြီး အမြတ်ထုတ်ရမယ့် အရာဖြစ်ပါတယ်” ဟု ၎င်းက Frontier ကို ပြောကြားသည်။

ပါရမီ စွမ်းအင်အုပ်စု (Parami Energy Group) ၏အမှုဆောင်ချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ ဦးပြည့်ဝထွန်းကလည်း အာဆီယံရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်က ဒေသတစ်ဝန်းမှ ခေါင်းဆောင်များကို စေ့စပ်ညိနှိုင်းရန် အခွင့်အလမ်းတစ်ခုပေးကြောင်း ပြောကြားသည်။

“အာဆီယံနိုင်ငံတွေက ဝန်ကြီးတွေဟာ အလွန်ပဲ နှစ်လိုဘွယ်ကောင်းပြီး လက်တွေ့ကျပါတယ်” ဟု ၎င်းက ဒါဗို့စ်တွင် Frontier ကို ပြောကြားသည်။ “ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အချို့ကို ဒီမှာ ရှိစေချင်ပါတယ်။ နောက်နှစ်ဆိုရင်တော့ သူတို့ တက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အာရှ-ပစိဖိတ်ရေးရာအကြီးအကဲ မစ္စတာဂျပ်စတင်ဝုဒ်ကလည်း ဒါဗို့စ်တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ မတက်ရောက်ခြင်းအတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများစွာကို ကိုင်တွယ်ရာတွင် ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာအထောက်အပံ့ကို ဆွဲဆောင်နိုင်ရန် မြန်မာအစိုးရအနေဖြင့် ဖိုရမ်ကို အသုံးပြုနိုင်သည်ဟုလည်း ၎င်းကပြောသည်။

“လောလောဆယ် မြန်မာအစိုးရမှာ အရေးပေါ်ဖိစီးနေတဲ့ ပြဿနာများစွာရှိတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်က ဒီလိုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်တဲ့ အဆက်အသွယ်များစွာပြုလုပ်ဖို့ မြန်မာနိုင်ငံအတွက် အလွန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါ”ဟု ဝုဒ်က Frontier ကို ပြောကြားသည်။

မေ ၁၀ မှ ၁၂ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပရန်စီစဉ်ထားသော အာဆီယံရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် မြန်မာအစိုးရကို ဖိတ်ကြားထားပြီး တက်ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်တွင်းပြည်ပအကြောင်းတရားများ ပေါင်းဆုံမှုကြောင့် စီးပွားရေးတိုးတက်မှု လျော့ကျမည်ဟူသည့် ပြင်ဆင်ခန့်မှန်းချက်များနှင့်အတူ စီးပွားရေးကို အစိုးရက ကိုင်တွယ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်မှုများ မြင့်မားနေချိန်တွင် ဒါဗို့စ်သို့ ကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ရန် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုဥပဒေသစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုကြသည့်တိုင် စီးပွားရေးပေါ်လစီများနှင့် ပတ်သက်၍ အစိုးရ၏ ရှင်းလင်းမှုမရှိခြင်းအပေါ် အလားအလားရှိသော ရင်းနှီးမြုပ်နှံသူများက စိုးရိမ်လျက်ရှိသည်။

ဇန်နဝါရီ ၁၇ မှ ၂၀ ရက်နေ့အထိ ဒါဗို့စ်တွင် ကျင်းပခဲ့သော ၄၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ စီးပွားရေးလောက၊ အစိုးရနှင့် ပညာရှင်အသိုင်းအဝိုင်းမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူအားလုံး၏ သုံးပုံတစ်ပုံမှာ ဥရောပနှင့် မြောက်အမေရိကပြင်ပမှ ဖြစ်ကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.