ကချင်အမျိုးသားနှစ်ဦး သေဆုံးမှုကို အမှုဖွင့် စစ်ဆေးနေ

ဒုက္ခသည်စခန်းမှ ပြီးခဲ့သည့် တစ်လခွဲခန့်က ပျောက်ဆုံးသွားသည့် ကချင်အမျိုးသားနှစ်ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် အမှုဖွင့် စုံစမ်းနေသည်ဟု အစိုးရက ပြောကြားသည်။

မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးဖော်ကန့်ယော်နှင့် အသက် ၃၅ နှစ်အရွယ် ဦးနုခွန်နော်ဆန်းတို့နှစ်ဦးသည် လွှတ်ကျောင်းထားသည့် ကျွဲများအား သွားရောက်ကြည့်ရှုစဉ် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား မိုင်းခေါင်ကျေးရွာမှ ခပ်ပရာရွာ သွားသည့်လမ်းတွင် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားသည်ကို ဒေသခံများက တွေ့မြင်ခဲ့ရသည့်အတွက် ကချင်ပြည်နယ်အစိုးရကို တိုင်ကြားထားခဲ့သည်ဟု RFA သတင်းဌာနက ရေးသားထားသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မံစီမြို့မရဲစခန်းကလည်း လူပျောက်မှုဖြင့် အမှုရေးဖွင့် စုံစမ်းခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ထို့နောက် မတ် ၈ ရက်နေ့တွင် ဦးဖော်ကန့်ယော်၏ သားဖြစ်သူ ဖေါ်ကန့်နော်လီ အပါအဝင် ရွာသူ ရွာသား ၂၀ ဦးခန့်က ခပရာကျေးရွာဟောင်း မြောက်ဘက်နှစ်မိုင်ခန့် လယ်တောအနီး တောစပ်၌ ၎င်းတို့နှစ်ဦး၏ အလောင်းများအား မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

သေဆုံးသူနှစ်ဦးတွင် “ဝဲပါးဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းနောက်ဘက် ပွင့်ထွက် ဒဏ်ရာများ” တွေ့ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ပြောကြားထားသည်။

အမှုအား မံစီမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar