ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးကို ထောင်ဒဏ် ၆ လနှင့် ငွေဒဏ်များ ချမှတ်

ရဲမွန်

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့အကြား တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ပေးရန် တောင်းဆိုသည့် ကချင်လူငယ်သုံးဦးအား မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ်ခြောက်လနှင့် ငွေဒဏ်ကျပ်ငါးသိန်းစီကို ပြစ်ဒဏ် ချမှတ်လိုက်သည်။

ပြီးခဲ့သည့် မေလအတွင်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုမှုများကြောင့် ၎င်းတို့သုံးဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှုနှင့် တရားစွဲဆိုထားမှုအပေါ် တရားရုံးက ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီ၏ ခေါင်းဆောင်များလည်းဖြစ်သည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန်ပူတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက တရားလိုပြုလုပ်ကာ ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့မှုများသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်ဟု တရားလိုက တရားရုံးချိန်းတွင် ပြောကြားခဲ့သည်။

ယနေ့ပြစ်ဒဏ်ချမှတ်ချိန်တွင် တရားသူကြီး ဦးတူးဂျာ၏ သုံးသပ်ချက်၌ တရားစွဲဆိုခံထားရသူသုံးဦးသည် ပြည်သူလူထုကို အကြောင်းပြပြီး တပ်မတော်ကို စော်ကားခဲ့သည်ဟူသည့်အချက်လည်း ပါဝင်ခဲ့ကြောင်း ၎င်းတို့သုံးဦး၏ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ဒွဲဘူက Frontier ကို ပြောသည်။

”ဒဏ်ငွေမဆောင်ရင် နောက်ထပ် ထောင်ခြောက်လ ကျခံရမယ်လို့ တရားသူကြီးကပြောပါတယ်။ ကျွန်မတို့အနေနဲ့ အယူခံဝင်ဦးမှာဖြစ်တဲ့အတွက် ပေးဆောင်ဦးမှာ မဟုတ်ပါဘူး”ဟု ၎င်းကပြောသည်။

တရားရုံး၏ စီရင်ချက်သည် မျှတခြင်းမရှိဟု ၎င်းကပြောကြားပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူများအတွက် ၎င်းတို့၏ ရှေ့နေများက လာမည့်ရက်သတ္တပတ်တွင် မြစ်ကြီးနားခရိုင်တရားရုံးသို့ အယူခံဝင်သွားမည်ဖြစ်သည်။

“ပုဒ်မ ၅ဝဝ ဆိုတာ ငွေဒဏ်နဲ့ပြီးတာ များပါတယ်။ ဒီနေ့ ဒီလောက်ကျမယ်လို့ကို မမျှော်လင့်ပါဘူး။ မဖြစ်သင့်တဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ အများအရေးကို ဆောင်ရွက်တဲ့အပေါ် ဒီလိုပြစ်ဒဏ်ချတာ တကယ့်ကို များလွန်းပါတယ်”ဟု ဒေါ်ဒွဲဘူက ဆက်လက်ပြောကြားသည်။

ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မဆွတ်ဆိုင်းထွယ်က အစိုးရ လုပ်ဆောင်ရမည့် အရာကို တောင်းဆိုခဲ့သည့် လှုပ်ရှားသူသုံးဦးကို ပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးအခြေအနေကို သိမြင်နိုင်သည်ဟု Frontier ကို ပြောသည်။

မဆွတ်ဆိုင်းထွယ်သည်လည်း ယနေ့ပြစ်ဒဏ်ချမှတ်ခံရသူ ကိုလွမ်းဇောင်းနှင့်အတူ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၉ အရ မေလအတွင်းတွင် အရေးယူခံခဲ့ရသူဖြစ်သည်။

ယခုအမှုသည် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်တွင် မြစ်ကြီးနား၌ ပြုလုပ်ခဲ့သည့် လူငယ်သပိတ်စခန်း၏ နောက်ဆက်တွဲ တရားစွဲဆိုမှုများထဲမှ တစ်ခုဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက အင်မတန်မှ ကြောက်စရာကောင်းလာပါပြီ။ အခုဟာက ကချင်လူငယ်တစ်ခုတည်း မဟုတ်ဘူး။ လူငယ်ထုအားလုံးကို ခြိမ်းခြောက်လိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ တရားမျှတမှုရှိဖို့နဲ့ လွတ်မြောက်ဖို့အတွက် အားလုံးပါဝင်ပေးကြပါ”ဟု မဆွတ်ဆိုင်းထွယ်က ပြောသည်။

ပြစ်ဒဏ်ချမှတ်ခံရသူသုံးဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး ၎င်းတို့သုံးဦးမှာ အာမခံပေးခံထားရသည့်အတွက် ချုပ်ရက်ခံစားမှုများ ရှိမည်မဟုတ်ဟု ရှေ့နေများထံမှ သိရသည်။

ယနေ့တရားရုံးမှ အမိန့်ချမှတ်အပြီးတွင် အဆိုပါပြစ်ဒဏ်ချမှတ်မှုကို ကန့်ကွက်သည့်အနေဖြင့် တရားရုံးမှ မနောကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည့် မဆွတ်ဆိုင်းထွယ်၊ ကိုဆိုင်းခွမ်အောင်နှင့် ဦးဘရန်မိုင်တို့ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် မြစ်ကြီးနားမြို့မရဲစခန်းက အမှုဖွင့်လိုက်သည်ဟု ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီထံမှ သိရသည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar