၂၁ ရာစု ပင်လုံရလဒ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံတို့အကြား ခြားနားနေသော မူဝါဒများ

မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးကြီးမှာ ပြည်ထောင်စုသဘောတူစာချုပ်မှာ ပါဝင်မည့် အခြေခံမူဝါဒတွေအဖြစ် အချက်ပေါင်း ၃၇ ချက်ကို သဘောတူညီခဲ့ကြပါတယ်။ ဒီမူဝါဒတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်အခြေခံမူတွေနဲ့ ဘယ်လောက်ထိတူညီမှုရှိလဲ၊ ကွဲပြားခြားနားသလဲ၊ မတူညီတာတွေက ဘာတွေပါလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဉာဏ်လှိုင်လင်း ရေးသားသည်။

လက်ရှိအချိန်အထိ တရားဝင် သတ်မှတ်ထားချက်အရ တိုင်းရင်းသား ၁၃၅ မျိုးနေထိုင်ရာ မြန်မာပြည်မှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရမှုအပေါ် အရင်းခံဖြစ်ပွားနေတဲ့ နှစ် ၇၀နီးပါးကြာ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး ဆိုင်ရာ အကြပ်အတည်းတွေ ဖြေရှင်းဖို့ကြိုးစားနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကြီး မေ ၂၉ ရက်နေ့က ပြီးဆုံးခဲ့ပါပြီ။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် (NCA ထိုးပြီးသား)၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ မေ ၂၄ ရက်ကနေ ၂၉ ရက်အထိ ခြောက်ရက်တိုင်တိုင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ နိုင်ငံရေးကဏ္ဍမှာ မူဝါဒ ၁၂ ချက်၊ စီးပွားရေးကဏ္ဍမှာ ၁၁ ချက်၊ လူမှုရေးကဏ္ဍမှာ လေးချက်၊ မြေယာကဏ္ဍမှာ မူဝါဒ ၁၀ ချက်၊ စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်မှာပါဝင်မယ့် အခြေခံမူဝါဒတွေအဖြစ် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ 

ဒီမူဝါဒတွေဟာ ပြင်ဆင်ဖို့တောင်းဆိုခြင်းခံနေရတဲ့ လက်ရှိ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၁ ပါ နိုင်ငံတော်အခြေခံမူများနဲ့ဘယ်လောက်ထိတူညီမှုရှိလဲ၊ ကွဲပြားခြားနားသလဲ၊ မတူညီတာတွေက ဘာတွေပါလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

နိုင်ငံရေး

၂၁ ရာစုပင်လုံမှာ ပထမဆုံးအကြိမ် ချမှတ်နိုင်ခဲ့တဲ့ နိုင်ငံရေး အခြေခံမူဝါဒ ၁၂ ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပါ အခြေခံမူတွေနဲ့ တူညီတာ သုံးချက်၊ အသစ်ပါဝင်တာ နှစ်ချက်၊ အနှစ်သာရကွဲလွဲတာ ခုနစ်ချက် ပါဝင်တယ်လို့ ခွဲခြား တွေ့ရှိရပါတယ်။ 

တူညီတဲ့အချက်တွေကတော့ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်သည်၊ အချုပ်အခြာအာဏာ၏ မဏ္ဍိုင် သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရာစီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုရမည်၊ အဆိုပါအာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်း/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများသို့ ခွဲဝေအပ်နှင်းခြင်းနှင့် ယင်းတို့အကြား ဥပဒေပြုရေးအာဏာ၊ ပူးတွဲအာဏာများကို ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေ အပ်နှင်းပေးရမည် စတာတွေဖြစ်ပါတယ်။

အခြေခံ မူဝါဒထဲမှာ အသစ်ပါဝင်လာတယ်လို့ သတ်မှတ်နိုင်တဲ့ ပထမတစ်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံမူ အခန်းမှာ သီးခြားဖော်ပြထားခြင်းမရှိဘဲ ပုဒ်မ ၅၆ မှာမှ အမည်နာမနဲ့တစ်ကွ သတ်မှတ်ပေးထားတဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာကိစ္စ ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံ ပထမအကြိမ် သဘောတူညီချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေကို တိုင်းရင်းသားလူမျိုးများရဲ့ အမည်နဲ့ ဖွဲ့စည်းရမယ်လို့ ထည့်သွင်းသွားဖို့ရှိပါတယ်။ 

ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေမှာ အခြေခံမူအဖြစ် ဖော်ပြမထားတဲ့ ပြည်ထောင်စုအစိုးရ၊ တိုင်း/ပြည်နယ်အစိုးရ များ ကောက်ခံရရှိထားသော အခွန်ငွေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အရင်းအမြစ်များကို ဥပဒေနှင့်အညီ မျှဝေ ခံစားခွင့်ရှိစေရမည်ဆိုတဲ့ အချက်ကို အခြေခံမူဝါဒအဖြစ်ချမှတ်ဖို့ ပြီးခဲ့တဲ့ ညီလာခံကြီးက သဘောတူလိုက်ပါ တယ်။

တူညီသယောင်ရှိပေမယ့် အနှစ်သာရအားဖြင့် ကွဲပြားမှုရှိတဲ့ အချက်တွေကတော့ တိုင်းရင်းသားလူမျိုးတို့ရဲ့ ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန်ကူညီရမယ်လို့ လက်ရှိ ဖွဲ့စည်းပုံရဲ့ အခြေခံမူမှာ ပါဝင်ပေမယ့် ညီလာခံကြီးကတော့ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူရည်တူ အခွင့်အရေးရှိရမယ်၊ ထိန်သိမ်းကာကွယ်မြှင့်တင်ခွင့်ရှိရမယ်လို့ သဘော တူထားပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမူမှာ “နိုင်ငံတော်ကို ပြည်ထောင်စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ရှိရင်းစွဲ တိုင်း ခုနစ် ခု၊ ပြည်နယ် ခုနစ်ခုဖြင့် ဖွဲ့စည်းသည်” လို့အဓိပ္ပါယ်ရတဲအချက်တွေကို ပြဋ္ဌာန်းထားပေမယ့် ညီလာခံသဘော တူညီချက်အရ ဖြစ်လာမယ့် အခြေခံမူဝါဒမှာတော့ ပြည်ထောင်စုနဲ့ တိုင်းပြည်နယ်စတဲ့ စကားလုံးတွေရဲ့ရှေ့မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောဆိုတဲ့ စကားရပ်နဲ့ အညွှန်းပြုတော့မှာ ဖြစ်ပါတယ်။

ညီလာခံသဘောတူညီချက်ရဲ့ တိုင်း/ ပြည်နယ်များကို အာဏာ သုံးရပ်အပ်နှင်းဖို့ကိစ္စမှာ ၂၀၀၈ အခြေခံဥပဒေ သက်ဆိုင်ရာအခန်းများမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ တူသယောင်ယောင်ရှိပေမယ့် ဥပမာ လက်ရှိအခြေခံဥပဒေ အုပ်ချုပ်ရေး အာဏာခွဲဝေမှုအရ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ခွင့်ကို သမ္မတထံပေးထားရာကနေ နောင်ဆက်လက်ကျင်းပမယ့် ညီလာခံတွေရဲ့ သဘောတူညီတွေအရ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကိုယ်တိုင် ရွေးချယ်ခွင့်ရှိလာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။

၂၁ ရာစုပင်လုံ ဒုတိယညီလာခံတွင် သဘောတူညီချက်ရရှိခဲ့သည့်အချက်များကို အစုအဖွဲ့ခေါင်ဆောင်များက ညီလာခံနောက်ဆုံးနေ့ဖြစ်သည့် မေ ၂၉ ရက်နေ့၌ လက်မှတ်ရေးထိုးနေကြစဉ်။ ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

၂၁ ရာစုပင်လုံ ဒုတိယညီလာခံတွင် သဘောတူညီချက်ရရှိခဲ့သည့်အချက်များကို အစုအဖွဲ့ခေါင်ဆောင်များက ညီလာခံနောက်ဆုံးနေ့ဖြစ်သည့် မေ ၂၉ ရက်နေ့၌ လက်မှတ်ရေးထိုးနေကြစဉ်။ ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

အနှစ်သာရအားဖြင့် ကွဲပြားနေတဲ့ နောက်တစ်ချက်ကတော့ ပြည်ထောင်စုနဲ့ တိုင်းပြည်နယ် အကြား၊ တိုင်းနဲ့ ပြည်နယ်အချင်းချင်းအကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေဖြေရှင်းရမယ့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ဖို့ကိစ္စပါ။

၂၀၀၈ ဖွဲ့စည်းပုံမှာ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကိုပါ ကိုင်တွယ်ဖို့ ဖော်ပြထားပေမယ့် ၂၁ ရာစုပင်လုံ ညီလာခံရဲ့ ပထမအကြိမ် သဘောတူညီချက်မှာတော့ ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ်တွေအတွက်သာ မူချထားတာတွေ့ရပါတယ်။

ဒါ့အပြင် ၂၀၀၈ မူမှာမပါတဲ့ သီးခြားလွတ်လပ်သောဆိုတဲ့ အညွှန်းပြုမှုနဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ရမယ်လို့ ညီလာခံက သဘောတူ ဆုံးဖြတ်ထားပါသေးတယ်။ အနှစ်သာရကွဲပြားနေတဲ့ နောက်ဆုံး နှစ်ချက်ကတော့ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေပါ။

လက်ရှိအခြေခံဥပဒေမှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဒီလိုထွန်းကားဖို့ ပါတီများ စနစ်တကျဖွဲ့စည်းနိုင်ရန်လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းရမယ်ဆိုတဲ့ မူဝါဒတွေရဲ့နေရာမှာ ညီလာခံ သဘောတူညီချက်အရ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်ဆိုတဲ့ အခြေခံမူ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ရှိပါတယ်။

စီးပွားရေး

ဈေးကွက်စီးပွားရေးကို ဦးတည်မယ့်မူဝါဒကတော့ ၂၀၀၈ အခြေခံဥပဒေရော ၂၁ ရာစုပင်လုံညီလာခံရဲ့ ပထမအကြိမ် သဘောတူဆုံးဖြတ်ချက်မှာပါ အတူတူပါပဲ။ ဒါ့အပြင် ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ့် စီးပွားရေးလုပ်ဆောင်မှုတွေကို တားဆီးဖို့ စတာတွေလည်း သဘောသဘာဝအားဖြင့် တူညီပါတယ်။

ဒါပေမယ့် ပြည်ထောင်စု၊ တိုင်း/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတွေ ဖွံ့ဖြိုးရေးကိစ္စတွေမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကူညီဆောင်ရွက်ရမည်လို့သာပါပေမယ့် ညီလာခံသဘောတူညီချက်မှာတော့ ဒီထက်ပိုပြီး အသေးစိတ်တဲ့ မူဝါဒတွေချမှတ်ဖို့ တစ်ပါတည်း ထည့်ရေးထားတာတွေ့ရပါတယ်။

ဥပမာအားဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်ထောင်စု၊ တိုင်း/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသတွေအကြား ညှိနှိုင်းပူးပေါင်းပြီး ဒေသဆိုင်ရာဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲဖို့ဆိုတာမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က စီးပွားရေးလက်ဝါးကြီးအုပ်မှုမျိုးမဖြစ်စေဖို့ ၂၀၀၈ အခြေခံ ဥပဒေမှာ တားဆီးကာကွယ်ရမယ်လို့သာ ပါဝင်ပေမယ့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကြီးကတော့ ဒီလိုတွေမဖြစ်ဖို့ ဥပဒေပြဋ္ဌာန်းရမယ်လို့ ပိုပြီးတိကျတဲ့မူဝါဒမျိုးကို ချမှတ်ထားခဲ့ပါတယ်။

အဲဒီလိုပါပဲ ၂၀၀၈ ဖွဲ့စည်းပုံမှာ အခြေခံမူအဖြစ် မပါဝင်တဲ့ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖော်ဆောင်နိုင်ဖို့ ခိုင်မာတဲ့ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းရေး၊ ပကတိအခြေအနေတွေဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးမှု ကွာဟချက်များ လျှော့ချနိုင်ရေးတို့အတွက် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်တူညီမျှသော အခွင့်အလမ်းများရရှိရေးစတဲ့ အခြေခံမူဝါဒတွေကို ညီလာခံက သဘောတူထားပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ ၂၀၀၈ မှာ အခြေခံမူအဖြစ်မပါတဲ့ ပြည်ထောင်စုအစိုးရနဲ့ တိုင်း/ပြည်နယ် ၊ အစိုးရများအကြား ဘဏ္ဍာငွေနဲ့ အခွန်ငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေရန်ဆိုတဲ့အချက်၊ ပြည်ထောင်စု၊ တိုင်း/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသအကြား စီးပွားရေးကိစ္စတွေမှာ တန်းတူ အခွင့်အလမ်းရဖို့ဆိုတဲ့ အချက်တွေပါပဲ။

ဒါ့အပြင် စီးပွားဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာ ခွဲဝေရန်၊ စီးပွားရေး စီမံကိန်းများ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ပြည်တွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွဲဆောင်မှုရှိတဲ့ အစီအမံတွေချဖို့ဆိုတဲ့ အချက်တွေကို  ညီလာခံက ချမှတ်ထားပါတယ်။ 

ဒါပေမယ့် နောင်ကျင်းပမယ့်ညီလာခံတွေမှာ ဒီမူဝါဒတွေကို ဘယ်လိုအကောင် အထည်ဖော်မယ်ဆိုတဲ့ အသေးစိတ် အစီအမံချမှတ်တာတွေကိုတော့ ဆက်လက်စောင့်ကြည့်ဖို့လိုပါသေးတယ်။

လူမှုရေး

ဒီကဏ္ဍတစ်ရပ်လုံးအတွက် ၂၁ ရာစုပင်လုံက ပထမအကြိမ်ချမှတ်လိုက်တဲ့သဘောတူညီချက် လေးချက်အနက် တစ်ချက်သာ ၂၀၀၈ ဖွဲ့စည်းပုံပါ အခြေခံမူပါ အနှစ်သာရတွေနဲ့ တူသယောင်ယောင်ရှိပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ အချက်အချို့သာ အဓိပ္ပာယ်ဆင်တူနီးပါးရှိနေတာမျိုးပါ။ 

၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခြေခံမူမှာ အမျိုးသမီး၊ ကလေးသူငယ်တွေစောင့်ရှောက်ဖို့ ပြဋ္ဌာန်းချက်အချို့ ပါဝင်ပေမယ့် ညီလာခံကြီးကတော့ သူတို့တွေအပြင် သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေကိုပါ ထည့်သွင်းသတ်မှတ်ပြီး သူတို့ရဲ့ အခြေခံရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ ခွဲခြားမှုမရှိစေဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ဖို့နဲ့ လူမှုဘဝမြှင့်တင်ဖို့ ဆုံးဖြတ်ထားပါတယ်။

ကျန်တဲ့သုံးချက်ကတော့ လက်ရှိအခြေခံဥပဒေမှာ လုံးဝမပါဝင်တဲ့ ကိစ္စတွေပါ။ လက်နက်ကိုင်ပဋိပက္ခတွေ၊ လူတို့ရဲ့ ပြုမူဆောင်ရွက်မှုနဲ့ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ဒုက္ခသည်များနဲ့ ပြည်တွင်းနေရပ်စွန့်ခွာ နေရသူများကို ခွဲခြားဆက်ဆံခြင်းပြုဖို့၊ ရေရှည်ရှင်သန်ရပ်တည်ရေး အစီအမံများချမှတ်ဖို့နဲ့ သူတို့တွေ သွားရောက်လိုတဲ့ ဒေသတွေမှာ လူ့ဂုဏ်သိက္ခာနဲ့အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်ခွင့်ရဖို့ဖြစ်ပါတယ်။

ဒါ့အပြင် မူူးယစ်ဆေးဝါးဆိုင်ရာကိစ္စကိုလည်း အမျိုးသားရေးပြဿနာ၊ နိုင်ငံရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ပြဿနာအဖြစ် သတ်မှတ်လို့ ထိရောက်စွာ တားဆီးကာကွယ်၊ တိုက်ဖျက်နိုင်တဲ့ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် စီမံချက်ချဖို့ ဆိုတဲ့မူဝါဒဟာလည်း ၂၁ ရာစုပင်လုံ ပထမအကြိမ်သဘောတူညီချက်မှာ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များ ဆွေးနေနေကြစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များ ဆွေးနေနေကြစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြေယာနှင့် သဘာဝပတ်ဝန်းကျင်

၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခြေခံမူမှာတော့ ဒီကဏ္ဍနဲ့ပတ်သက်ပြီး နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရန် ဥပဒေပြဋ္ဌာန်းရမည်၊ ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန်ကူညီရမည်ဆိုတဲ့ သုံးကြောင်းသာပါဝင်ပေမယ့် ၂၁ ရာစု ပင်လုံ ပထမအကြိမ် သဘောတူညီချက်မှာကတည်းက ဒီကဏ္ဍမှာ ၁၀ ချက်ပါဝင်တာတွေ့ရပါတယ်။

ပြည်သူဗဟိုပြု ဖွံ့ဖြိုး တိုးတက်မှု မြေယာမူဝါဒဖြစ်စေရန်၊ သင့်တော်မျှတ၍ တရားနည်းလမ်းကျမှုကို အခြေခံရန်၊ ဗဟိုထိန်းချုပ်မှု လျှော့ချသည့်မူဝါဒများဖြစ်စေရန်၊ မြေယာမူဝါဒကို လူ့အခွင့်အရေး၊ နိုင်ငံတကာ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနှုန်းများ ထည့်သွင်းရေးဆွဲရန်၊ မူဝါဒများချမှတ်ရာတွင် တောင်သူလယ်သမားတို့၏ လိုလားချက်များကို ဦးစားပေး၍ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံသားတိုင်း မြေယာဥပဒေနှင့်အညီ မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး အမျိုးသမီးနှင့် အမျိုးသား တန်းတူညီမျှဖြစ်စေရန်၊ လုပ်ပိုင်ခွင့်ချထားပေးသော မြေယာကို မူလရည်ရွယ်ချက်အတိုင်း သတ်မှတ် ကာလတွင် လုပ်ကိုင်နိုင်ခြင်းမရှိလျှင် နိုင်ငံတော်က ပြန်လည်ရယူရန်နှင့် အမှန်တစ်ကယ် လုပ်ကိုင်လိုသူများကို ပြန်လည်ချထားပေးရေးဆောင်ရွက်ရန် စတာတွေလည်းပါဝင်ပါတယ်။

အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံတစ်ရပ်ကိုလည်း ချမှတ်ထားခဲ့ပြီး လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းဝင် အမွေအနှစ်နဲ့ တိုင်းရင်းသားလူမျိုးများအထွဋ်အမြတ်ထားသော မြေများ ထိခိုက်ပျက်စီးမှုမရှိစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။

အဖြေမရှိသေး

၂၁ ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးကနေ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေအဖြစ် အထက်မှာ ဖော်ပြထားတဲ့ ပထမအကြိမ် သဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်တင်ပြပြီး အတည်ပြုချက်ယူတော့မလား၊ သဘောတူညီချက်အားလုံးစုံမှ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်မလားဆိုတဲ့ အဖြေကတော့ မရှိသေးပါဘူး။

ဒါကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်(အပစ်ရပ်စာချုပ် NCA ထိုးထားသော) ၊ နိုင်ငံရေးပါတီစတဲ့ အစုအဖွဲ့စုံပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)က ဆွေးနွေး ဆုံးဖြတ်ရဦးမှာပါ။

ခြောက်လတစ်ကြိမ်ကျင်းပဖို့ ဆုံးဖြတ်ထားတဲ့ နောက်တစ်ကြိမ်ညီလာခံမတိုင်မီ ဒီကိစ္စအပြင် ဒေသအသီးသီးမှာ အကြောင်းအရာ၊ လူမျိုး၊ ဒေသ စတဲ့ ခေါင်းစဉ်တွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းဖြစ်လာနိုင်တဲ့ အချက်တွေကို တတိယညီလာခံကို တင်သွင်းဆုံးဖြတ်နိုင်ဖို့ကိစ္စကိုလည်း UPDJC က စီမံဆောင်ရွက်ရဖို့ရှိပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒါ့အပြင် ရရှိလာတဲ့ ပြည်ထောင်စု သဘောတူညီချက်အစိတ်အပိုင်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ အတည် ပြုတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှာလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ် ရေးဆွဲမှာလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ညီလာခံ တတိယနေ့ မေ ၂၆ရက် အားလပ်ချိန်မှာ တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှုူးကြီး ဇော်မင်းထွန်းကို Frontier က မေးမြန်းကြည့်ရာမှာတော့ “၂၀၀၈ အခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ အတိုင်းပဲ ကျွန်တော်တို့က ဆက်လုပ်သွားပါမယ်” လို့ ပြန်ဖြေပါတယ်။

၂၀၀၈ အခြေခံဥပဒေရဲ့ အခန်း ၁၂ ဖွဲ့စည်းပုံပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအရ အခြေခံမူတွေအပါအဝင် စုစုပေါင်း ၉၅ ချက်ကိုပြင်ချင်ရင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် အမတ် စုစုပေါင်းရဲ့ ၂၀ ရခိုင်နှုန်းက ဥပဒေကြမ်းအဖြစ်တင်သွင်း၊ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပါမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၊ ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်မဲရမှ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

တပ်မတော်၊ အာဏာခွဲဝေမှုစတာတွေမပါဝင်တဲ့ ကျန်တဲ့ပုဒ်မ ၃၆၂ ခုကို ပြင်ချင်တယ်ဆိုရင်တော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်အမတ် စုစုပေါင်းရဲ့ ၂၀ ရခိုင်နှုန်းက ဥပဒေကြမ်းအဖြစ် တင်သွင်း၊ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရင် ပြင်ဆင်နိုင်ပါတယ်။

ညီလာခံကိုယ်စားလှယ်လည်းဖြစ်၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ပြည်ထောင်စုသဘောတူညီချက် ရလာရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမှာပါပဲလို့  မေ ၂၄ ရက်မှာ စတင်တဲ့ ညီလာခံမစတင်ခင်  Frontier ကိုပြောထားပါတယ်။

ပလောင် (တအာင်း) ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/ TLNA) ဒုတိယ တာဂျုတ်ဂျားကတော့ “ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ သွားမယ်ဆိုရင် ဒါကောင်းတဲ့ လက္ခဏာထွက်မှာ မဟုတ်ဘူး”လို့ Frontier ကို မှတ်ချက်ပြုထားပါတယ်။

ဒါပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၊ UPDJC၊  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အစည်းအဝေးစတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ တပ်မတော်ဖက်က ကိုယ်စားလှယ်တွေ ပါဝင်ဆုံးဖြတ်နေတာမို့ ရလာတဲ့ ရလဒ်တွေဟာ တပ်မတော်ဖက်က သဘောတူပြီးသား အချက်တွေလို့ ပြောလို့ရတဲ့ အခြေအနေတော့ ရှိပါတယ်။

ခေါင်းစီးဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar