မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြန်လည်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ပေါင်းများစွာမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု ကုလသမဂ္ဂအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လူပေါင်း ၄,၀၀၀ ကျော် ထွက်ပြေးခဲ့ကြရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ အကြီးအကဲဖြစ်သူ Mark Cutts က အေအက်ဖ်ပီကို ပြောကြားသည်။
တိုက်ပွဲများကြောင့် ယခုနှစ်အစောပိုင်းက စတင်ကာ လူပေါင်း ၁၅,၀၀၀ ခန့် ထွက်ပြေးခဲ့ကြရပြီးဖြစ်သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နှင့် အစိုးရတို့အကြား သဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်သွားချိန်ကစပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည့် လူပေါင်း ၉၀,၀၀၀ ခန့်မှာ ယာယီစခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။
“ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ အရပ်သားတွေ အများအပြား ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံအဖွဲ့အစည်းတွေထံက သတင်းပို့ချက်တွေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်” ဟု Cutts က ပြောကြားသည်။
“ကျွန်တော်တို့ အဓိက စိုးရိမ်ပူပန်မှုကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် အရပ်သားတွေရဲ့ လုံခြုံရေးအတွက် ဖြစ်ပါတယ်။ သူတို့တွေ အကာအကွယ်ရရှိဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုများတွင် အရပ်သားများ သေဆုံးခဲ့သည်ဟူသည့် သတင်းများကို OCHA က အတည်ပြုနိုင်ခြင်းမရှိပေ။ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူထံလည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
တိုက်ပွဲများမှာ ကချင်ပြည်နယ်တောင်ပိုင်း မန်စီနှင့် တနိုင်းတို့အား အခြေပြုကာ ဖြစ်ပွားနေခြင်းဖြစ်သည်။ ဒေသခံအဖွဲ့အစည်းများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တိုက်ခိုက်မှုများကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။