ကချင်ပြည်နယ်တွင် ဘိန်းခင်းများ သွားရောက် ဖျက်ဆီးမည့်အဖွဲ့အား အာဏာပိုင်များက တားဆီးထား

၎င်းတို့ပိုင် ဘိန်းခင်းများ ဖျက်ဆီးမခံရစေရန် ကာကွယ်မည့် ဘိန်းစိုက်တောင်သူများနှင့် ဘိန်းခင်း ဖျက်ဆီးမည့်သူများ ပဋိပက္ခမဖြစ်ပွားစေရန် တားမြစ်ထားခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြား

ရန်ကုန်

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဘိန်းစိုက်ခင်းများအား ကိုယ်ထူကိုယ်ထ ဖျက်ဆီးရန် သွားရောက်ကြသူ ထောင်ပေါင်းများစွာကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က တားဆီးထားသည်ဟု မျက်မြင်တွေ့ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြောသည်။

သဘောထားတင်းမာသည့် ခရစ်ယာန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဖြစ်သည့် ပတ်ဂျာဆန်အဖွဲ့မှ အဖွဲ့ဝင် ၃,၀၀၀ ခန့်သည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အပြင်ဘက်တွင် စခန်းချ စောင့်ဆိုင်းနေကြသည်။ အဆိုပါ အဖွဲ့ဝင်များသည် တခါတရံတွင် စစ်တပ်ပုံစံ ယူနီဖောင်းများ ဝတ်ဆင်လေ့ရှိကြပြီး မူးယစ်ဆေးဝါး သုံးဆွဲသူများကို ပြစ်ဒဏ်ပေးကြလေ့ရှိသည်။

ဒေသတွင်းရှိ ဘိန်းစိုက်ခင်းများကို ၎င်းတို့က သွားရောက် ဖျက်ဆီးလိုကြသော်လည်း ဘိန်းစိုက်တောင်သူများနှင့် အချင်းများကြမည်ကို စိုးရိမ်နေသည့် အာဏာပိုင်များက တားဆီးထားခြင်း ဖြစ်သည်။

“လုံခြုံရေးအခြေအနေအရ သွားရောက်ခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျွန်တော်တို့ကို ပြောပါတယ်။ သွားရောက်ခွင့်ရဖို့ ပြည်နယ်အစိုးရထံကို တောင်းဆိုထားပါတယ်” ဟု ဝိုင်းမော်မြို့ရှိ ပတ်ဂျာဆန်အဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ Hpala Lum Hkawng က အေအက်ဖ်ပီကို ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖကန်နစ္စတန်ပြီးလ ျှင် ဒုတိယမြောက် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

၂၀၁၁ ခုနှစ်က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ဆင်းရဲပြီး တောင်ကုန်းတောင်တန်း ထူထပ်သော ကချင်ပြည်နယ်တွင် ဘိန်းနှင့် စိတ်ကြွဆေးများ အများအပြား ထွက်ရှိနေသည်။

ထို့ကြောင့် ဒေသတွင်းတွင် မူးယစ်ဆေးစွဲသည့် ပြဿနာမှာလည်း ကြီးထွားနေသည်။ Kachin Baptic Church က ဖွဲ့စည်းထားသည့် ပတ်ဂျာဆန်အဖွဲ့က အဆိုပါ မူးယစ်ဆေးပြဿနာကို ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး လိုအပ်လ ျှင် အင်အားသုံး ဆောင်ရွက်မည်ဟု ဆိုသည်။

၎င်းတို့၏ တင်းတင်းမာမာ ဆောင်ရွက်မှုများသည် ထောက်ခံမှုများ ရရှိနေသော်လည်း လူမျိုးရေး ပြဿနာများရှိနေသည့် ဒေသတွင်း ၎င်းတို့ လုပ်ရပ်များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

ဒေသတွင်းရှိ ဆင်းရဲသည့် တောင်သူများသည် ဘိန်းမှလွဲပြီး အခြားသီးနှံများ အစားထိုး စိုက်ပျိုးရန် ရွေးချယ်စရာ မရှိကြပေ။

၎င်းတို့၏ စိုက်ခင်းများ ဖျက်ဆီးမခံရအောင် ကာကွယ်ကြမည့် ဘိန်းစိုက်တောင်သူများနှင့် ပတ်ဂျာဆန်အဖွဲ့ကြားတွင် အာဏာပိုင်များ ကြားညပ်နေသည်ဟု ဝိုင်းမော်မြို့ဒေသခံတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

“ဘိန်းစိုက်တောင်သူတွေက သူတို့ ဘိန်းစိုက်ဖို့အတွက် ငွေတွေအများကြီး ရင်းနှီးထားရတော့ ဒီနှစ်အတွက်ကိုတော့ ခွင့်လွှတ်ပေးဖို့ ပတ်ဂျာဆန်အဖွဲ့ကို တောင်းဆိုထားကြပါတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံက အေအက်ဖ်ပီကို ပြောသည်။

“သူ့တို့ ဘဝရပ်တည်ရေးအတွက် ပြန်တိုက်ခိုက်ဖို့အပြင် တခြား ရွေးချယ်စရာ မရှိကြဘူး”ဟုလည်း ၎င်းကပြောသည်။

ဒေသခံရဲတပ်ဖွဲ့နှင့် စစ်တပ်ကိုမူ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတရာ မေးမြန်းနိုင်ခြင်း မရှိပေ။

သို့သော် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးကမူ ထိုအဖွဲ့အား တားဆီးထားသည်ဟု အတည်ပြု ပြောကြားသည်။

“လုံခြုံရေးအရ သူတို့ကို တားဆီးထားတယ်” ဟု အမည်မဖော်လိုသည့် ၎င်းအရာရှိက ပြောသည်။

“ဒေသခံ တောင်သူအချို့နဲ့ ပဋိပက္ခတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ခဏ တားဆီးထားတာပါ” ဟု ၎င်းကပြောသည်။

အာဏာပိုင်များက ဘိန်းခင်းများကို ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးမည်ဟု ကတိပေးခဲ့သည်ဟု မြစ်ကြီးနားမြို့ရှိ ပတ်ဂျာဆန်အဖွဲ့ခေါင်းဆောင် ဦးတူးရော်က ပြောသည်။

သို့သော် ၎င်းတို့အဖွဲ့ ဖျက်ဆီးရန် ရည်မှန်းထားသည့် ဘိန်းခင်း ဧက ၁၀,၀၀၀ မှာ စစ်တပ်နှင့် ပြည်သူ့စစ်များက ထိန်းချုပ်ထားသည့် နယ်မြေများထဲတွင် တည်ရှိနေသောကြောင့် အဆိုပါကတိကို ၎င်းက သံသယရှိနေသည်။

“လူတွေက သူတို့ (ဒေသအာဏာပိုင်များ) ကို မယုံကြည်ကြပါဘူး” ဟု ၎င်းကပြောသည်။

“ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အလျော့ပေးကြမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ် ၃၀၊ ၄၀ အတွင်းမှာ ကချင်ပြည်နယ်မှာရှိတဲ့ မိသားစုတိုင်းဟာ မူးယစ်ဆေးပြဿနာနဲ့ ကြုံဖူးကြပါတယ်” ဟု ၎င်းကပြောသည်။

သတင်း- အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar