ကန့်ကွက်လာမည့်အရေး ကြိုပြင်ထားရန် ရှစ်လေးလုံးပါတီကို ကော်မရှင် သတိပေး

ဉာဏ်လှိုင်လင်း

ပါတီမှတ်ပုံတင်လုပ်ငန်းစဉ်အတွင်း ကန့်ကွက်မှုများရှိလာနိုင်သည့် အမည်၊ အမှတ်တံဆိပ်နှင့် အလံဆိုင်ရာကိစ္စများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရှစ်လေးလုံးပါတီခေါင်းဆောင်အချို့ မတ် ၂၆ ရက်နေ့က နေပြည်တော်ရှိ ကော်မရှင်ရုံး၌ တွေ့ဆုံ ဆွေးနွေးကြသည်။

“ပါတီတည်ထောင်ခွင့်ပြုပြီပေ့ါ။ ဥပဒေအရ ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်မှာ တုံ့ပြန်လာနိုင်တာတွေ ရှိလာရင် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြင်ဆင်ထားဖို့ဆွေးနွေးတာပါ”ဟု ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က Frontier ကိုပြောကြားသည်။

၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး၌ နိုင်ငံအနံှ့ပါဝင်ခဲ့သူများ၊ စစ်အစိုးရအား ဆန့်ကျင်တော်လှန်ခဲ့သူများကို အဓိကထားစုစည်းထားပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးကိုကိုကြီး ဦးဆောင်ကာ တည်ထောင်ရန်စီစဉ်နေသော ရှစ်လေးလုံးပါတီနှင့် ပတ်သက်၍ နှစ်ဖက် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

ပါတီအမည်ပေးမှုနှင့်စပ်လျဉ်း၍ ရှစ်လေးလုံးပါတီတည်ထောင်ရေးလှုပ်ရှားမှုတွင် မပါဝင်သော နိုင်ငံရေး တက်ကြွလှုပ်ရှားခဲ့သူအချို့က ကျေလည်မှုမရှိခဲ့ဘဲ ဦးကိုကိုကြီးတို့က ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားသည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုမှုများရှိနေသည်။

ကန့်ကွက်သူတို့က အများကိုယ်စားပြုသည့် ရှစ်လေးလုံးအရေးတော်ပုံကြီးအမည်ကို အစုအဖွဲ့တစ်ခုက ရယူသုံးစွဲမှုကို လက်မခံနိုင်ဟူသည့်သဘောဖြင့် မီဒီယာအချို့နှင့် ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တုံ့ပြန်မှုများရှိနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေကို ရှစ်လေးလုံးပါတီတည်ထောင်ရန် လျှောက်ထားမှုတွင် ပါဝင်သော ဦးရဲနိုင်အောင်ထံ Frontier ကဆက်သွယ်မေးမြန်းရာတွင် ပြေလည်ရေးကို ဦးတည်ဆွေးနွေးကြခြင်းဖြစ်၍ အသေးစိတ်ကို ထုတ်မပြောလိုကြောင်း ဖြေကြားသည်။

ပါတီအမည်ကိစ္စနှင့် စပ်လျဉ်း၍မူ “ဗဟိုကော်မတီဝင်၊ တိုင်းနဲ့ပြည်နယ် တာဝန်ခံတွေနဲ့ ညှိနှိုင်းပြီး ကျွန်တော်တို့ သဘောထားကို ပြန်ချပြမယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေအရ ပါတီတည်ထောင်ခွင့်ရပြီးနောက် မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယင်းပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို အများပြည်သူသိစေရန် ကြေငြာပေးရပြီး ကန့်ကွက်လိုသူများက ခုနှစ်ရက်အတွင်း ကန့်ကွက်ပိုင်ခွင့်ရှိသည်။

ယင်းအခြေအနေတွင် ခိုင်လုံသောအထောက်အထားဖြင့် ကန့်ကွက်ခြင်းခံရပါက သက်ဆိုင်ရာပါတီ၏ အမည်၊ အလံ၊ တံဆိပ်တို့ကို ပြင်ဆင်ပေးရန် ကော်မရှင်က ညွှန်ကြားနိုင်ပြီး ကန့်ကွက်ခံရသည့်ပါတီက လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် မှတ်ပုံတင်လျှောက်လွှာကို ပယ်ဖျက်ခွင့် ကော်မရှင်၌ရှိနေသည်။

“အားလုံး ဘယ်သူမှ ကန့်ကွက်မှုတွေမရှိပဲနဲ့ အဆင်ပြေတယ်ဆိုရင် ကော်မရှင်က အလုပ်လုပ်ရတာ အဆင်ပြေတာပေ့ါဗျာ။ ဒီသဘောတရားလေးကို ကျွန်တော်တို့က ပြောဖို့ တွေ့တာပါပဲ”ဟု ဦးအောင်မြင့်က ရှင်းပြသည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှစ်လေးလုံးပါတီ တည်ထောင်ရန်ခွင့်ပြုပြီဆိုသည့် သဘောသက်ရောက်ပါသလားဟု Frontier ကမေးမြန်းရာ ဦးအောင်မြင့်က “ဟုတ်ပါတယ်” အတည်ပြုသော်လည်း ဦးရဲနိုင်အောင်ကမူ တရားဝင်အကြောင်းကြားမှု၊ အသိပေးပြောဆိုမှု တစ်စုံတစ်ရာမရှိသေးဟု ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဧပြီ ၆ ရက်တွင် နောက်တစ်ကြိမ် ထပ်မံတွေ့ရန် ထပ်မံချိန်းဆိုထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.