ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂ စိုးရိမ်ပူပန်နေ

ရိုက်တာ

ဆွမ်ပရာဘွန်၊ ဝိုင်းမော်နှင့် တနိုင်းတို့အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဇန်နဝါရီ ၁၉ ရက်နေ့က စတင်ကာ တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတို့အကြား ပဋိပက္ခများ ဖြစ်ပွားနေသည်ဟု သောကြာနေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အစီရင်ခံတွင် ဖော်ပြထားသည်။

“အဲဒီဒေသတွေမှာရှိတဲ့ အရပ်သားတွေရဲ့ လုံခြုံရေးအတွက် ကုလသမဂ္ဂနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မိတ်ဖက်တွေက စိုးရိမ်ပူပန်နေကြပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

“ဇန်နဝါရီ ၂၅ ရက်နေ့ကစတင်ပြီး တနိုင်းဒေသမှာ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အရပ်သားတွေ သေကျေ၊ ဒဏ်ရာရရှိကြတယ်ဆိုတဲ့ သတင်းတွေလဲ ရှိနေပါတယ်” ဟုဆိုသည်။

ကေအိုင်အေသည် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့များထဲမှ တစ်ခုဖြစ်ကာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားခဲ့သည့် ၂၀၁၁ ခုနှစ်က စတင်ပြီး တပ်မတော်နှင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် အလုပ်သမားအများစုဖြစ်သည့် လူပေါင်း ၁,၈၀၀ ခန့်အား တနိုင်းဒေသမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အကူအညီပေးရေးအဖွဲ့များက သတင်းပေးပို့ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ သို့သော် အခြားအရပ်သားများမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်း ကျန်ရှိနေပြီး ထွက်ခွာနိုင်ခြင်းမရှိသေးပေ။

ထိုဒေသတွင်းသို့ ကုလသမဂ္ဂဝန်ထမ်းများကို သွားရောက်ခွင့် မပြုပဲ ရရှိသည့် သတင်းအချက်အလက်များကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ဆွမ်ပရာဘွန်မြို့နယ်တွင်လည်း လူပေါင်း ၇၀၀ ကျော်မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ထွက်ပြေးခဲ့ရပြီးနောက် တောထဲတွင် ခိုလှုံနေကြရဆဲဖြစ်သည်။ ထိုအထဲတွင် နေရပ်စွန့်ခွာထွက်ပြေးသူများ နေထိုင်သည့်စခန်းမှ လူ ၅၀၀ ခန့်နှင့် ရွာသူ ရွာသားများလည်း ပါဝင်သည်။ စခန်းအနီးသို့ မော်တာကျည်ဆံများ ကျရောက်ခဲ့ပြီးနောက် ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်က စတင်ဖြစ်ပွားခဲ့သည့် သီးခြားဖြစ်ရပ်သုံးခုတွင် မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ် ပိုင်းခြားထားသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စခန်းများအနီးသို့ မော်တာကျည်ဆံများ ကျရောက်ခဲ့သည်။ နောက်ဆုံးဖြစ်ရပ်မှာ ဇန်နဝါရီ ၂၇ ရက်နေ့ကဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar